A d v e r t i s e m e n t With Us

မြန်မာ့နောက်ဆုံးမင်းဆက်အကြောင်း မှတ်တမ်းရုပ်ရှင်ရိုက်မည်

သီပေါမင်းနှင့် စုဖုရားလတ်
မြန်မာ့နောက်ဆုံး တော်ဝင်မိသားစုအကြောင်း မှတ်တမ်းရုပ်ရှင်ရိုက်ကူးဖို့  ဗြိတိသျှရုပ်ရှင်ဒါရိုက်တာတဦးကို Whicker’s World Foundation က ပေါင်စတာလင် ရှစ်သောင်း (မြန်မာကျပ်ငွေ ၁၃၄ သန်း) ထောက်ပံ့ဖို့ သဘောတူခဲ့ပါတယ်။ Whicker’s World Foundation က ၂၀၁၄ ခုနှစ်ကတည်းက မစ္စတာ Alex Bescoby သုတေသနလုပ်နေတဲ့ “‘Burma’s Lost Royals’ ဇာတ်ကားအတွက် ထောက်ပံ့မှာဖြစ်ပါတယ်။ ဒီဇာတ်လမ်းဟာ ၁၈၈၅ ခုနှစ် တတိယ အင်္ဂလိပ်-မြန်မာစစ်ပွဲအပြီးမှာ ဖယ်ရှားခံရပြီး အိန္ဒိယနိုင်ငံ ရတနာဂီရိကို ခေါ်ဆောင်ခံခဲ့တဲ့ မြန်မာ့နောက်ဆုံးမင်းဆက် သီပေါဘုရင်နဲ့ မိဖုရားခေါင် စုဖုရားလတ်တို့ရဲ့ သားစဉ်မြေးဆက်တွေရဲ့ အကြောင်းကို ရိုက်ကူးမှာဖြစ်ပါတယ်။ သမိုင်းမှတ်တမ်းတွေအရ ရတနာဂီရိဟာ အိန္ဒိယနိုင်ငံအနောက်တာင်ထောင့်က အာရေဗီယန် ပင်လယ်ကမ်းခြေနဲ့ တဆက်တည်းရှိပြီး အရှေ့ဘက်ကြောကတောင်တန်းတွေ ၀န်းရံထားတဲ့ မဟာရပ်ရှ်ထရပြည်နယ်တွင်းက အမြဲတမ်းမိုးရွာလေ့ရှိတဲ့ ပင်လယ်ကမ်း ခြေမြို့ဖြစ်ပါတယ်။ စုဖုရားလတ်ဟာ ၁၉၁၉ ခုနှစ်မှာ မြန်မာပြည်ပြန်လာခဲ့ပြီးနောက် ၆ နှစ်အကြာမှာ ကွယ်လွန်ခဲ့ပြီး သီပေါဘုရင်ကတော့ အိန္ဒိယနိုင်ငံမှာပဲ ကွယ်လွန်ခဲ့တာပါ။ ဖောင်ဒေးရှင်းတာဝန်ရှိသူတဦးက မြန်မာ့သမိုင်းဟာ စိတ်ဝင်စားဖွယ်ကောင်းကြောင်း၊ အခု မြန်မာနိုင်ငံကို နိုင်ငံတကာစိတ်ဝင်စားမှု မြင့်တက်နေတဲ့ခုလိုအချိန်မှာ ဒီဇာတ်ကားက မြန်မာ့အကြောင်းကို ပိုမိုနှံ့စပ်အောင် ဆောင်ကျဉ်းနိုင်လိမ့်မယ်လို့ ပြောပါတယ်။ ဒီဖောင်ဒေးရှင်းကို ဗြိတိသျှသတင်းစာဆရာ Alan Whicker CBE ၂၀၁၃ ခုနှစ်မှာ ကွယ်လွန်ပြီးနောက် ရည်ရွယ်ထူထောင်တာဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၁၄ ရက်နေ့က ရန်ကုန်မှာကျင်းပတဲ့ ရုပ်ရှင်ပွဲတော်မှာ ပြသဖို့ပြင်ထားတဲ့ ရှမ်းစော်ဘွားတဦးနဲ့ သြစတြေးလျအမျိုးသမီးတို့ရဲ့ ဇာတ်လမ်းအခြေပြု ရုပ်ရှင်ဇာတ်ကားကို ပြသခွင့်ပိတ်ပင်ခံရပါတယ်။ ‘Burma’s Lost Royals’ ဇာတ်ကားကို ၂၀၁၇ မှာ ထုတ်ဝေဖြန့်ချိနိုင်မယ်လို့ဆိုပါတယ်။

A d v e r t i s e m e n t With Us

More News
Up