ပြည်သူပိုင်နေရာများကို အများပြည်သူပြန်လည်ပိုင်ဆိုင်ရေး ရန်ကုန်လွှတ်တော် အတည်ပြု
ရွှေအောင်
·
June 16, 2016
အများပြည်သူပိုင်နေရာတွေကို အများပြည်သူပြန်လည်ပိုင်ဆိုင်နိုင်ရေးဆောင်ရွက်ပေးဖို့ ဒီကနေ့ ရန်ကုန်တိုင်း လွှတ်တော်မှာ တပ်ကိုယ်စားလှယ်တွေ အပါအ၀င် လွှတ်တော်ကိုယ်စားလှယ် အများစုရဲ့ ထောက်ခံမှုနဲ့ အတည်ပြုလိုက်ပါတယ်။
ဒီနေ့ ကျင်းပတဲ့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်မှာ အများပြည်သူပိုင်နေရာတွေကို အများပြည်သူပြန်လည်ပိုင်ဆိုင်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ပေးဖို့ တိုက်တွန်းကြောင်း သင်္ကန်းကျွန်းမြို့နယ် လွှတ်တော်အမတ် ဦးနေဘုန်းလတ်က အဆိုတင်သွင်းခဲ့ပြီး ကိုယ်စားလှယ် ၁၄ ဦးက ထောက်ခံဆွေးနွေးခဲ့ကြပါတယ်။
အဲ့ဒီနောက် တိုင်းလွှတ်တော်က အများစုထောက်ခံမှုနဲ့ အတည်ပြုခဲ့တာဖြစ်ပြီး အဆိုရှင် ဦးနေဘုန်းလတ်က ပြည်သူပိုင် မြေနေရာတွေကို အကွက်ဖော်ရောင်းစားတာမျိုး နောင် မဖြစ်အောင် ဒီအဆိုတင်တာလို့ ဒီဗွီဘီကို ပြောပါတယ်။
“အများပြည်သူ မြေနေရာတွေကို နောက်နောင်မှာ အကွက်ဖော် ရောင်းတာမျိုး မဖြစ်ဖို့၊ နောက် အများပြည်သူနေရာတွေမှာ တက်ရောက်ပြီး ကျူးကျော်ထားတာမျိုး ရှိနေရင်လည်း ဒါတွေကို တတ်နိုင်သမျှ စိစစ်ပြီးတော့ ပြန်လည်ဖော်ထုတ်ပေးဖို့ အဆိုထဲမှာ အဲ့ဒီ နှစ်ချက်ကို တိုက်တွန်းတာ”
အများပြည်သူပိုင်မြေနေရာတွေထဲ ပန်းခြံနဲ့ ကစားကွင်းတွေကို အများဆုံး ကျုးကျော် အကွက်ဖော် ရောင်းစားထားတာတွေ တွေ့ရတယ်လို့လည်း သူက ပြောပါတယ်။
ဦးနေဘုန်းလတ်ရဲ့ အဆိုကို ထောက်ခံဆွေးနွေးခဲ့ကြတဲ့ ကိုယ်စားလှယ် ၁၄ ဦးကလည်း သူတို့ရဲ့ မြို့နယ် အသီးသီးမှာ အလားတူဖြစ်ရပ်တွေ ရှိနေတဲ့အကြောင်း ပြောဆိုတင်ပြ ဆွေးနွေးခဲ့ကြ ပါတယ်။
ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးကတော့ ဒီကိစ္စ စည်ပင်တခုထဲ လုပ်ဆောင်နိုင်တာ မဟုတ်ဘဲ တရားရုံးတွေရဲ့ ဆုံးဖြတ်ချက်တွေလည်း လိုအပ်တာကြောင့် အတည်မပြုဘဲ အဆိုကို လွှတ်တော်မှာ မှတ်တမ်းအဖြစ်ပဲထားရှိဖို့ ဆွေးနွေးခဲ့ပေမယ့် ကိုယ်စားလှယ်အများစုက အဆိုအတည်ပြုဖို့ ထောက်ခံခဲ့ကြပြီး လွှတ်တော်ကလည်း အတည်ပြုလိုက်ပါတယ်။
မြို့တော်ဝန်က အဆိုကို ကန့်ကွက်တာ မဟုတ်ဘူးလို့ လည်း အဆိုရှင် ဦးနေဘုန်းလတ်က ပြောပါတယ်။
“သူက အဆိုကို ကန့်ကွက်တာ မဟုတ်ပါဘူးတဲ့၊ဒါပေမယ့် ကျနော်တင်ပြတဲ့ အကြောင်းကိစ္စ တခုကျတော့ တရားရုံးမှာ တရားရင်ဆိုင်နေတဲ့ ဟာဖြစ်နေတယ်၊အဲ့ဒီတော့ ဒီကိစ္စကြီး တခုလုံးကို ထောက်ခံ လိုက်တယ်ဆိုတဲ့ ပုံစံမျိုး ဖြစ်မှာစိုးရိမ်လို့ သူ ဆွေးနွေးတာပေါ့နော် သူ အဲ့လို ပြောပါတယ်”
အများပြည်သူပိုင်နေရာတွေကို အများပြည်သူပြန်လည်ပိုင်ဆိုင်ရေးအဆိုကို ရန်ကုန်တိုင်း လွှတ်တော်က ဆွေးနွေးအတည်ပြုလိုက်ပြီမို့ တိုင်းအစိုးရအနေနဲ့ ဆက်လက် အကောင်အထည်ဖော် လုပ်ဆောင်ရတော့မှာ ဖြစ်ပါတယ်။