A d v e r t i s e m e n t With Us

ဘ၀တူအချင်းချင်း ကူညီကြဖို့၊ ရိုင်းပင်းကြဖို့၊ စုစည်းကြဖို့ လိုတယ် – ဦးမိုးဆွေ

ရောင်ခြည်ဦး အလုပ်သမားများအဖွဲ့ဟာ ထိုင်းနိုင်ငံရောက် မြန်မာ ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ အရေးကိစ္စတွေနဲ့ ပတ်သက်ပြီး ကူညီဆောင်ရွက် ဖြေရှင်းပေးနေတဲ့ အဖွဲ့အစည်းတခုဖြစ်ပါတယ်။ ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာ ရွှေ့ပြောင်း အလုပ်သမားတွေအနေနဲ့ ဘယ်လိုအခက်အခဲတွေ ကြုံတွေ့ရတယ်၊ ဘာတွေကို ဆောင်သင့်ပြီး ဘာတွေ ရှောင်သင့်တယ် ဆိုတာတွေနဲ့ ပတ်သက်ပြီး ရောင်ခြည်ဦး အလုပ်သမားများအဖွဲ့ အတွင်းရေးမှူး ဦးမိုးဆွေကို ဒီဗွီဘီက တွေ့ဆုံမေးမြန်းထားပါတယ်။ မေး - ပထမဦးဆုံးအနေနဲ့ ထိုင်းနိုင်ငံမှာ ရောက်ရှိနေတဲ့ ရွှေ့ပြောင်းမြန်မာတွေရဲ့ အလုပ်သမား အခြေအနေ ပြောပြပေးပါလားခင်ဗျ။ ဖြေ - အခုဆိုရင်တော့ ထိုင်းနိုင်ငံမှာ ဗမာပြည်က ရောက်ရှိနေတဲ့ အလုပ်သမားတွေက လက်မှတ်အနေအထားနဲ့ပြောရင် သုံးမျိုးသုံးစားခွဲပြီး ပြောလို့ရမှာပေါ့နော်။ ပထမတမျိုးကတော့ MOU ဆိုတဲ့ တရားဝင်ပတ်စ်ပို့ပေါ့။ ဒီဟာနဲ့လာကြတဲ့ အလုပ်သမားတွေရှိတယ်။ ၁ ဒသမ ၇ သန်းလောက်ရှိတယ်။ နောက်တခါ OSS လို့ခေါ်တဲ့ One Stop Service ပေါ့နော်။ အရင်ကတည်းက ထိုင်းနိုင်ငံကို ရောက်နေတယ်။ အဲဒီရောက်နေတဲ့ အလုပ်သမားတွေကို တခါ ပန်းရောင်ကတ်ဆိုတဲ့ဟာမျိုးနဲ့ လက်မှတ်မလုပ်လိုက်တဲ့သူတွေကို ထပ်ပြီးလုပ်ပေးတဲ့ စနစ်တခုရှိတယ်။ အဲဒီစနစ်နဲ့လာတဲ့ အလုပ်သမားတွေရှိတယ်။ နောက်တခုက ထိုင်းကိုရောက်လာပြီးတော့မှ၊ နေပြီးတော့မှ ထိုင်းအစိုးရကနေပြီးတော့ နှစ်ပေါင်းများစွာ လက်မှတ်လုပ်ပေးထားတယ်။ အဲဒီအလုပ်သမားတွေကို တခါပြန်ပြီးတော့ ပတ်စ်ပို့လုပ်ပေးတဲ့စနစ် ဒီမှာတော့ National Verification NB စနစ်လို့ ခေါ်တာပေါ့နော်။ အဲဒီအလုပ်သမား စုစုပေါင်းက ထိုင်းနိုင်ငံတွင်းမှာ အားလုံးပေါင်း ၂ သန်းခွဲကျော်ကျော် ဒါ တရားဝင်ရှိကြပါတယ်။ ရှိကြတဲ့အခါမှာ အများစုက ကျနော်တို့ စက်ရုံအလုပ်ရုံတွေမှာ လုပ်ကြတဲ့သူတွေရှိတယ်။ ငါးဖမ်းလုပ်ငန်းမှာ လုပ်ကြတဲ့သူတွေရှိတယ်။ တောင်ယာစိုက်ပျိုးရေး လုပ်ငန်းတွေမှာ လုပ်ကြတဲ့သူတွေရှိတယ်။ နောက်တခါ စားသောက်ဆိုင်လုပ်ငန်းတွေနဲ့ အိမ်ဖော်လုပ်ငန်း လုပ်ကြတဲ့ အလုပ်သမားတွေ ရှိပါတယ်။ ဒါပေမယ့် အဓိက ထိုင်းနိုင်ငံမှာ လတ်တလော အလုပ်သမားတွေ အခက်အခဲ ကြုံတွေ့နေကြရတဲ့ ပြဿနာက ကြီးကြီးမားမားက သုံးခုရှိတယ်လို့ ကျနော်တို့ပြောလို့ရတယ်။ အဓိက ပြဿနာက ဘာလဲဆိုတော့ အထောက်အထား လက်မှတ်ပြဿနာ၊ ခုနက ကျနော်ပြောပြခဲ့သလို လက်မှတ်သုံးမျိုးရှိတယ်။ လက်မှတ်သုံးမျိုးရှိပေမယ့် ဒီလက်မှတ်တွေကို လုပ်တဲ့နေရာမှာ အလုပ်သမားတွေကိုယ်တိုင်က လုပ်လို့မရဘူး။ လုပ်တဲ့အဆင့်က များတယ်။ နောက်တခုက သက်ဆိုင်ရာ အလုပ်သမားရုံးတွေ၊ သံရုံးတွေကို သွားဖို့လာဖို့က အလုပ်သမားတွေ အနေနဲ့က လုပ်ဖို့အတွက် အချိန်လည်းမပေးနိုင်ဘူး။ အဲဒီစနစ်ကိုလည်း လုပ်ဖို့အတွက် အခြေအနေမပေးဘူး။ အဲဒီအခါကျတော့ နှစ်နိုင်ငံအစိုးရတွေ သဘောတူထားတဲ့ ဒီ အေဂျင်စီတွေကို အသုံးပြုရတယ်။ အလုပ်ရှင်တွေကလည်း အလုပ်ရှုပ်မခံချင်တဲ့အတွက် တချို့ပွဲစားတွေနဲ့ အလုပ်သမား လက်မှတ်တွေကို လုပ်ကြတယ်။ လုပ်တဲ့အခါမှာ အဓိကတော့ ကုန်ကျငွေ၊ ကုန်ကျငွေက အရမ်းများတယ်။ ဒုတိယအချက်က တချို့လုပ်ငန်းရှင်တွေက အလုပ်ရှုပ်မခံချင်တဲ့အတွက် အလုပ်သမားတွေကို လက်မှတ်မလုပ်ပေးတဲ့ ပြဿနာတွေရှိတယ်။ တတိယအချက်အနေနဲ့ ဒီ ထိုင်းအစိုးရအနေနဲ့ အလုပ်သမားလက်မှတ်အပေါ်မှာ ထားတဲ့ သဘောထားပေါ့နော်။ အပြောင်းအလဲတွေ ခဏခဏလုပ်တယ်။ အဲလို အပြောင်းအလဲလုပ်တဲ့အတွက် အလုပ်သမားတွေဟာ အချိန်မီ သူတို့ရဲ့ အလုပ်သမားလက်မှတ်တွေကို သက်တမ်းမတိုးနိုင်တာတွေ ဖြစ်တဲ့အတွက် တရားဝင်ကနေ တရားမ၀င်သွားတဲ့ ပြဿနာတွေပေါ့။ အဲတော့ လက်မှတ်တွေက တရားမ၀င် ဖြစ်လာတဲ့အခါကျတော့ အလုပ်သမားတွေအနေနဲ့ သွားလာရေးတွေ ခက်ခဲလာတယ်။ အလုပ်ရှင်တွေကနေပြီး ချုပ်ကိုင်ပြီးတော့ မသွားရဲမလာရဲတဲ့အခါမှာ အလုပ်ရှင်တွေက အလုပ်သမားတွေကို ချုပ်ကိုင်ပြီးတော့ လုပ်အားခ ချိုးနှိမ်တာတွေ၊ အခွင့်အရေး ချိုးဖောက်မှုတွေ၊ အဲဒါတွေကို ခံစားနေရတယ်။ ဒုတိယအချက်အနေနဲ့ကတော့ ထိုင်းနိုင်ငံမှာ တရားဝင် သတ်မှတ်ထားတဲ့ အလုပ်သမားဥပဒေ ရှိတယ်။ အလုပ်သမား အခွင့်အရေး ကာကွယ်ရေးဥပဒေ၊ ဘီအီး ၂၅၄၁ လို့ခေါ်တယ်။ ဒီဥပဒေအရဆိုရင် ထိုင်းနိုင်ငံမှာရှိနေတဲ့ အလုပ်သမားအားလုံး ရွှေ့ပြောင်းအလုပ်သမားပေါ့နော်၊ အလုပ်သမားအားလုံး ဆိုတဲ့နေရာမှာ နိုင်ငံရင်းအလုပ်သမား၊ ထိုင်းအလုပ်သမားအပြင် ထိုင်းနိုင်ငံကို အကြောင်းအမျိုးမျိုးနဲ့ ရောက်ရှိ အလုပ်လုပ်နေတဲ့ အလုပ်သမားအားလုံးဟာ ဒီဥပဒေရဲ့အောက်မှာ အကျိုးခံစားခွင့်ရှိတယ်လို့ တရားဝင် သတ်မှတ်ထားတယ်။ အစိုးရကလည်း တရားဝင်ကြေညာထားတယ်။ ဒါပေမယ့် ဥပမာအနေနဲ့ပြောရရင် ထိုင်းနိုင်ငံမှာ တရားဝင်သတ်မှတ်ထားတဲ့ လုပ်အားခက တနေ့ကို ဘတ် ၃၀၀ ဖြစ်တယ်။ ဒါပေမယ့် မြန်မာအလုပ်သမား အများစုက ဘတ် ၃၀၀ ကို မရကြဘူး။ တရားဝင်သတ်မှတ်ထားတဲ့ လုပ်အားခကို မရကြဘူး။ နှစ်အချက်အနေနဲ့က အလုပ်ချိန် အရမ်းများတယ်။ မြန်မာအလုပ်သမားတွေက မနက် ၈ နာရီကနေပြီးတော့ ည အနည်းဆုံး ၉ နာရီ၊ ၁၀ နာရီအထိ တနေ့ကို အလုပ်ချိန် ၁၂ နာရီ အနည်းဆုံး အလုပ်လုပ်နေကြရတယ်ဆိုတော့။ နောက်တခုက အလုပ်ပိတ်ရက်တွေ၊ ဥပမာ မဲဆောက်မှာဆိုရင် တပတ်မှာ ၇ ရက်လုံး အလုပ်သမားတွေက အလုပ်လုပ်ရတယ်။ တနင်္ဂနွေတရက်ပဲ မနက် ၈ နာရီကနေ ညနေ ၅ နာရီအထိ လုပ်ပြီးတော့ ၅ နာရီနောက်ပိုင်းကို နားခွင့်ရတယ်။ တလမှာတရက် အလုပ်ပိတ်ခွင့်ရှိတယ်။ ဒီလို အခွင့်အရေး ချိုးဖောက်မှုတွေ၊ အလုပ်သမား အခွင့်အရေး ချိုးဖောက်မှုတွေကို ခံနေရတာရှိတယ်။ အဲဒီအပြင် လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ လက်မှတ်ရှိရက်နဲ့ သက်သေခံ အထောက်အထားရှိလျက်နဲ့ ငွေညှစ်ခံရတဲ့ကိစ္စမျိုးတွေ၊ နောက်တခုက မတရားစော်ကားခံနေရတဲ့ ကိစ္စမျိုးတွေ၊ ဒီလိုကိစ္စမျိုးလေးတွေကတော့ ကျနော်တို့ ထိုင်းနိုင်ငံမှာရောက်နေတဲ့ အလုပ်သမားတွေ ရင်ဆိုင်ကြုံတွေ့နေရတဲ့ အခက်အခဲတွေလို့ ကျနော်တို့ပြောလို့ရပါတယ်။ မေး - ကိုယ့်တိုင်းကိုယ်ပြည်မဟုတ်တော့ ရက်စက်ခံရတာမျိုးတွေ၊ ငွေညှစ်ခံရတာတွေလည်း ရှိမှာပေါ့။ ရောင်ခြည်ဦး အလုပ်သမားအဖွဲ့အနေနဲ့ ထိုင်းရောက် ရွှေ့ပြောင်းမြန်မာတွေအတွက် ဘာတွေလုပ်ပေးနေလဲ။ ဖြေ - ဟုတ်ကဲ့၊ ကျနော်တို့က ရောင်ခြည်ဦး အလုပ်သမားများ အနေနဲ့တော့ အဓိကလုပ်ပေးနေတဲ့ လုပ်ငန်းကတော့ ငါးခုရှိပါတယ်။ နံပါတ်တစ် အနေနဲ့ကတော့ ရောင်ခြည်ဦးမှာ ဥပဒေရေးရာ အထာက်အကူပြုဌာန ရှိတယ်။ အဲဒါကတော့ ခုနပြောတဲ့ ထိုင်းနိုင်ငံကို ရောက်နေတဲ့ အလုပ်သမားတွေ၊ အထူးသဖြင့် မဲဆောက်မှာရှိနေတဲ့ အလုပ်သမားတွေ လုပ်အားခတွေ မရတာမျိုးတွေ။ နောက် လုပ်အားခတွေ မပေးဘဲနဲ့ အလုပ်ရှင်က မောင်းထုတ်လိုက်တယ်။ ဒီလိုဟာမျိုး နောက် လုပ်ငန်းခွင်ထဲမှာ ထိခိုက်ဒဏ်ရာရလို့ နစ်နာကြေး၊ လျော်ကြေး မရတာတွေ၊ နောက်တခုက အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရတာတွေ၊ ဒီလိုဟာမျိုးတွေကို ကျနော်တို့ကို တိုင်ကြားမယ်ဆိုရင် ကျနော်တို့က ဥပဒေကြောင်းနဲ့ ဥပဒေဘောင်အတွင်းက ထိုင်းနိုင်ငံမှာရှိနေတဲ့ အလုပ်သမား အခွင့်အရေး ကာကွယ်စောင့်ရေးရုံးတွေ၊ အလုပ်သမား တရားရုံးတွေကနေ ကျနော်တို့ တောင်းဆိုပေးတယ်။ နောက် သူတို့အခွင့်အရေးအတွက် သူတို့ရပိုင်ခွင့်အတွက် တောင်းဆိုပေးတယ်။ ဥပမာအနေနဲ့ပြောရရင် ကျနော်တို့ ဥပဒေအထောက်အကူပြုဌာန အနေနဲ့ ဒီလုပ်ငန်းစဉ်တခု ရှိတယ်။ နောက်တခုကတော့ ကျနော်တို့ အလုပ်သမားတွေအတွက် ကျနော်တို့ သင်တန်းတွေ လုပ်ပေးတယ်။ အလုပ်သမားတွေ ဗမာပြည်ကနေလာလုပ်တဲ့ အလုပ်သမားအများစုက ထိုင်းလိုမပြောတတ်ကြဘူး။ ထိုင်းစာမဖတ်တတ်ကြဘူး။ အဲတော့ အဲဒီအခါကျတော့ ထိုင်းနိုင်ငံမှာ ပြဋ္ဌာန်းထားတဲ့ ထိုင်းဥပဒေတွေရှိတယ်။ နောက်တခုက ရွှေ့ပြောင်းအလုပ်သမားတွေနဲ့ ပတ်သက်တဲ့ အခွင့်အရေးတွေ၊ နောက် ဥပဒေတွေ အဲဒါတွေရှိတယ်။ အဲဒါတွေကို ကျနော်တို့က ကျနော်တို့ မြန်မာအလုပ်သမားတွေသိဖို့ ကျနော်တို့ သင်တန်းတွေ လုပ်ပေးတာရှိတယ်။ နောက်တခုကတော့ ထိုင်းအစိုးရက အခါအားလျော်စွာ ထုတ်ပြန်တဲ့ အမိန့်ကြော်ငြာစာတွေ ရှိတယ်။ ကျနော်တို့ ရွှေ့ပြောင်းအလုပ်သမားတွေနဲ့ ပတ်သက်တဲ့ ဥပဒေတွေ၊ ကန့်သတ်ချက်တွေရှိမယ်။ နောက်တခုက လက်မှတ်နဲ့ပတ်သက်ပြီးတော့ သက်တမ်းတိုးဖို့ကိစ္စတွေ၊ ဒီလို ထိုင်းအစိုးရ အခါအားလျော်စွာထုတ်တဲ့ သတင်းအချက်အလက်တွေကို စုစည်းပြီးတော့ ကျနော်တို့ ရောင်ခြည်ဦး အလုပ်သမားရေးရာဂျာနယ်ဆိုပြီး ထုတ်တယ်။ အနယ်နယ်အရပ်ရပ်မှာရှိနေတဲ့ အလုပ်သမားတွေရဲ့ အခြေအနေကို ကျနော်တို့ ဖော်ပြခဲ့တယ်။ နိုင်ငံတကာမှာရှိနေတဲ့ သတင်းတွေ၊ လှုပ်ရှားမှုတွေကို အလုပ်သမားတွေကို အသိပေးဖို့ ဖော်ပြတယ်။ ကျနော်တို့ Publicatoin ပေါ့နော်။ အလုပ်သမားရေးရာ ဂျာနယ်ကိုလည်း ကျတော်တို့ထုတ်တယ်။ နောက်တခုက ထိုင်းနိုင်ငံအတွင်းမှာ ရှိနေတဲ့ အလုပ်သမားတွေရဲ့ သာရေးနာရေး လုပ်ငန်းတွေပေါ့နော်။ သာရေးနာရေးအတွက် အခမ်းအနားတွေ၊ ကျနော်တို့ ပွဲလမ်းတွေကိုပေါ့နော် လိုက်လံကူညီ ဆောင်ရွက်ပေးတာ ရှိပါတယ်။ အဓိကကတော့ ကျနော်တို့အနေနဲ့က အလုပ်သမားအခွင့်အရေး ချိုးဖောက်မှု ခံရတာတွေကို အဓိကထားပြီးတော့ စီစဉ်ဆောင်ရွက်ပေးခဲ့တယ်။ အဲဒါကြောင့်မို့ ကျနော်တို့ ရောင်ခြည်ဦးအဖွဲ့ ၂၀၀၀ ခုနှစ်ကနေစပြီးတော့ ၂၀၁၆ ခုနှစ်အတွင်းမှာ ကျနော်တို့ အလုပ်သမားအမှုပေါင်း ၂၅၀ ကျော်မှာ ကျနော်တို့ လိုက်ပါဆောင်ရွက်ပြီးတော့ အလုပ်သမားပေါင်း ၃၀၀၀ ကျော်အတွက် သူတို့ နစ်နာကြေးလျော်ကြေးအနေနဲ့ သန်း ၆၀ ကျော် ကျနော်တို့ ပြန်တောင်းပေးနိုင်ခဲ့ပါတယ်။ မေး - ဒီလထဲ ၂၃ ရက်ကနေပြီးတော့ ၂၅ ရက်နေ့အထိ ဒေါ်အောင်ဆန်းစုကြည် ထိုင်းနိုင်ငံကို လာမယ်ပေါ့နော်။ ဒေါ်အောင်ဆန်းစုကြည် ထိုင်းနိုင်ငံကို လာတဲ့အချိန်မှာ ရွှေ့ပြောင်း မြန်မာအလုပ်သမားတွေအတွက် တွေ့မယ်၊ ဆွေးနွေးမယ်၊ ညှိနှိုင်းမယ်ပေါ့နော်။ အကယ်၍သာ ရောင်ခြည်ဦး  အလုပ်သမား အတွင်းရေးမှူး အနေနဲ့ပေါ့နော် တွေ့ခွင့်ရမယ်ဆိုရင် ဘာတောင်းဆိုချင်လဲ။ ဖြေ - ဟုတ်ကဲ့ အဓိကကတော့ တွေ့ခွင့်ရမယ်ဆိုရင် ပထမဆုံးအချက်အနေနဲ့ ကျနော်တို့နိုင်ငံရဲ့ အမျိုးသားခေါင်းဆောင်ပေါ့။ အခုတော့ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်လည်းဖြစ်တယ်၊ နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်တယ်။ ထိုင်းနိုင်ငံကို ဒီလိုလာရောက်ပြီးတော့ လည်ပတ်တယ်။ လည်ပတ်ပြီးတော့ အလုပ်သမားတွေနဲ့ လာရောက်တွေ့ဆုံမယ် ဆိုတဲ့အတွက် ကျနော်တို့လည်း အထူးဝမ်းမြောက်တယ်။ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့လည်း ဒီလို လာလည်ပတ်တဲ့အတွက် ကျနော်တို့က ကြိုဆိုတယ်ဆိုတာကို ပထမအချက်အနေနဲ့ ပြောချင်ပါတယ်။ တကယ်လို့ ကျနော့်အနေနဲ့ ပြောခွင့်ရရင် ဘာပြောချင်သလဲဆိုတော့ ကျနော်တို့ ဒီအလုပ်သမားတွေအတွက် အန်တီစုအနေနဲ့ ထိုင်းနဲ့ဗမာကြားထဲမှာ ကျနော်တို့ချုပ်ဆိုထားတဲ့ MOU ပေါ့နော်၊ ဒီ ရွှေ့ပြောင်းအလုပ်သမားတွေအပေါ် တရားဝင်တင်သွင်းဖို့အတွက် စာချု့ပ်ချုပ်ဆိုထားတယ်။ ၂၀၀၃ နှစ်မှာ။ ဒါ မြန်မာကနေပြီးတော့ လာပြီးချုပ်သွားခဲ့တဲ့ MOU ပေါ့နော်။ ဒါ တရားဝင်စာချုပ်ပေါ့။ အဲဒီစာချုပ်ကို ကျနော်တို့ သေသေချာချာပြန်ပြီးတော့ ဆန်းစစ်စေချင်တယ်။ အဲဒီမှာဆိုရင် အဓိက အဲဒီ MOU ထဲမှာ တကယ်လို့ ဒီဟာကို ပြုပြင်ပြောင်းလဲလို့ရမယ်ဆိုရင် အဲဒီ MOU ထဲက အချက်အလက်တွေထဲမှာ အလုပ်သမားတွေရဲ့ လက်မှတ်ကိစ္စပေါ့။ တရားဝင်လက်မှတ်ကိစ္စ၊ အထောက်အထားကိစ္စကို ခိုင်ခိုင်မာမာ လုပ်နိုင်အောင် အဲဒီကိစ္စတွေကို ထပ်ပြီးတော့ MOU ထဲမှာ ထည့်ပြီးတော့ ဆွေးနွေးစေချင်တယ်။ နောက်တခုက အရေးကြီးတဲ့တချက်က အဲဒီ MOU ထဲမှာ အလုပ်သမားတွေရဲ့ လွတ်လပ်စွာ သွားလာခွင့်ပေါ့နော်။ အခု ထိုင်းနိုင်ငံရောက်နေတဲ့ အလုပ်သမားတွေရဲ့ အဓိက အခက်အခဲတခုကတော့ ထိုင်းနိုင်ငံအတွင်းမှာ လွတ်လပ်စွာ ခရီးသွားလာခွင့် မရှိဘူး။ အချုပ်အချယ် ခံနေရတယ်။ ဆိုတော့ အဲဒီ MOU ထဲမှာ သေသေချာချာ တိတိကျကျ ရှင်းရှင်းလင်းလင်းနဲ့ ထိုင်းနိုင်ငံရောက်နေတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေ၊ မြန်မာအလုပ်သမားတွေ အထူးသဖြင့်တော့ MOU ထဲမှာ လွတ်လပ်စွာ သွားလာခွင့် တရားဝင်ကို တိတိကျကျ ပါဝင်အောင် ထည့်ပေးစေချင်တယ်။ နောက်တခုကတော့ ကျနော်တို့ ရွှေ့ပြောင်းအလုပ်သမားတွေနဲ့ ပတ်သက်တဲ့ ပေါ်လစီတွေ ချမှတ်တဲ့အခါမှာ လူ့အခွင့်အရေး ရှုထောင့်ကနေ ကြည့်ပြီးတော့ အလုပ်သမားရေးရာ ပေါ်လစီတွေကို ချဖို့အတွက် သက်ဆိုင်ရာ အိမ်ရှင်နိုင်ငံတွေကို MOU တွေထဲမှာပဲဖြစ်ဖြစ်၊ ပေါ်လစီတွေထဲမှာပဲဖြစ်ဖြစ် အဲဒါတွေကို အဓိကထားပြီး၊ နောက်တခုကတော့ နိုင်ငံတကာ အလုပ်သမားအခွင့်အရေး စံချိန်စံညွှန်းတွေနဲ့အညီ ပေါ်လစီတွေကို ချမှတ်ဖို့အတွက် တွန်းအားပေးဖို့ ကျနော့်အနေနဲ့ ပြောချင်တယ်။ နောက် ဒုတိယအချက်အနေနဲ့ကတော့ ထိုင်းအစိုးရအနေနဲ့ ဒီအလုပ်သမားရေးရာ ပေါ်လစီတွေ အထူးသဖြင့် ရွှေ့ပြောင်းအလုပ်သမားနဲ့ ပတ်သက်တဲ့ ပေါ်လစီတွေကို ချမှတ်တဲ့အခါမှာ ပေါ်လစီတွေရဲ့ တည်ငြိမ်မှုပေါ့နော်။ တည်တည်ငြိမ်ငြိမ် ခိုင်ခိုင်မာမာ ပေါ်လစီတွေကို ချပေးဖို့ကို တိုက်တွန်းပေးစေချင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဥပမာ ထိုင်းနိုင်ငံရောက်နေတဲ့ အလုပ်သမားတွေအတွက် အဓိကကတော့ သက်သေခံ အထောက်အထားပေါ့နော်။ MOU စနစ်ပဲဖြစ်ဖြစ်၊ NV လို့ခေါ်တဲ့ ရောက်ပြီးသားလူတွေကို လက်မှတ်ထိုးပြီး ပတ်စ်ပို့လုပ်တဲ့စနစ်ပဲဖြစ်ဖြစ်၊ ဒါပေမယ့် အဲဒါတွေနဲ့ ပတ်သက်တဲ့၊ သက်သေခံ အထောက်အထားနဲ့ ပတ်သက်တဲ့ စနစ်တွေက ခဏခဏပြောင်းတယ်၊ ထိုင်းနိုင်ငံအတွင်းမှာ။ အမိန့်ကြေညာစာတွေ ခဏခဏပြောင်းတယ်။ လုပ်ပုံလုပ်နည်းတွေ ခဏခဏပြောင်းတယ်။ နောက် လူမှုဖူလုံရေးစနစ်နဲ့ အကျိုးခံစားခွင့်နဲ့ ပတ်သက်ရင်လည်း လုပ်ပုံလုပ်နည်းတွေ၊ ပရိုစီဂျာတွေ၊ ဒီဥပဒေတွေက ပြောင်းတယ်။ ပြောင်းတဲ့အခါကျတော့ ပေါ်လစီတည်ငြိမ်မှု မရှိတဲ့အတွက် ကျနော်တို့ အလုပ်သမားတွေမှာ တော်တော်အခက်အခဲရှိတယ်။ အထူးသဖြင့်တော့ လက်မှတ်ကိစ္စနဲ့ ပတ်သက်လို့ အလုပ်သမားတွေမှာ ပေါ်လစီတွေက ရှင်းရှင်းလင်းလင်းမရှိဘူး။ အပြောင်းအလဲ ခဏခဏဖြစ်တယ်။ အဲဒီအပြောင်းအလဲ ခဏခဏ ဖြစ်တဲ့အပေါ်မှာ ကြားကနေပြီးတော့ အမြတ်ထုတ်ကြတဲ့ ဗမာအချင်းချင်းပေါ့နော်၊ အမြတ်ထုတ်ကြတဲ့ ပွဲစားတွေကြောင့် အလုပ်သမားတွေမှာ ၀န်ထုပ်ဝန်ပိုးတွေ ဖြစ်တာကို ကျနော်တို့ သွားတွေ့ကြတယ်။ ဒါကြောင့်မို့ လတ်တလော ထိုင်းနိုင်ငံရောက်နေတဲ့ မြန်မာအလုပ်သမားတွေကို အရင် MOU နဲ့လုပ်ထားတဲ့ ပတ်စ်ပို့တွေပေါ့နော်၊ ၄ နှစ်သက်တမ်း၊ ၆ နှစ်သက်တမ်း ပြည့်သွားမယ်။ အဲဒီ ၄ နှစ်သက်တမ်း၊ ၆ နှစ်သက်တမ်း ပြည့်မယ်ဆိုရင် ပတ်စ်ပို့ ဆက်ပြီးတော့ မထုတ်ပေးဘဲနဲ့ ပန်းရောင်ကတ်ဆိုတဲ့ဟာမျိုး တခုပဲ ထုတ်ပေးမယ်ဆိုတဲ့ ထိုင်းအစိုးရရဲ့ ပေါ်လစီ အပြောင်းအလဲလည်း ရှိတယ်။ အဲဒီလို အပြောင်းအလဲတွေကြောင့် မြန်မာအလုပ်သမားတွေအတွက်က လုပ်ငန်းရှင်တွေရဲ့ ချုပ်ကိုင်မှုကို ပိုပြီးတော့ ခံလာရနိုင်တယ်။ နောက်ပြီးတော့ လူ့အခွင့်အရေးချိုးဖောက်မှု၊ အလုပ်သမား အခွင့်အရေး ချိုးဖောက်မှုတွေကို ပိုပြီးတော့ ခံစားလာရနိုင်တယ်။ ဒါကြောင့်မို့ ကျနော်တို့က အစိုးရတွေအနေနဲ့၊ အထူးသဖြင့်တော့ ဒီနိုင်ငံမှာရှိတယ်ဆိုရင် ထိုင်းအစိုးရအနေနဲ့ သူ့ပေါ်လစီကို ရှင်းရှင်းလင်းလင်းနဲ့ တည်ငြိမ်တဲ့ ပေါ်လစီတွေကို ချပေးဖို့ ညှိနှိုင်း ဆွေးနွေးစေချင်တယ်။ နောက်တချက်ကတော့ ကျနော်တို့ ပေါ်လစီတွေကို အကောင်အထည်ဖော်တဲ့ နေရာမှာလည်း ပါဝင်ပတ်သက်နေတဲ့ အလုပ်သမားဝန်ကြီးဌာန၊ အလုပ်သမားရေးရာဌာနတွေ၊ အာဏာပိုင်အဖွဲ့အစည်းတွေဖြစ်တဲ့ ရဲ၊ လူဝင်မှုကြီးကြပ်ရေးဌာနတွေက ဥပဒေအတိုင်း တိတိကျကျ လုပ်ဆောင်ဖို့အတွက် သက်ဆိုင်ရာ အိမ်ရှင်နိုင်ငံတွေကိုလည်း တိုက်တွန်းစေချင်တယ်။ ဥပမာအနေနဲ့ ပြောရရင်ပေါ့၊ ဒီပေါ်လစီအရတော့ ထိုင်းမှာရှိနေတဲ့ အလုပ်သမားတွေ တရားဝင် အထောက်အထား လက်မှတ်နဲ့ လုပ်တယ်ဆိုရင် ခရီးသွားလာခွင့် ရှိတယ်လို့ ဆိုတယ်။ ဒါပေမယ့် တကယ်ခရီးသွားလာတဲ့အခါမှာ အာဏာပိုင်တွေကနေပြီးတော့ အလုပ်သမားတွေအပေါ်မှာ ဖမ်းဆီးတာမျိုး၊ လက်မှတ်အပြည့်အစုံရှိလျက်နဲ့ တားဆီးထားတာမျိုး၊ တရားမ၀င် ငွေတောင်းတာမျိုး ဒါမျိုးတွေရှိတယ်။ နောက်တခုက လုပ်အားခကိုလည်း တရားဝင်သတ်မှတ်ထားတဲ့နှုန်း မပေးဘဲနဲ့ ချိုးဖောက်တာတွေရှိတယ်။ ဒါတွေကို သက်ဆိုင်ရာ နိုင်ငံတွေက နေပြီးတော့ အစိုးရတွေအနေနဲ့ သက်ဆိုင်ရာ အလုပ်သမားရေးရာ အဖွဲ့အစည်းတွေ၊ အလုပ်သမားရေးရာ ဌာနတွေကို သူတို့အစိုးရတွေအနေနဲ့ ကြီးကြပ်ပေးဖို့ ကျနော်တို့က တောင်းဆိုပေးစေချင်ပါတယ်။ နောက်တခုအနေနဲ့ကတော့ အလုပ်သမားတွေ အထူးသဖြင့်တော့ ဒီလိုအခွင့်အရေးတွေ ချိုးဖောက်ခံရတဲ့အခါ၊ အထူးသဖြင့် လူ့အခွင့်အရေးတွေ ချိုးဖောက်ခံရတဲ့အခါမှာ တရားဝင်တိုင်တန်းနိုင်တဲ့ Complaint Mechanism တခုကို ရှင်းရှင်းလင်းလင်းနဲ့ ဖော်ပြပေးထားဖို့ ထိုင်းအစိုးရကိုလည်း ကျနော်တို့ တောင်းဆိုပေးစေချင်တယ်။ နောက်တခုကတော့ မြန်မာပြည်ဘက်ခြမ်းမှာပေါ့။ မြန်မာပြည်ဘက်ခြမ်းမှာလည်း အလုပ်သမားတွေကို တင်ပို့တဲ့ ကုမ္ပဏီတွေ၊ တရားဝင်မှတ်ပုံတင်ထားတဲ့ ကုမ္ပဏီတွေ ရှိတယ်။ အဲဒီကုမ္ပဏီတွေအနေနဲ့ ဥပဒေအတိုင်း မှန်မှန်ကန်ကန် လုပ်ကြသလား၊ တချို့ကုမ္ပဏီတွေက ထိုင်းနိုင်ငံကိုသွားမယ့် အလုပ်သမားတွေကို ဗမာပြည်ထဲမှာ စာချုပ်ချုပ်တယ်။ ဘယ်အလုပ် ဘယ်အလုပ်ရမယ်လို့ စာချုပ်ချုပ်ထားတယ်။ နောက် လုပ်အားခ ဘယ်လောက်ရမယ်ဆိုပြီး