ဒလတွင် အလေးချိန် ၂ တန်ခန့် ကျောက်စိမ်းအရိုင်းတုံးကြီး ဖမ်းမိ
DVB
·
June 17, 2016
ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်မှာ ၂ တန်လောက် အလေးချိန်ရှိတဲ့ တရားမ၀င် သယ်ဆောင်လာတဲ့ ကျောက်စိမ်းအရိုင်းတုံးကြီးကို ဖမ်းဆီးရမိပြီး ကျောက်မျက်ဥပဒေပုဒ်မ ၄၂ (က) နဲ့ အမှုဖွင့် အရေးယူထားတယ်လို့ ဒလမြို့မ ရဲစခန်းမှူး ရဲအုပ်သက်နိုင်က ဒီဗွီဘီကို ပြောပါတယ်။
“ကျနော်တို့ မနေ့ကပဲ အမှုဖွင့်လိုက်ပါပြီ။ တင်လာတာကတော့ ပိုင်ရှင်ရဲ့သားရယ်၊ ကားသမားရယ်ပေါ့။ ပိုင်ရှင်က ဦးအောင်မိုး (ခေါ်) ဦးအောင်စိုးပေါ့။ ကျနော်တို့ အဲဒါ စိစစ်တုန်းရှိသေးတယ်။ ကျနော်တို့က အခု သူ့သားကိုမေးတော့ သူ့အဖေပိုင်တယ်ဆိုလို့ ကျနော်တို့က သူ့အဖေကိုပါ ထည့်စွဲထားတာပါ။”
အဆိုပါကျောက်စိမ်းဟာ အလေးချိန် ၂ တန်ရှိပြီး ဖမ်းဆီးခံရသူ မောင်သီဟကျော် (၁၇) နှစ်ရဲ့ ပြောဆိုချက်အရ သူ့အဖေက သိန်း ၂၀၀ နဲ့ ၀ယ်ယူခဲ့တယ်လို့ ပြောဆိုကြောင်းလည်း ရဲအုပ်သက် နိုင်က ပြောပါတယ်။
ဒီကျောက်စိမ်းကို ဇွန်လ ၁၅ ရက်နေ့က ညနေက ဖမ်းဆီးရမိခဲ့တာဖြစ်ပြီး ဘယ်ကနေ သယ်ဆောင်လာတယ် ဘယ်ကုမ္ပဏီပိုင်လဲဆိုတာ စစ်ဆေးနေဆဲပဲလို့ ပြောပါတယ်။
“အဲဒါတွေကို ကျနော်တို့ မစစ်ရသေးဘူး။ ကလေးကတော့ သူအိမ်ကနေပြီးတော့ ရန်ကုန်ကိုပို့ဖို့ ကားငှားပြီးတင်တာ။ ကျောက်ကတော့ ကျနော်တို့ဆီမှာပဲ၊ ကျနော်တို့ကတော့ ကျောက်မျက်ကို သွားပြီး အရည်အသွေးစစ်ရမယ်။ အလေးချိန်စစ်ရမယ်ခင်ဗျာ။ ဒီကျောက်နဲ့ပတ်သက်ပြီးတော့ အမှုစစ် ကိုယ်တိုင် နေပြည်တော်ကျောက်မျက်ကိုသွားပြီး တရားဝင်စာရွက်စာတန်းနဲ့ ဒီကျောက်ကို စစ်ဆေးပေးဖို့ သွားပြီးအကူအညီတောင်းမှာပါ။”
အလျား ၆ ပေ ၅ လက်မ၊ အနံ ၃ ပေ ၅ လက်မ၊ အမြင့် ၂ ပေ၊ အလေးချိန် ၂ တန်ရှိ ကျောက်စိမ်း အရိုင်းတုံးကြီးကို ရေကမ္ဘာကုမ္ပဏီကားနဲ့ ယာဉ်မောင်း ဦးကျော်ဌေးနဲ့ မောင်သီဟကျော်တို့က တင်ဆောင်လာတာဖြစ်ပါတယ်။