လူ ၉ ဦးပါ ဗီယက်နမ် ကမ်းခြေစောင့်တပ် လေယာဉ်တစီး ထပ်မံပျောက်ဆုံး

ဗီယက်နမ် ကမ်းခြေစောင့် တပ်ဖွဲ့ပိုင်လေယာဉ်တစီးဟာ ပျောက်ဆုံးနေတဲ့ တိုက်ဂျက်လေယာဉ်နဲ့ လေယာဉ်မှူးကို ရှာဖွေရာမှ ရေဒါပေါ်ကနေ ထပ်ပြီး ပျောက်ဆုံးနေတယ်လို့ နိုင်ငံပိုင်မီဒီယာနဲ့ စစ်တပ် အရာရှိတဦးက ပြောပါတယ်။
ဗီယက်နမ်မြောက်ပိုင်းဒေသနဲ့ တရုတ်နိုင်ငံအပိုင် ဟိုင်နန်းကြားက တွန်ကင်း ပင်လယ်ကွေ့မှာ ဇွန် ၁၆ ရက်နေ့က အဆက်အသွယ် ပြတ်တောက်သွားတာလို့ ဗီယက်နမ် သတင်းတွေမှာ ဖော်ပြပါတယ်။
ဇွန် ၁၄ ရက်နေ့က ရေဒါကနေ ပျောက်သွားခဲ့တဲ့ SU-30 MK2 တိုက်ဂျက်လေယာဉ်ကို လိုက်ရှာနေတဲ့ အဲဘက်စ် CASA C212 လေယာဉ်မှာ လူ ၉ ယောက် လိုက်ပါသွားတယ်လို့ ဆိုပါတယ်။
ပျောက်ဆုံးနေတဲ့ လေယာဉ် ၂ စင်းကို ပြန်တွေ့ဖို့အတွက် ထောင်နဲ့ချီတဲ့ ကမ်းခြေစောင့် တပ်ဖွဲ့တွေ၊ နယ်ခြားစောင်တပ်ဖွဲ့တွေ၊ ရေတပ်က လေယာဉ်တွေ၊ ငါးဖမ်းလှေတွေက ဆက်လက်ရှာဖွေနေပါတယ်။
နိုင်ငံပိုင် မီဒီယာ VTV သတင်းမှာတော့ ဒုတိယ ပျောက်သွားတဲ့ လေယာဉ်ဆီက အပိုင်းအစတွေကို တွေ့တယ်လို့ သတင်းထုတ်လွှင့်သွားပေမယ့် အသေအပျောက်စာရင်းကိုတော့ မသိရသေးပါဘူး။
ဗီယက်နမ်ဘက်က အကူအညီတောင်းတဲ့အတွက် တရုတ်ကလည်း သင်္ဘောတွေကို စေလွှတ်ပြီးတော့ ရှာဖွေရေးမှာအကူအညီ ပေးနေတယ်လို့ ဗီယက်နမ် ကာကွယ်ရေးဌာနက ဆိုပါတယ်။
ဗီယက်နမ်မှာ ကျန်ခဲ့တဲ့ ၂ နှစ်လုံးလုံး အိုဟောင်းနေတဲ့ ရဟတ်ယာဉ်တွေ မတော်တဆ ဖြစ်တာတွေ ဆက်တိုက် ဖြစ်ခဲ့ပေမယ့် အခုလိုမျိုး လေယာဉ်တွေ ရေဒါကနေ ပျောက်ဆုံးမှု ဖြစ်တာကတော့ ကြုံတောင့်ကြုံခဲ့ ကိစ္စလို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။