ကြို့ပင်ကောက်တွင် ချောင်းရေတိုက်စားမှုကြောင့် တံတားတခု ကျိုးကျ
ကြို့ပင်ကောက်မြို့နယ်မှာ အခုရက်ပိုင်းအတွင်း မိုးဆက်တိုက်ရွာသွန်းခဲ့ပြီး တောင်ကျရေတွေကြောင့် ကျေးရွာချင်းထိဆက် ကျေးလက်လမ်းတွေက တံတားတွေ ကျိုးကျပျက်စီးမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။
ဇွန် ၁၇ ရက်နေ့ မနက်ပိုင်းက ကြို့ပင်ကောက်မြို့နယ် အနောက်ဘက် ရှားပင်ထအုပ်စု ရွာသစ်ကျေးရွာနဲ့ ရွာသာယာ ကျေးရွာကို ဆက်သွယ်ထားတဲ့ စည်ပင်သာယာပိုင် တံတားတခု ချောင်းရေတိုက်စားမှုကြောင့် ကျိုးကျ ပျက်စီးသွားခဲ့ပါတယ်။
အရှည် ပေ - ၂၀ အကျယ်- ၁၅ ပေ ခန့်ရှိ သစ်သားတံတား ကျိုးကျပျက်စီးခဲ့တာဖြစ်ပြီး တန်ဖိုးသိန်း ၇၀ လောက်ရှိတယ်လို့ စည်ပင်သာယာက တွက်ချက်ထားပါတယ်။
တံတား ကျိုးကျမှုကြောင့် ရွာသစ်ကျေးရွာ နဲ့ ရွာသာယာ ကျေးရွာတွေက ဒေသခံတွေ သွားလာရေး အခက်အခဲမဖြစ်စေဖို့ မြို့နယ်စည်ပင်သာယာ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်အချို့နဲ့ ဒေသခံတွေက ယာယီသွားလာနိုင်ရေး စီစဉ်ဆောင်ရွက်နေပါတယ်။
သတင်းနှင့်ဓာတ်ပုံ - ကိုဇေယျာ