ရဲတပ်ရင်းသစ်များ တိုးချဲ့ဖွဲ့စည်း
DVB
·
September 13, 2011
မြန်မာနိုင်ငံရဲတပ်ဖွဲ့လက်အောက်ခံ ရဲတပ်ရင်းသစ်တွေ တိုးချဲ့ဖွဲ့စည်းနေပြီး ရန်ကုန်အနီးတဝိုက်က ရဲတပ်ရင်းတွေကိုလည်း ရှမ်းပြည်နယ်ဘက်ကို ပြောင်းရွှေ့လိုက် တယ်လို့ ရဲဝန်ထမ်းတချို့ဆီက စုံစမ်းသိရှိရပါတယ်။
ရဲတပ်ရင်းသစ် ၄ ခုကတော့ အမှတ် ၁၇ ၊ ၁၈၊ ၁၉ နဲ့ အမှတ် ၂၀ တပ်ရင်း ၄ ရင်းဖြစ်ပြီး နေပြည်တော်အနီးအနားတဝိုက်က ဒေသတွေမှာ ဖွဲ့စည်းမယ်လို့ သိရပါတယ်။
နေပြည်တော်မှာရှိတဲ့ ဆောက်အဦတွေ လုံခြုံရေးနဲ့ ဝန်ကြီးအဖွဲ့တွေနဲ့ အစိုးရအရာရှိတွေ ခရီးသွားလာရာမှာ လမ်းကြောင်းလုံခြုံရေးအတွက် ဖြစ်တယ်လို့လည်း ရဲတပ်ဖွဲ့ဝင်တဦးက ပြောပြပါတယ်။
ရဲတပ်ရင်းတွေ တိုးချဲ့ဖွဲ့စည်းတာနဲ့ပတ်သတ်ပြီး သီးခြားအတည်ပြုချက်တော့ မရရှိသေးပါဘူး။ ရန်ကုန်မြို့အနီးက မှော်ဘီမြို့နယ်မှာရှိတဲ့ အမှတ် ၅ ရဲတပ်ရင်းနဲ့ ရွှေပြည်သာမြို့နယ်ရှိ အမှတ် ၆ ရဲတပ်ရင်းတို့ကိုတော့ ရှမ်းပြည်နယ်ဘက်ကို ပြောင်းရွှေ့တယ်လို့ သိရပါတယ်။
မတ်လ ၃၀ ရက်ကစပြီး ရန်ကုန် အပါအဝင် မြို့ကြီးတွေရှိ အစိုးရအဆောက်အဦတွေနဲ့ အစိုးရအရာရှိတွေရဲ့ လုံခြုံရေးကို ရဲတပ်ရင်းတွေက တာဝန်ယူနေရပြီး အင်အားမလုံလောက်မှုကြောင့် နယ်မြေခံ ရဲတပ်ဖွဲ့ကို အသုံးပြုနေရတယ်လို့ ရဲတပ်ဖွဲ့ဝင်တဦးက ပြောပြပါတယ်။
“ရန်ကုန်အနေအထားမှာဆိုရင်လည်း ပြောမယ်ဆိုရင် လုံခြုံရေးအပိုင်း သွားတာလည်း အကုန်လုံး ရဲပဲသွားတယ်။ ရဲပဲသွားတော့ အကြောင်းကိစ္စဆိုရင် ရဲတပ်ရင်းတွေတင်မက နယ်မြေစခန်းရဲတွေပါ အားဖြည့်ပြီးတော့ လုပ်ပေးရတာမျိုးရှိတယ်။”
ရန်ကုန်မှာ ရဲတပ်ရင်း ၆ ရင်း၊ မန္တလေးမှာ တပ်ရင်း ၂ ရင်း၊ ပဲခူးတိုင်းမှာ တပ်ရင်း ၃ ရင်း၊ ရခိုင်ပြည်နယ်မှာ ၃ ရင်း၊ မွန်ပြည်နယ်မှာ ၁ ရင်းနဲ့ စစ်ကိုင်းတိုင်းမှာ ၁ ရင်း အသီးသီး နေရာချထားခဲ့တာဖြစ်ပြီး အဓိကရုဏ်းနှိမ်နင်းရေးနဲ့ လုံခြုံရေးအတွက် ဒီရဲတပ်ရင်းတွေကို ဖွဲ့စည်းခဲ့တာလို့ သိရပါတယ်။