A d v e r t i s e m e n t With Us

ဝ၊ မိုင်းလားတပ်ဖွဲ့များနှင့် အစိုးရကိုယ်စားလှယ်တို့ ယနေ့တွေ့ဆုံမည်

ဝတပ်ဖွဲ့ဝင်များအား စစ်ရေးပြအခမ်းအနားတွင် တွေ့ရစဉ်
ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ  (၂၁ ရာစုပင်လုံ) အကြိုပြင်ဆင်ရေးကိစ္စ ဆွေးနွေးဖို့ ဒေါက်တာ တင်မျိုးဝင်း ဦးဆောင်တဲ့ အစိုးရကိုယ်စားလှယ်အဖွဲ့နဲ့ ၀၊  မိုင်းလား  တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၂ ဖွဲ့တို့ မိုင်းလားမှာ  ဒီကနေ့ တွေ့ဆုံဖို့ ရှိပါတယ်။ ပန်ခမ်းအခြေစိုက် ၀ တပ်ဖွဲ့ (ယူဒဗလျအက်စ်အေ)နဲ့  မိုင်းလားအခြေစိုက် အန်ဒီအေအေ တပ်ဖွဲ့ တို့နဲ့တွေ့ဆုံဖို့ အစိုးရငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့တွေ ဒီကနေ့မနက် ကျိုင်းတုံကို ထွက်ခွာသွားပြီလို့ ၂၁ ရာစုပင်လုံညီလာခံ အကြိုညှိနှိုင်းရေး ဆပ်ကော်မတီ ၂ ရဲ့ အတွင်းရေးမှူး ဦးလှမောင်ရွှေက ဒီဗွီဘီကို ပြောပါတယ်။ “ကော်မတီဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်း ဦးဆောင်တဲ့အဖွဲ့က  ၀ နဲ့ မိုင်းလား အဖွဲ့နဲ့ ဒီနေ့ နေ့လည်ပိုင်းမှာပဲ မိုင်းလားမှာ တွေ့မှာပါခင်ဗျ။ ၂ ဖွဲ့လုံးကိုတော့ သီးခြားတွေ့မယ်လို့ ကျနော် ထင်တယ်။ ဒုတိယဗိုလ်ချုပ်ကြီး(ငြိမ်း) ဦးခင်ဇော်ဦး၊ ဦးမိုးဇော်ဦး၊ ဦးသိန်းဇော်နဲ့ တပ်မတော် အရာရှိတချို့ ပါပါတယ်” ဒီတွေ့ဆုံမှုမှာ အဓိကအားဖြင့် အန်အယ်လ်ဒီအစိုးရက လာမယ့် ၂ လလောက်အတွင်း ဦးဆောင်ကျင်းပသွားမယ့် ၂၁ ရာစုပင်လုံညီလာခံ၊ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံအကြို ဖြစ်မြောက်ရေး ဆောင်ရွက်နေတဲ့ လုပ်ငန်းတွေကို ရှင်းပြသွားမယ်လို့ သူက ဆက်ပြောပါတယ်။ ဒေါက်တာတင်မျိုးဝင်း ခေါင်းဆောင်တဲ့ အစိုးရကိုယ်စားလှယ်အဖွဲ့ဟာ ဒီလဆန်းပိုင်းကလည်း ညီညွတ်သော တိုင်းရင်းသား လူမျိုးများဖက်ဒရယ်ကောင်စီအဖွဲ့ (ယူအန်အက်ဖ်စီ)နဲ့ အလွတ်သဘော တွေ့ဆုံခဲ့ပါတယ်။ ဒါ့အပြင် အစိုးရတပ်နဲ့ တိုက်ပွဲတွေဖြစ်နေတဲ့ ရက္ခိုင့်တပ်မတော်(အေအေ)၊ တအာင်း တပ်မတော် (တီအန်အယ်လ်အေ)နဲ့ ကိုးကန့်အဖွဲ့(အမ်အန်ဒီအေအေ)နဲ့ပါ ဒီလအတွင်း  တွေ့ဆုံ ဆွေးနွေးနိုင်ဖို့ အချိန်နေရာညှိနှိုင်းနေ တယ်လို့ ဦးလှမောင်ရွှေက ပြောပါတယ်။

A d v e r t i s e m e n t With Us

More News
Up