ပြောပြီးတော့ စာချုပ်ချုပ်တယ်။ ဒါပေမယ့် တကယ် ဒီနိုင်ငံကို ရောက်တဲ့အခါမှာ သူတို့ တကယ် ဗမာပြည်မှာ ပြောခဲ့တဲ့ အလုပ်မျိုးတွေ မဟုတ်ဘူး။ စက်ရုံအလုပ်လို့ ဗမာပြည်မှာပြောပေမယ့် ဒီမှာ ရောက်တဲ့အခါမှာ ပန်းရံလို အလုပ်မျိုးတွေ၊ အဲလိုအလုပ်မျိုးတွေ ဖြစ်ကြတာ လုပ်ငန်းမတူတာရှိတယ်။ နောက်တခုက တရားဝင် ဟိုဘက်မှာပြောခဲ့တဲ့လစာ ရမယ်ပြောပေမယ့် ဒီမှာမရတဲ့ဟာမျိုးတွေဆိုတော့ အဲဒီလိုဟာမျိုးတွေနဲ့ ဒီနိုင်ငံကို ရောက်တဲ့အခါမှာလည်း တခါ ဒီအလုပ်သမားတွေကို အလုပ်ရှင်ကနေပြီးတော့ စာချုပ်အသစ်တွေ တခါထပ်ချုပ်တယ်။ အဲလို ထပ်ချုပ်ပြီးတော့ အလုပ်ရှင်အလုပ်သမား ပြဿနာ တက်လာတဲ့အခါမှာ ဒီကုမ္ပဏီတွေက ဘာတာဝန်မှ မယူဘူး။ နောက် အလုပ်သမားတွေကို ဗမာပြည်ကို ပြန်ပို့ပြီးမှ ပြန်လာခဲ့ဆိုပြီး ပြန်ခေါ်သွားတယ်။ ခေါ်သွားတဲ့အခါကျတော့ သူတို့တွေရဲ့ အလုပ်လုပ်ခွင့်လက်မှတ်တွေ ဆုံးရှုံးသွားတာတွေ ရှိတယ်။ သူတို့ ငွေကုန်ကြေးကျ အများကြီးပေးပြီးတော့ လက်မှတ်ရဖို့ လုပ်ခဲ့ရတယ်။ တရားဝင်ဗီဇာတွေ လုပ်ခဲ့ရတယ်။ ဗမာပြည်ကို ပြန်ခေါ်သွားတဲ့အတွက် အလုပ်သမားတွေက အစကနေပြန်ပြီးတော့ အလုပ်သမားလက်မှတ်တွေ ပြန်လုပ်ရတယ်။ အထောက်အထားတွေနဲ့ အကုန်အကျတွေ အများကြီးထပ်ပြီးတော့ ကုန်ကြရတယ်။ တချို့ကုမ္ပဏီတွေဟာ ဗမာပြည်မှာ ထောင်ထားပြီးတော့ အလုပ်သမားတွေကို ဥပဒေနဲ့အညီ လုပ်ဆောင်ပေးတာ မရှိဘူး။ အဲဒီလိုကုမ္ပဏီတွေကို အစိုးရအနေနဲ့ ကြပ်ကြပ်မတ်မတ် ကိုင်တွယ်ပေးဖို့၊ စောင့်ကြည့်ပြီးတော့ တကယ်လို့ ကုမ္ပဏီတွေက ဥပဒေနဲ့မညီဘူးဆိုရင် ဒီကုမ္ပဏီတွေကို Black List သွင်းပြီးတော့ လုပ်ပိုင်ခွင့်တွေ ပြန်ရုပ်သိမ်းတာမျိုးတွေ၊ ဒါတွေကို လုပ်ဖို့အတွက်ကတော့ ကျနော်တို့အနေနဲ့ကတော့ မေတ္တာရပ်ခံချင်ပါတယ်။ မေး - ဟုတ်ကဲ့ ဒါကတော့ ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားတွေရဲ့ အကြောင်းပေါ့နော်။ ကိုယ့်နိုင်ငံမဟုတ်တော့ ကိုယ့်အချင်းချင်း တပတ်ရိုက်တာမျိုး၊ အနိုင်ကျင့်ခံရတာမျိုးပေါ့၊ ဒါကတော့ ထိုင်းရောက် ရွှေ့ပြောင်းမြန်မာတွေရဲ့ အလုပ်သမားဘ၀ပေါ့နော်။ လက်ရှိ မြန်မာနိုင်ငံထဲက အလုပ်သမားအကြောင်းတွေကိုရော ဘယ်လိုမြင်လဲ။ ဖြေ - ဗမာပြည်မှာတော့ ခုလက်ရှိအစိုးရအနေနဲ့က ရက်တရာတော့ မပြည့်သေးဘူးပေါ့။ အခုမှ တက်လာတယ်။ တက်လာတော့ ဗမာပြည်မှာက ကျနော်တို့အားလုံး သိကြတဲ့အတိုင်း ၂၀၁၀ နောက်ပိုင်းမှာ အလုပ်သမားဥပဒေတွေ ပေါ်လာတယ်။ အဲဒီမတိုင်ခင်မှာက မြန်မာပြည်မှာ တောက်လျှောက် စစ်အစိုးရ အဆက်ဆက်ရဲ့အောက်မှာ ကျနော်တို့ အလုပ်သမားသမဂ္ဂတွေဆိုတာ မရှိခဲ့ဘူး။ အလုပ်သမား အခွင့်အရေးတွေ ဆိုတာကလည်း လုံးဝနီးပါးကို မရှိခဲ့ဘူး။ အခု ၂၀၁၀ ပြီးတဲ့အခါမှာ တရားဝင် အလုပ်သမားအဖွဲ့အစည်း ဥပဒေတွေ ပေါ်လာတယ်။ အလုပ်သမား အဖွဲ့အစည်းတွေ ဖွဲ့စည်းခွင့်ရလာတယ်။ ဒါပေမယ့် အလုပ်သမား အဖွဲ့အစည်းတွေ ဖွဲ့စည်းခွင့်ရလာတယ် ဆိုပေမယ့် တရားဝင် မြန်မာနိုင်ငံမှာ ကျနော်တို့ သိသလောက်ဆိုရင် Trade Union ပေါ့၊ အလုပ်သမားသမဂ္ဂလို့တောင် အသုံးအနှုန်း မခံပါဘူး။ မှတ်ပုံတင်ခြင်း ဥပဒေမှာဆိုရင်တော့ အခြေခံအလုပ်သမား အဖွဲ့အစည်းပေါ့။ Basic Labor Organizatoin လို့ပဲ သူတို့က ဖွဲ့ခွင့်ရှိတယ်။ တရားဝင် အလုပ်သမားသမဂ္ဂဆိုတဲ့ အသုံးအနှုန်းကို ကျနော်တို့ သုံးတာမတွေ့ရဘူး။ အပြင်မှာတော့ သုံးတယ်ဆိုပေမယ့် တရားဝင်အသုံးအနှုန်းအရတော့ အခြေခံအလုပ်သမားအဖွဲ့အစည်းတွေဆိုပြီး ရှိတယ်ပေါ့နော်။ အဲတော့ အနိမ့်ဆုံးလစာ ဥပဒေတွေ ပြဋ္ဌာန်းတယ်။ ပြဋ္ဌာန်းပြီးတော့ ဒီဟာကလည်း အသက်ဝင်တာ သိပ်မကြာသေးဘူး။ ဒါပေမယ့် လက်တွေ့မှာ အနိမ့်ဆုံးလစာ ဥပဒေအတိုင်း အလုပ်သမားတွေကို တကယ်ပေးသလားဆိုတော့ တချို့စက်ရုံတွေပေးတယ်။ တချို့စက်ရုံတွေမပေးဘူး။ ပေးတဲ့စက်ရုံတွေမှာလည်း ဘာဖြစ်သလဲ ဆိုတဲ့အခါကျတော့ တရားဝင် အနိမ့်ဆုံးလစာ ၃၀၀၀ ပေးလိုက်တယ်။ အရင်တုန်းကပေးခဲ့တဲ့ အခွင့်အရေးတွေကို ပြန်ရုပ်သိမ်းလိုက်တယ်။ ဥပမာအနေနဲ့ စက်ရုံကနေပြီး ဖယ်ရီအကြိုအပို့ လုပ်တယ်။ အဲဒီ ဖယ်ရီအကြိုအပို့လုပ်တဲ့ ကိစ္စတွေကို မပေးတော့ဘူး။ မင်းတို့ကို အနိမ့်ဆုံးလစာ ပေးထားပြီးပြီ။ အဲဒီအတွက် သူတို့ ဖယ်ရီအကြိုအပို့ မပေးတော့ဘူး။ နောက်တခါ အရင်တုန်းက ရက်မှန်ကြေးလိုဟာမျိုးတွေ ပေးတယ်။ Bonus လိုဟာမျိုးတွေပေးတယ်။ ဒီငွေတွေကို သူတို့ လုံးဝမပေးတော့ဘူး။ အဲတော့ အဲဒီအတွက် အနိမ့်ဆုံးလစာ ဆိုတာကလည်း သတ်မှတ်လိုက်တဲ့အခါမှာ အနိမ့်ဆုံးလစာအပြင် ကျနော်တို့ရဲ့ ပုံမှန်ပေးနေကျ အလုပ်သမားတွေရဲ့ ခံစားခွင့်တွေကို ပေးရမှာဖြစ်ပါတယ်။ မြန်မာပြည်မှာ အခုဖြစ်နေတာက ကျနော်တို့ အနိမ့်ဆုံးလစာကို အစိုးရက သတ်မှတ်ပေးလိုက်တယ်။ ဒါ ပြီးခဲ့တဲ့ အစိုးရလက်ထက်မှာပေါ့။ သတ်မှတ်ပြီးတော့ အဲဒီသတ်မှတ်လိုက်တဲ့ အဆင့်လောက်ပဲရှိတယ်။ ထပ်ပြီးတော့ ညှိနှိုင်းရမှာတွေ ရှိလာတယ်။ အလုပ်သမားနဲ့ အလုပ်ရှင်ကြားထဲမှာ အရင် အလုပ်သမားတွေကို ပေးထားခဲ့တဲ့ အကျိုးခံစားခွင့်တွေ၊ အဲဒီအကျိုးခံစားခွင့်တွေနဲ့ အခုလက်ရှိ အနိမ့်ဆုံးလစာရတဲ့ အကျိုးခံစားခွင့်နဲ့ မျှတအောင်အတွက် ထပ်ပြီးတော့ အစိုးရအနေနဲ့ လုပ်ပေးဖို့လိုနေသေးတယ်လို့ ကျနော်ကတော့ မြင်ပါတယ်။ မေး - ထိုင်းရောက် ရွှေ့ပြောင်းအလုပ်သမားတွေကိုရော ဘာပြောချင်လဲပေါ့။ ဥပမာအားဖြင့် ဒီအလုပ်သမားရဲ့ ဥပဒေကိုပေါ့ ရှောင်ရန်ဘာတွေရှိလဲပေါ့။ ခရီးသွားရင် ဘာတွေရှောင်သင့်လဲပေါ့။ ထိုင်းရောက် အလုပ်သမားတွေကို ဘာပြောချင်လဲ။ ဖြေ - ဟုတ်ကဲ့ ထိုင်းမှာကတော့၊ မဲဆောက်ကတော့ အမြဲတမ်း အလုပ်သမားသစ်တွေ ၀င်တဲ့နေရာပေါ့။ တစ်အချက်အနေနဲ့ ကျနော်တို့ ထိုင်းနိုင်ငံကို လာမယ်ဆိုရင် အခု တရားဝင်လည်း လာလို့ရတယ်။ MOU စနစ်နဲ့ တရားဝင်လည်း လာလို့ရတယ်။ ကျနော်တို့ တွေ့နေကြတဲ့ အခြေအနေက အလုပ်သမားအများစုက ဆွေမျိုးညီအစ်ကို မောင်နှမတွေ ဘန်ကောက်လို အခြားမြို့ကြီးတွေမှာ ရှိတယ်ပေါ့။ အဲဒီအခါကျတော့ အဲဒီနေရာကို အမြန်ဆုံးရောက်ဖို့အတွက် သူတို့က လူကုန်ကူးတဲ့သူတွေ၊ ပွဲစားတွေနဲ့ သွားကြတယ်။ တသောင်း၊ တသောင်းခွဲအထိ ပေးပြီးတော့ သွားကြတယ်။ တကယ် MOU စနစ်နဲ့ သွားမယ်ဆိုရင် အဲလောက်တောင် မကျဘူး။ ဒါပေမယ့် MOU စနစ်မှာလည်း ခုနပြောတဲ့ အားနည်းချက်တွေတော့ အများကြီးရှိတာပေါ့။ ဒါကတပိုင်းပေါ့။ လက်မှတ်မရှိဘဲနဲ့ လာကြတဲ့အခါမှာ တချို့အလုပ်သမား မိန်းကလေးတွေ အရောင်းစားခံရတဲ့ ပြဿနာတွေ ဖြစ်လာတယ်။ အမျိုးသမီးတွေတင်မကဘူး၊ တချို့အမျိုးသားတွေသည်ပင်လျှင် လှေတွေမှာ ရောင်းစားခံရတယ်။ ငါးဖမ်းလှေတွေမှာ ရောင်းစားခံပြီး ပင်လယ်ထဲမှာ ၂ နှစ်၊ ၃ နှစ်၊ ကျွန်လို ပင်ပင်ပန်းပန်း လုပ်ခဲ့ရတယ်။ အဲတော့ တကယ်လာမယ်ဆိုရင် ထိုင်းနိုင်ငံကို မလာခင်မှာ အလုပ်သမားတွေအနေနဲ့ ကိုယ်က ဘယ်နေရာကို သွားမှာလဲ။ သက်သေခံလက်မှတ် အထောက်အထားတွေ ရှိဖို့လိုတယ်။ နောက်တခုက ထိုင်းနိုင်ငံအတွင်းမှာ ရောက်တယ်ဆိုရင် ဘယ်လိုအဖွဲ့အစည်းတွေက အကူအညီပေးနေလဲ။ အလုပ်သမားရေးရာ အကူအညီပေးနေတဲ့ အဖွဲ့အစည်းတွေရှိတယ်။ မြန်မာသံရုံး ဖုန်းနံပါတ်တွေရှိတယ်။ အဲဒီနံပါတ်တွေကို