မွတ်စလင် ၆၉ ဦးအား သတ်မှုဖြင့် ၁၁ ဦးကို အိန္ဒိယတရားရုံး တသက်တကျွန်းချမှတ်

အိန္ဒိယနိုင်ငံ ဂူဂျာရတ်ပြည်နယ်မှာ ၂၀၀၂ ခုနှစ်က ဖြစ်ခဲ့တဲ့ ဟိန္ဒူ-မွတ်စလင် အဓိကရုဏ်းနဲ့ ပတ်သက်လို့ တရားစွဲခံထားရတဲ့ ဟိန္ဒူအမျိုးသား ၁၁ ဦးကို တရားရုံးက တသက်တကျွန်း ထောင်ဒဏ်တွေ ချမှတ်လိုက်ပါတယ်။ အခုလက်ရှိ အိန္ဒိယ ၀န်ကြီးချုပ် နရိန်ဒြာ မိုဒီက  ဂူဂျာရတ် ပြည်နယ်ရဲ့ ၀န်ကြီးချုပ်အဖြစ် တာဝန်ယူထားတဲ့အချိန်မှာ မွတ်စလင်တွေ အစုလိုက်အပြုံလိုက် အသတ်ခံခဲ့ရတဲ့ အဲဒီအ ဖြစ်အပျက် ပေါ်ပေါက်ခဲ့တာပါ။ မွတ်စလင် ၆၉ ဦး အသတ်ခံလိုက်ရတဲ့ အဓိကရုဏ်းနဲ့ပတ်သက်လို့ ဟိန္ဒူအမျိုးသား ၁၁ ဥိးကို တသက်တကျွန်း အပြစ်ဒဏ် ချမှတ်တဲ့အပြင် နောက်ထပ် ၁၂ ဦးကိုလည်း ထောင်ဒဏ် ၇ နှစ်၊ ၁ ဦးကို ထောင်ဒဏ် ၁၀ နှစ် ချမှတ်လိုက်တယ်လို့ အစိုးရ ရှေ့နေတွေက အတည်ပြုပါတယ်။ သူတို့ ၂၄ ယောက်စလုံးဟာ တမင် ရည်ရွယ်ချက်ရှိရှိ ရာဇ၀တ်မှုတွေကို ကျူးလွန်ခဲ့တဲ့အတွက် ပြစ်ဒဏ်ချမှတ်လိုက်တာလို့ အစိုးရရှေ့နေ  R.C. Kodekar က မီဒီယာတွေက ပြောပါတယ်။ အိန္ဒိယ အနောက်ပိုင်းက ဂူဂျာရတ် ပြည်နယ်မှာ ပေါ်ပေါက်ခဲ့တဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုမှာ လူ ၁ ထောင်ကျော် သေဆုံးခဲ့ပြီး အများစုက မွတ်စလင်တွေပါ။ ဒီလို သွေးထွက်သံယိုအကြမ်းဖက်မှုကို  အဲဒီအချိန်က ပြည်နယ်ဝန်ကြီးချုပ် ဖြစ်တဲ့ မိုဒီ ကိုယ်တိုင်က ထိထိရောက်ရောက် မထိန်းသိမ်းဘူးလို့လည်း စွပ်စွဲခံခဲ့ရပါတယ်။ မိုဒီကတော့ စွပ်စွဲချက်ကို ငြင်းဆန်သလို၊ ၂၀၁၃ ခုနှစ်တုန်းက နိုင်ငံတော် တရားရုံးချုပ်က ဖွဲ့စည်းပေးခဲ့တဲ့ ခုံရုံးကလည်း မိုဒီကို ဒီလို စွပ်စွဲနိုင်လောက်အောင် ခိုင်လုံတဲ့ သက်သေမရှိဘူးလို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒီအမှုကို ၂၀၀၉ ခုနှစ်ကတည်းက စတင် စစ်ဆေးခဲ့ပြီး ဒီလ အစောပိုင်းက ဟိန္ဒူ ၂၄ ဦးကို ပြစ်ဒဏ်တွေ ချမှတ်ခဲ့သလို ၃၆ ဦး အပြစ်မရှိလို့ ဆိုပြီး တရားသေ လွှတ်ပေးခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up