ဘုန်းကြီးကျောင်းတွင်း မူးယစ်ဆေးသုံးသည့် ကိုရင် ၅ ပါးကို ၀င်ရောက်ဖမ်းဆီး

ဓာတ်ပုံ - dailynews
3.3K
ထိုင်းနိုင်ငံ၊ နာခွန်ဆီသမာရက်ခရိုင်ထဲက ဘုန်းကြီးကျောင်းတကျောင်းကို ရဲတွေက စီးနင်းရှာဖွေခဲ့ချိန်မှာ မူးယစ်ဆေးသုံးစွဲနေတဲ့ ဗုဒ္ဓဘာသာ ကိုရင် ၅ ပါးနဲ့ လူ ၃ ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ ဒေးလီးနယူးစ်သတင်းမှာ ဇွန် ၁၅ ရက်နေ့က ဖော်ပြပါတယ်။
အဆိုပါကိုရင်တွေဟာ တခြားရွာသားတွေနဲ့အတူ ထိုင်းနိုင်ငံတောင်ပိုင်း၊ ရက်ချဒန်နိုအန် လမ်းမကြီးပေါ်မှ ၀ပ်ဆရင် ဘုန်းကြီးကျောင်းတွင်းမှာ မလျော်ကန်တဲ့ ခုလိုအပြုအမူကို လုပ်ခဲ့ကြတာလို့ ရွာသားတွေက ပြောပါတယ်။
ရဲတွေဟာ သူတို့ရှိရာ ဘုန်းကြီးကျောင်းရဲ့ ဒုတိယထပ်ကို ရောက်ရှိခဲ့ချိန်မှာ ဇာနက်စ် (Xanax) (အယ်လ်ပရာဇိုလမ် - Alprazolam) မူးယစ်ဆေးဝါး ရောစပ်ထားတဲ့ ကရာသွန် (krathom) ရေနွေးကြမ်းတအိုးနဲ့အတူ တွေ့ရှိခဲ့တာလို့ သတင်းမှာ ဖော်ပြပါတယ်။
အဲဒီမူးယစ်ဆေးဟာ စိတ်နှလုံးမငြိမ်သက်မှုနဲ့ စိုးရိမ်သောကအတွက် ဖြေဖျောက်ရာမှာ အသုံးပြုတဲ့ စိတ်ငြိမ်ဆေးတမျိုးဖြစ်တယ်လို့ ဆိုပါတယ်။
သူတို့အားလုံးဟာ အသက် ၁၆ နှစ်နဲ့ ၁၇ နှစ်ကြား လူငယ်တွေဖြစ်ကြပြီး ကိုရင်တွေကို လူဝတ်လဲစေခဲ့ကာ စုံစမ်းစစ်ဆေးမှုတွေ လုပ်နေတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။