ဆက်သွယ်နိုင်မယ့် အကူအညီပေးနိုင်မယ့် အဖွဲ့အစည်းတွေရဲ့ ဖုန်းနံပါတ်တွေ၊ အဆက်အသွယ်တွေကို ဆောင်ယူလာဖို့ လိုတယ်။ တချို့ဆိုရင် ကျနော်တို့ မြင်နေရတာက ထိုင်းနိုင်ငံကိုလာပြီးတော့ အလုပ်လုပ်တယ်။ တရားမ၀င် ၀င်လာကြတယ်။ လူပွဲစားတွေနဲ့ ၀င်လာတယ်။ အဲဒါကို ကျနော်တို့ အဓိကအနေနဲ့ အသိပေးချင်တာက တကယ်ကို လိမ်နေတဲ့သူဟာ သူတို့ရဲ့ ရင်းရင်းနှီးနှီးလူတွေ ဖြစ်နေတာကို သွားတွေ့ရတယ်။ ဥပမာ လွယ်လွယ်တခု ပြောရရင်တော့ ကျနော်တို့ ဗမာအလုပ်သမားတွေကို ခေါ်လာတာတွေ့တယ်။ လိမ်လည်ပြီးတော့ လှည့်ဖြားပြီး ခေါ်လာတယ်။ တချို့စက်ရုံတွေမှာဆို လစာမရဘဲနဲ့ သုံးလေးလလောက် ပိတ်လှောင်ပြီးတော့ ခိုင်းစေခံရတယ်။ ရောင်းစားခံရတယ်။ ဗမာတွေကို ရောင်းစားနေတာ ကျနော်တို့ ဗမာတွေဖြစ်တယ်ဆိုတာ သွားတွေ့ရတယ်။ ကရင်အလုပ်သမားတွေကို ရောင်းစားနေတဲ့ ပွဲစားတွေက ကရင်တွေဖြစ်တယ်။ မွန်အလုပ်သမားတွေကို ရောင်းစားနေတာ မွန်တွေဖြစ်တယ်။ အဲဒီရောင်းစားတဲ့ သူတွေကလည်း သူတို့သိနေတဲ့သူတွေ ဖြစ်နေပြန်တယ်။ ဒါကြောင့်မို့လို့ အလုပ်သမားတွေအနေနဲ့ ဒီထိုင်းနိုင်ငံထဲကို လာတဲ့အခါမှာ သေသေချာချာလေ့လာပြီး စုံစမ်းပြီးမှ လာကြစေချင်တယ်။ တခုခု အခက်အခဲဖြစ်တယ်ဆိုရင် မကြောက်ဘဲနဲ့ သက်ဆိုင်ရာ အကူအညီပေးနိုင်တဲ့ အဖွဲ့အစည်းတွေကို အမြန်ဆက်သွယ်ဖို့လိုတယ်။ ထွက်ပြေးပြီးတော့ အမြန်ဆက်သွယ်ဖို့လိုတယ်။ အဲဒါတချက် ကျနော်တို့အနေနဲ့ သတိပေးချင်ပါတယ်။ ဒုတိယအချက်အနေနဲ့ ဒီမှာရောက်နေတဲ့ ကျနော်တို့ မြန်မာအလုပ်သမားကြားထဲမှာ အုပ်စုတွေ ကွဲနေတာတွေရှိတယ်။ အထူးသဖြင့်တော့ ဘန်ကောက်လိုမြို့ကြီးနဲ့ အခြား တောင်ပိုင်းမြို့ကြီးတွေမှာဆိုရင် အုပ်စုတွေ ကွဲနေတာရှိတယ်။ ဒါကတော့ စစ်အစိုးရလက်အောက်မှာ သွေးခွဲအုပ်ချုပ်ရေး ပေါ်လစီ လုပ်ခဲ့တဲ့အတွက် တိုင်းရင်းသားလူမျိုးအချင်းချင်း ကြားထဲမှာ မယုံကြည်မှုတွေဖြစ်တယ်။ ဖြစ်တဲ့အခါကျတော့ ကျနော်တို့ အလုပ်သမားတွေရဲ့ ကြားထဲမှာလည်း အထူးသဖြင့် မြို့ကြီးတွေမှာ ဥပမာပြောရရင် ဘန်ကောက်လို မြို့တွေမှာဆိုရင် မွန်ဆိုရင် မွန်လူမျိုးက သပ်သပ်တစု၊ ကရင်ဆိုရင် ကရင်ကတစု၊ ထားဝယ်ဆိုရင် ထားဝယ်ကတစု၊ အဲတော့ စည်းလုံးညီညွတ်မှု မရှိဘဲနဲ့ အဲလို အုပ်စုလိုက် အုပ်စုလိုက်ကလေးတွေ ဒါ နိုင်ငံရေးရဲ့ အကျိုးဆက်အနေနဲ့ ဖြစ်ခဲ့တာပေါ့။ ဒီလိုဟာမျိုးတွေ ဖြစ်နေတာက ကျနော်တို့ရဲ့ အလုပ်သမားတွေကြားထဲမှာ အခွင့်အရေး ချိုးဖောက်ခံရဖို့အတွက် အားနည်းတဲ့အချက်တွေ ဖြစ်တယ်။ ကျနော်တို့အားလုံး အလုပ်သမားတွေ အချင်းချင်းကြားထဲမှာ လူမျိုးရေးတွေ၊ ဘာသာရေးတွေ မကွဲဘဲနဲ့ စည်းစည်းလုံးလုံး ရှိမယ်ဆိုရင် ကျနော်တို့ရဲ့ အခွင့်အရေးတွေကို မတရား အနိုင်ကျင့်ချင်တဲ့သူတွေက ကျင့်ဖို့အတွက်၊ မတရားလုပ်ဖို့အတွက် ခက်ခဲသွားနိုင်တယ်။ စည်းလုံးညီညွတ်မှု ရှိခြင်းအားဖြင့် မိမိတို့ရဲ့ အခွင့်အရေးတွေ ချိုးဖောက်ခံရမှုတွေ၊ မတရားလုပ်ခံရမှုတွေကနေပြီးတော့ ကာကွယ်နိုင်မယ်၊ နည်းသွားနိုင်မယ်လို့ ကျနော်မြင်တယ်။ ဒါကြောင့်မို့ ကွဲပြားနေတဲ့ အုပ်စုတွေအနေနဲ့ တခြားနိုင်ငံမှာ ရောက်နေတဲ့ ဘ၀တူ အလုပ်သမားတွေဖြစ်တယ်၊ ဘ၀တူ မြန်မာနိုင်ငံသားတွေဖြစ်တယ်၊ ဆင်းရဲဒုက္ခရောက်လာလို့ တခြားနိုင်ငံမှာ ပိုကောင်းမွန်တဲ့ဘ၀ကို လာရှာတဲ့ ဘ၀တူအချင်းချင်း ကူညီကြဖို့၊ ရိုင်းပင်းကြဖို့၊ စုစည်းကြဖို့ လိုတယ်လို့ ကျနော်ကတော့ ပြောချင်ပါတယ်ခင်ဗျ။ တွေ့ဆုံမေးမြန်းသူ - စောဖိုးစီ

A d v e r t i s e m e n t With Us

More News
Up