မူဝါဒ ကောင်းတစ်ရပ် ပေါ်ပေါက်တဲ့ ဖြစ်စဉ် နဲ့ ၀န်းကျင်

မိတ်ဆွေများ သို့ အိတ်ဖွင့်ပေးစာ (၂) တင်မောင်သန်း ဒေါက်တာတင့်ဆွေ သို့ မူဝါဒ ကောင်းတစ်ရပ် ပေါ်ပေါက်တဲ့ ဖြစ်စဉ် နဲ့ ၀န်းကျင် အစ်ကိုလေးရေ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရအသစ်မှာ မူဝါဒ ပီပီပြင်ပြင် မရှိဘူးလို့ စင်ကာပူ ပွဲတက် ပညာရှင်တွေက ဝေဖန်ကြတယ်။ ဝေဖန်နိုင်ပါတယ်။  ဒါပေမယ့် အစိုးရတစ်ရပ်မှာ မူဝါဒတစ်ရပ် ပီပီပြင်ပြင် ရှိဖို့ လိုတယ်ဆိုတာ ဆီသည်မ လက်သုတ် အမြင် ဖြစ်လို့ ဒီစကားကို ထပ်တလဲလဲ ရွတ်နေတဲ့ ပညာရှင်ဟာ ဆီသည်မ လက်သုတ် ပညာရှင်ထက် မပိုနိုင်ဘူး။ ကျွန်တော်တို့ ကျောင်းသားဘ၀က မန္တလေးမှာ အငြိမ့် လူပျက်တွေက အင်္ဂလိပ်စကားလုံး ပေါ်လစီကို ပေါ်စလီ လို့ ပျက်လုံးထုတ်ကြတာ အကိုလေး မှတ်မိမှာပေါ့။  အဲဒီ အသုံးအနှုန်းကို ယူသုံးပြီး တနည်းပြောရမယ်ဆိုရင် အဲဒီ ပညာရှင် ဟာ ဆီသည်မလက်သုတ် စင်တင် ပေါ်စလီ ပညာရှင်ထက် မပိုဘူး အစ်ကိုလေး။ ဘာကြောင့်လဲ။  ကျွန်တော်တို့ မှာ မူဝါဒကောင်းတစ်ရပ် ပေါ်ပေါက်နိုင်တဲ့ ဖြစ်စဉ် နဲ့ ပတ်ဝန်းကျင်ကောင်းမှ မရှိတာကိုး။  အဲဒီ ဖြစ်စဉ် နဲ့ ပတ်ဝန်းကျင်တွေ ကို အာဏာသိမ်း စစ်ဗိုလ်ချုပ်ကြီးတွေက ဖျက်ဆီးခဲ့ပြီးမှကိုး။ မူဝါဒ ချမှတ်တာ က ‘ငါ့သဘော’ ဖြစ်ပြီး၊ ဗျူရိုကရေစီ လို့ ပြောတဲ့ ပြည်သူ့ဝန်ဆောင်မှု ယန္တရားက အနှစ်သာရသဘောအားဖြင့် ‘ခိုင်းတာလုပ်’ ယန္တရား ဖြစ်တာ အစ်ကိုလေးလည်း သိပါတယ်။ ဒါကြောင့် ညွှန်ကြားရေးမှူးချုပ် တချို့ က ကျွန်တော့် ကို ပြောကြပါတယ်။  ကျွန်တော်တို့ က ‘စာရေးကြီးသာသာပါ’ တဲ့။  အဲဒီတော့ ၀န်ထမ်းတွေ က ‘အမိန့်စောင့် ၀န်ထမ်း’ တွေ ဖြစ်ခဲ့ကြရတာ ဘာဆန်းသလဲ အစ်ကိုလေးရာ။  ၀န်ထမ်းတွေကြောင့် မဟုတ်ဘူး။ စနစ်ကြောင့် ဒါတွေ ဖြစ်ရတာပါ။ ဖြစ်ရပ်လေးတစ်ခု ကို သတိရမိပါရဲ့ အစ်ကိုလေးရေ။ ၂၀၁၂ ဖေဖော်ဝါရီလ မှာ မြန်မာပြည်ကို ကျွန်တော်တို့ ပြန်ဝင်လာပြီးတဲ့နောက် အီးဂရက်စ် က ဦးလှမောင်ရွေ တို့ ခေါ်သွားလို့ နေပြည်တော် က အသေးစားအလတ်စား လုပ်ငန်းများ မူဝါဒ အလုပ်ရုံဆွေးနွေးပွဲ ကို လေ့လာခွင့်ရပါတယ်။ ၀င်ဆွေးနွေးပါ လို့ တိုက်တွန်းတာနဲ့ ကျွန်တော် ၀င်ဆွေးနွေးပါတယ်။ ကျွန်တော်လည်း ထိုင်လိုက်ရော၊ ကျွန်တော့်ဘေး မှာ ထိုင်နေတဲ့ အခြား ၀န်ကြီးဌာန က ညွှန်မှူးတစ်ယောက် က ကျွန်တော့် ကို ပြောတယ်လေ .. သိပ်အလေးအနက်မထားပါနဲ့ ဆရာတဲ့။  ခု ပြောနေတဲ့ မူဝါဒ ဆိုတာကလည်း နောက် ၂ နှစ် ၃ နှစ် ကြာရင် ဘာမှ မဟုတ်တော့ဘူးတဲ့ အစ်ကိုလေးရာ။  ဂျာမန်အစိုးရ နဲ့ ဆက်နွယ်နေတဲ့ အဖွဲ့ ဂျီအိုင်ဇက်က ဦးစီး ဖော်ထုတ်ပေးနေတဲ့ အလုပ်ရုံဆွေးနွေးပွဲဗျ။  မူဝါဒ အပေါ် ယုံကြည်ပုံများ ပြောပါတယ်။  ဒါ လွန်ခဲ့တဲ့ ၄ နှစ် က။ ၂၀၁၃ နှစ်၊ အောက်တိုဘာလ ထင်ပါရဲ့ အဲဒီ က စပြီး ပညာရေး မူဝါဒအတွက် အလုပ်အဖွဲ့တွေ ဖွဲ့ပြီး ဆောင်ရွက်ကြပါတယ်။  ကျွန်တော် နာမည် မပြောတော့ဘူး အစ်ကိုလေးရာ .. အရပ်ဘက် က၊ တက္ကသိုလ် မှာ ဆရာလုပ်ခဲ့ဖူးတဲ့ အရာရှိကြီး တစ်ယောက် ကို မေးကြည့်တယ် .. ခုလုပ်နေတာ ဘယ်လို ထင်သလဲလို့။ ထုံးစံအတိုင်း နေမှာပါ ဆရာ ရာ လို့ ပြောတယ်ဗျ။  မူဝါဒ ကိစ္စ ဆိုတာ အင်မတန် ပျင်းရိညည်းငွေ့စရာ ကောင်းပြီး၊ တကယ်လည်း ဖြစ်လာမှာ မဟုတ်တဲ့ အနှစ်မဲ့ ကိစ္စတွေလို့ အဲဒီတုန်းက နားလည်ကြပေတာပေါ့။  အဲဒါ ကို အင်္ဂလိပ် လိုတော့ blah .. blah လို့ ပြောတယ် မဟုတ်လား အစ်ကိုလေး။  မြန်မာလို အသံ ဖလှယ်လိုက်ရင် အဲဒီ မူဝါဒ ထုံးစံကိစ္စကြီး ကို “ဗလာ .. ဗလာ” လို့ ဆိုရပေမှာပေါ့။ အဲဒီ ဗလာ၊ ဗလာ စနစ်ကြီး ကို ခုလို ယှဉ် ပြနိုင်မယ် ထင်ပါရဲ့။ အုပ်ချုပ်မှုကောင်းအစဉ် အားနည်း (သို့) မရှိ စစ်အစိုးရ အောက် က စခဲ့ပြီး၊ ခုထိ လွှမ်းနေဆဲ စနစ် မှာ မူဝါဒ ဟာ ၀န်ကြီး ကိစ္စ လို့ ပဲ ၀န်ထမ်းတွေ က သဘောထားကြပါတယ်။ ဒါ .. ဟုတ်တော့လည်း ဟုတ်တယ် အစ်ကိုလေးရ။  ယေဘုယျအားဖြင့်တော့ ဘယ်နိုင်ငံမှာပဲဖြစ်ဖြစ် ၀န်ကြီး က မူဝါဒ ကို နောက်ဆုံး ဆုံးဖြတ်တာကိုး။  ဒီ ဗလာ .. ဗလာ စနစ် နဲ့ အုပ်ချုပ်မှုကောင်း ရဲ့ ကွာခြားချက်ကတော့ လက်တွေ့အကောင်အထည်ဖော်ရာမှာ လုပ်ထိုက်မလုပ်ထိုက် နဲ့ အကျိုးရှိမရှိ ဆန်းစစ်တာပါပဲ။  ၀န်ကြီးကလည်း နိုင်ငံရေး အရ၊ သူလုပ်ချင်တာ အပေါ် ဗျူရိုကရေစီ က အဲဒီလို ဆန်းစစ်ပေးတာ ကို လက်ခံသလို၊ ဗျူရိုကရေစီမှာလည်း အဲဒီလို ဆန်းစစ်ပေးနိုင်တဲ့ ဖွဲ့စည်း တည်ဆောက်ပုံ၊ စနစ် နဲ့ လုပ်ရည်ကိုင်ရည်တွေ ရှိပြီး ဖြစ်နေတတ်ပါတယ်။ ကျွန်တော်တို့ ဆီမှာ အဲဒီ ဆန်းစစ်တဲ့ ဖြစ်စဉ် က ဗျူရိုကရေစီ မှာ မရှိဘူး။  ရှိတယ်ဆိုရင်တောင် အားနည်းလွန်းလှတယ်လို့ ပြောရမှာပါ။  မူဝါဒတစ်ရပ် ကနေ လက်တွေ့အကောင်အထည်ဖော်တဲ့ ဖြစ်စဉ်ကို ခုလို ပုံ နဲ့ ပြ ဖော်ပြနိုင်မယ် ထင်ပါတယ်။ အစ်ကိုလေးရေ .. ဖြစ်နေခဲ့တာကတော့ ၀န်ကြီးက ဒါ ဖြစ်ချင်တယ် ပြောလိုက်တာနဲ့ တန်း အကောင်အထည် ဖော်ရတော့တာပါပဲ။  ခုတော့ ၀ိုင်းစဉ်းစားကြတဲ့ အဆင့် ကို ရောက်လာပြီ လို့ မျှော်လင့်ရပေမယ့်၊ အားကောင်းပုံတော့ မရသေးပါဘူး။  အထက်မှာ ၀ိုင်းစဉ်းစားတာ ကနေ အင်္ဂါစုံအောင် ရွေ့ဖို့ လိုပါသေးတယ်။  မူဝါဒကောင်းတစ်ရပ် ချမှတ်နိုင်ဖို့ ဆိုရင်၊ နိုင်ငံရေး အဆင့် အစိုးရ (၀န်ကြီး)၊ ဗျူရိုကရေစီ နဲ့ လူထု ကြား အပြန်အလှန် ပြောဆိုနိုင် ဆက်ဆံ အလုပ်လုပ်နိုင်တဲ့ တည်ဆောက်ပုံတွေ၊ ယန္တယားတွေ ရှိဖို့ လိုပါတယ်။  ပြီးခဲ့တဲ့ အစိုးရ လက်ထက်မှာ ဌာနတွေ အနေနဲ့ လူထု အသံတွေကို နားထောင်ဖို့ အထက်ကခိုင်းတဲ့ အသံတွေကျယ်လောင်ခဲ့ပေမဲ့၊ ကိုယ့်ဌာနအတွင်း က ၀န်ထမ်းတွေ ရဲ့ အသံကိုတော့ အထက်အဆင့်ဆင့် က နားထောင်ဖို့ စိတ်ဝင်စားမှု ကို မရှိခဲ့ဘူး လို့ အဆင့်အသီးသီးက ၀န်ထမ်းတွေက ပြောကြတာကို ကျွန်တော် အများကြီး ကြားခဲ့ရတာပေါ့ အစ်ကိုလေးရာ။ လူထု က ရချင်တဲ့ ၀န်ဆောင်မှု က အထက် မှာ ကျွန်တော်ဆွေးနွေးဖော်ပြခဲ့တဲ့ ဖြစ်စဉ် ရဲ့ ရလဒ်သာ ဖြစ်ပါတယ်။  ခု စင်ကာပူ မှာ ဝေဖန်တယ် ဆိုတဲ့ မူဝါဒ ဆိုတာ က အစသာရှိသေးတာပါ။ ပညာရှင်တွေ က ဝေဖန်ကြတဲ့အခါ၊ အဲဒီ ဖြစ်စဉ် တစ်ခုလုံး ပျောက်နေတာ ကို မေ့နေကြပုံရပါတယ်။ တကယ်တော့ မြန်မာနိုင်ငံ က အနောက်ကျကြီးကျခဲ့တာမို့ မူဝါဒရေးရာ နဲ့ ပြောရရင်၊ အစိုးရ တစ်ခု နဲ့ တစ်ခု သိပ်ကွာခြားမယ် လို့ ကျွန်တော် မထင်ပါဘူး အစ်ကိုလေး။  ကွာခြားနိုင်တာကတော့ ဖြစ်စဉ်တည်ဆောက်ရေး အပိုင်းပါပဲ။  ဒါပေမယ့် အဲဒီလို ဖြစ်စဉ်တည်ဆောက်ဖို့ ဆိုရင် ၀န်ထမ်းတွေ ရဲ့ ယုံကြည်မှု ထူထောင်ရေး က အဓိက ကျလှပါတယ်။  မူဝါဒ ကို ရွေးချယ်ချမှတ်တဲ့ ဖြစ်စဉ်ထဲမှာ ၀န်ထမ်း အကြီးအကဲတွေ ပါဝင်ခွင့်ရဖို့ အရေးကြီးပါတယ်။  ယုံကြည်မှု ကို ဖြစ်ပေါ်စေတာ ဟာ ရလဒ် မဟုတ်ဘူး၊ ဖြစ်စဉ်သာ ဖြစ်တယ်လို့ ယုံကြည်မှု ကို လေ့လာတဲ့ သုတေသနတွေ က ဆိုတယ် အစ်ကိုလေး။  မူဝါဒ လေ့လာတဲ့ ပညာရှင်တွေ က မူဝါဒ ကို ထိုးပေးချင်တတ်ကြတယ်။  ဖြစ်စဉ် ကို တည်ဆောက်ပြီး၊ အဲဒီ ဖြစ်စဉ် ကနေ ပေါ်ပေါက်လာမယ့် မူဝါဒ ဖြစ်ဖို့ နည်းနည်းမှ အလေးမထားကြတာ ကို ကျွန်တော်တွေ့ရတယ် အစ်ကိုလေးရ။ တကယ်တော့လည်း ကျွန်တော်တို့ ၀င်လာတဲ့အခါမှာ အစိုးရ အပြောင်းအလဲထက် မူဝါဒ အပြောင်းအလဲဖြစ်ရင်ကို တိုင်းပြည် က မဆိုးလောက်ဘူး လို့ ယူဆပြီး ၀င်လာခဲ့ကြတာပါ။  ဒါ ကို သံတော်ဆင့် အင်တာဗျူးမှာလည်း ကျွန်တော် ပြောခဲ့ဖူးပါတယ် အစ်ကိုလေး။  ဒါပေမဲ့ ဗျူရိုကရေစီ ကို ထိတွေ့ နားလည်လာတဲ့အခါ မူဝါဒ နဲ့တင် မလုံလောက်တော့ဘူး ဆိုတာ နားလည်သွားပါတယ်။ မူဝါဒ ပြောင်းသွားတာ နဲ့ အပြောင်းအလဲတွေလည်း ရှိနိုင်တယ် ဆိုတာ မှန်ပါတယ်။ ဥပမာ လယ်ယာစိုက်ပျိုးရေး မှာ လယ်သမားတွေ စပါးသာမက ကိုယ်စိုက်ချင်ရာ စိုက်ခွင့် မူဝါဒမျိုး က အပြောင်းအလဲ ကို ဖြစ်စေနိုင်ပါတယ်။  ဒါပေမဲ့ ဒီမူဝါဒ ကို ဘယ်လို အစီအစဉ်မျိုး နဲ့ အားပေးမှာလဲ ဆိုတာကျတော့ တည်ဆဲ ဖွဲ့စည်းပုံ နဲ့ စနစ် အတိုင်း ဆက်သွားလို့ကတော့ တယ်ထိရောက်လှမယ် မဟုတ်လေဘူး။  ၀န်ထမ်းတွေ က ဦးဆောင်သူတွေအပေါ်၊ ကိုယ်လုပ်နေရတဲ့ စနစ်အပေါ်၊ လုပ်ပိုင်ခွင့်အပေါ် အားထားယုံကြည်မှု မရှိရင် အကောင်အထည်တွေ့ရဖို့ ခက်ပါလိမ့်မယ်။  ဒါကြောင့် ယုံကြည်မှု က အဓိက ကျပြီး၊ အတိတ် နဲ့ ခွာနိုင်မယ့် သူတွေကိုသာ ၀န်ထမ်းအများစု နဲ့ ပြည်သူ က ယုံကြည်လိမ့်မယ် ဆိုတာ အဲဒီ စက်မှု ၀န်ကြီးဌာနမှာ လုပ်တဲ့ အလုပ်ရုံဆွေးနွေးပွဲကစပြီး၊ ကျွန်တော် ရိပ်မိလာခဲ့ ပေတာပေါ့ အစ်ကိုလေးရာ။ ရေးဘူးပေါက်တာ မပေါက်တာ မလိုချင်ဘူး၊ ရေပါတာပဲ လိုချင်တယ် ဆိုတာ မြန်မာပြည်အနေအထား နဲ့ ကိုက်တယ် မထင်ပါဘူး။  ဖြစ်စဉ်တွေ ကို တည်ဖို့ လိုအပ်နေတဲ့အချိန် မှာ ပိုလို့တောင် မကိုက်ဘူး လို့ ကျွန်တော်ထင်ပါတယ်။  နိုင်ငံတိုးတက်ရေး မဟာဗျူဟာ ကို စဉ်းစားတဲ့အခါ၊ ဖြစ်စဉ်လား၊ ရလာဒ်လား ဆိုတာ မြန်မာပြည်အတွက် အခြေခံကျတဲ့ မေးခွန်းတစ်ခွန်းဖြစ်ပါတယ် အစ်ကိုလေး။ ဒီ အခြေခံ ပြဿနာ ကို ထည့်မတွက်ဘဲ၊ ရလာဒ် ဖြစ်တဲ့ မူဝါဒ အပေါ်ချည်း အာရုံပြုနေမယ်ဆိုရင် ပညာရှင်တွေ ဟာလည်း ရလာဒ်ပဲ လိုချင်တဲ့ ဗိုလ်ချုပ်ကြီးတွေ ရဲ့ လားရာအတိုင်း ဂျောင်းကြရလိမ့်မယ် လို့ ကျွန်တော် ယူဆကြောင်းပါခင်ဗျာ။ တင်မောင်သန်း၊ ညနေ ၅း၀၉၊ ဇွန် ၄၊ ၂၀၁၆  

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up