ရခိုင်စစ်ရှောင်ကလေးငယ်များအတွက် ပညာရေး အကူအညီများ လိုအပ်နေ




3.8K
ကျောင်းတွေပြန်ဖွင့်ပေမယ့် ရခိုင်ဒုက္ခသည်စခန်းတချို့က ကျောင်းသူကျောင်းသား ၄၀၀ လောက်ဟာ ပညာရေး အကူအညီအထောက်ပံ့တွေ လိုအပ်နေဆဲဖြစ်ပြီး ကျောင်းမတက်ရသေးတဲ့ ကလေးတွေလည်း ရှိနေပါသေးတယ်။
ရခိုင်ပြည်နယ်အတွင်း စစ်ဘေးရှောင်ဒုက္ခသည်စခန်း ၁၁ ခုထဲမှာ လူဦးရေ ၁၈၇၈ ဦး ရှိနေပြီး သူငယ်တန်းကနေ ၇ တန်းအထိ ကလေးသူငယ် ၃၈၄ ဦး ရှိနေပါတယ်။
ကျောင်းသူကျောင်းသားတွေအတွက် ကျောင်းသုံးဗလာ စာအုပ်နဲ့ ကျောင်းစိမ်းဝတ်စုံတွေ အရေးတကြီး လိုအပ်နေတယ်လို့ စစ်ဘေးရှောင်တွေကို ကူညီထောက်ပံ့ပေးနေတဲ့ သင်္ဂဟကမ်းလက်ရက္ခိတအဖွဲ့ ဥက္ကဋ္ဌ ကိုအမ်းသားကြီးက ပြောပါတယ်။
“လတ်တလော အခက်အခဲက ကျောင်းအသုံးဆောင်တွေ အရေးတကြီး လိုအပ်နေပါတယ်။ အခုကျောင်တွေဖွင့်ပေမယ့် တစ်ချို့ဒုက္ခသည်စခန်းက ကလေးတွေ ပညာသင်ခွင့်မရသေးဘူး။ ဒုက္ခသည်စခန်း ၁၁ တခုမှာ မူလတန်းကနေ ၇ တန်းအထိ ကျောင်းသူကျောင်းသား ၄၀၀ နီးပါရှိပါတယ်။ ဆရာမတွေလည်း လိုအပ်နေတယ်။ ဘူသီးတောင်မြို့နယ် စေတောင်ဒုက္ခသည်စခန်းမှာဆိုရင် ဆရာမတစ်ယောက်ပဲရှိပါတယ်။ ကျောင်းသားတွေက အများကြီးဖြစ်နေတယ်။”
ပဲသဒူဒုက္ခသည်စခန်းက ကလေးတွေကို စာသင်ပြနေတဲ့ ကျောင်းဆရာမတဦးက လက်ရှိကြုံတွေ့နေရတဲ့ အခက်ခဲကို အခုလို ပြောပါတယ်။
“ညီမတို့ဘက်မှာတော့ ကျောင်းသားတွေ တအားများတော့ ကျောင်းမှာ မဆန့် ဘူးဖြစ်နေပါတယ်။ တိုးချဲ့အဆောင်တွေ လိုအပ်နေပါတယ်။ လောလောဆယ်မှာ အလယ်တန်းတွေ ရပ်ထားရတာတွေ ရှိပါတယ်။ တချို့ဒုက္ခသည်စခန်းက စာမသင်ရတဲ့ ကလေးတွေရှိတယ်။ သူတို့ကျောင်းတက်နိုင်ရေးကို ကယ်ဆယ်ရေးအဖွဲ့တွေ လုပ်ဆောင်နေတယ်။”
ဘူးသီးတောင်မြို့နယ် စေတောင်ဒုက္ခသည်စခန်းမှ ဒေါ်လှမေစိန်က “ကျမသားလေးတော့ ၄ တန်းပါ။ ကျောင်းတော့ထားပါတယ်။ ကျောင်းဝတ်စုံနဲ့မဟုတ်ဘူးပေါ့။ ဒီမှာက တချို့ကလေးတွေ ကျောင်းမတက်ရသေးတာ ရှိနေတယ်။ ကယ်ဆယ်ရေးအဖွဲ့တွေကတော့ အရင်တပတ်လောက်က ရောက်လာပါတယ်။ စားဖို့သောက်ဖို့တချို့ ပေးခဲ့ပါတယ်။ ကျောင်းသုံးပစ္စည်းတွေ မပါဘူးပေါ့လေ။ အစ်မတို့က ဒီမှာလုပ်စားဖို့အခြေအနေတော့ မရှိသေးဘူး။ ရှေ့မှာဘာဖြစ်လာမယ်လဲ မသိဘူး။ ကိုယ့်ရွာကိုပြန်လို့မရဘူး။ ပြန်ချင်တယ်။ မပြန်ရဲဘူးဖြစ်နေပါတယ်” လို့ ပြောပါတယ်။
ရခိုင်ပြည်နယ်အတွင်း စစ်ရှောင်ကျောင်းသူကျောင်းသားတွေအတွက် အကူညီတွေလိုအပ်နေတာနဲ့ ပတ်သက်ပြီး ပညာရေးမှူးရုံး ဒုလက်ထောက် ဦးစိန်ထွန်းလှက ကျောင်းအသုံးဆောင်တွေကို အတတ်နိုင်ဆုံး ပံ့ပိုးပေးနေတယ်လို့ ဒီဗွီဘီကို ပြောပါတယ်။
“ပထမအသုတ်ကို ကျနော်တို့ ဒုက္ခသည်စခန်းအတွက် စာသင်ခုံ ၁၀၀ ပို့ထားပါတယ်။ နောက်တခါ စစ်ရှောင်ဒုက္ခသည်တွေ ကျောင်းသူကျောင်းတွေ ခုံတွေ လုပ်ခိုင်းပါတယ်။ ကျောင်းဝတ်စုံကိုလည်း ဖြန့်ပေးထားပြီးပါပြီ။ ၀တ်စုံတွေလည်း မလောက်ဘူးဖြစ်ပါတယ်။ ကျောင်းအသုံးဆောင်တွေကို ကျွန်နော်တို့ဘက်က အတက်နိုင်ဆုံးပံ့ပို့ပေးပါတယ်။ အားလုံးလောက်အောင်တော့ မပေးနိုင်သေးပါဘူး။ ကျနော်တို့က အထက်ကိုတင်ပြထားပါတယ်။ ပြီးမှ ဒါတွေပြည့်စုံဖြစ်အောင် ထုတ်ပေးရပါလိမ့်မယ်။”
ရခိုင်ပြည်နယ်မှာ ပုဏ္ဍားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ ကျောက်တော် စတဲ့မြို့နယ်တွေမှာ ဒုက္ခသည်စခန်း ၁၁ ခု ဖွင့်လှစ်ထားပြီး ဒုက္ခသည်ဦးရေ ၁၈၇၈ ဦးရှိနေပါတယ်။
အဲ့ဒီဒုက္ခသည် စခန်း ၁၁ ခုမှာရှိတဲ့ ကလေးတွေဟာ အနားကရွာတွေမှာရှိတဲ့ မူလတန်းနဲ့ အလယ်တန်းကျောင်းတွေမှာ တက်နေကြရပါတယ်။
သတင်းနှင့်ဓာတ်ပုံ - ၀ဏ္ဏခွာညို