ကရင်တိုင်းရင်းသားများအတွက် အကျိုးဆောင်သူ သတ်ဖြတ်ခံရ
DVB
·
September 13, 2011
ထိုင်းနိုင်ငံမှာ အိမ်ရာမီးရှို့ခံရပြီး အခြေခံလူ့အခွင့်အရေး ဆုံးရှုံးနေတဲ့ ဌာနေကရင်တိုင်းရင်းသားတွေအတွက် အကျိုးဆောင်လှုပ်ရှားပေးနေသူ မစ္စတာ တပ်ကမွန် အွပ်ဘွန် လုပ်ကြံပစ်သတ်ခံလိုက်ရပါတယ်။
ထိုင်းနိုင်ငံ ဖက်ခ်ျဘူရီခရိုင် ကဲန်ကကျန် သစ်တောကြိုးဝိုင်းထဲက ကရင်လူမျိုးတွေ ရသင့်တဲ့ အခြေခံလူ့အခွင့်အရေးတွေအတွက် ထိုင်းဘုရင်ဆီ အစီရင်ခံစာ တင်သွင်းဖို့ ပြင်ဆင်နေချိန် စက်တင်ဘာ ၉ ရက်နေ့မှာ သေနတ်နဲ့ ပစ်ခတ်လုပ်ကြံခံရတာလို့ ဖက်ခ်ျဘူရီခရိုင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ကရင်ကွန်ရက်အဖွဲ့ခေါင်းဆောင် ဝွတ်ဘွန်လတ်က ပြောပါတယ်။ ဘယ်သူတွေက ပစ်ခတ်လုပ်ကြံသွားတယ်ဆိုတာတော့ မသိရသေးဘူးလို့ ဆိုပါတယ်။
မစ္စတာ တပ်ကမွန်ဟာ ကရင်လူမျိုးတွေ အိမ်ရာမီးရှို့ခံရပြီး အခြေခံအခွင့်ရေးတွေ ဆုံးရှုံးနေတာကို မီဒီယာတွေနဲ့ ထိုင်းနိုင်ငံတဝန်း သိသွားအောင် ဖော်ထုတ်ခဲ့လို့ အခုလို သတ်ဖြတ်ခံရတာ ဖြစ်နိုင်ကြောင်းလည်း ဝွတ်ဘွန်လတ်က ပြောပါတယ်။
မစ္စတာ တပ်ကမွန်ဟာ စက်တင်ဘာ ၈ ရက်နေ့က ဘန်ကောက်နှီးနှောဖလှယ်ပွဲတခု တက်ရောက်ရာမှာ ကရင် ၈ ဦးခန့်ခေါ်သွားပြီး သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့တယ်လို့ မစ္စတာ ဝွတ်ဘွန်လတ်က ပြောပါတယ်။
ရှင်းလင်းပွဲမှာ ကရင်လူမျိုးတွေဟာ သစ်တောကြိုးဝိုင်း ဥပဒေမချမှတ်ခင် နှစ်ပေါင်းရာချီကတည်းက နေထိုင်လာခဲ့တဲ့ ထိုင်းနိုင်ငံသားတွေဖြစ်ပြီး မြန်မာပြည်က ခိုးဝင်လာသူတွေမဟုတ်ကြောင်း၊ အလှည့်ကျတောင်ယာတွေလုပ်ပြီး သစ်တောထိန်းသိမ်းမှုကို လုပ်နေတာဖြစ်ကြောင်း ပြောခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် သူတို့ကို ရွှေ့ပြောင်းစေလိုပါက ထိုက်တန်တဲ့ အစားထိုးမှုတွေ ပြုလုပ်ပေးရမှာဖြစ်ပြီး အကြမ်းနည်းလမ်းနဲ့ လုပ်ခွင့်မရှိဘူးလို့လည်း မစ္စတာတပ်ကမွန်အွပ်ဘွန်က ရှင်းလင်းသွားတယ်လို့ ဆိုပါတယ်။
တပ်ကမွန် အွပ်ဘွန်ဟာ ဆူပူမှုဖြစ်အောင် လှုံ့ဆော်နေသူတဦးဖြစ်တဲ့အတွက် ကဲန်ကကျန် သစ်တောကြိုးဝိုင်းထဲဝင်ခွင့်ကို တားမြစ်ထားကြောင်း ကြေညာချက်ဆိုင်းဘုတ်ကို သစ်တောအဝင်ဂိတ်မှာ သစ်တောဌာနမှူးရဲ့ အမိန်နဲ့ကပ်ထားတယ်လို့ ဝွတ်ဘွန်လတ်က ပြောပါတယ်။
မစ္စတာတပ်ကမွန်အွပ်ဘွန်ဟာ ထိုင်းဘုရင့်နန်းတွင်းအထိ ပေါက်ရောက်သူဖြစ်ပြီး ထိုင်းမှာ လူအများရဲ့ ကြည်ညိုလေးစားခံရသူလည်းဖြစ်သည်။
အခုလို သတ်ဖြတ်ခံရတာဟာ သစ်တောကြိုးဝိုင်းထဲမှ အိမ်ရာမီးရှို့ခံရပြီး အခြေခံအခွင့်အရေးတွေ ချိုးဖောက်ခံနေရတဲ့ ကရင်တွေအတွက် လှုပ်ရှားတောင်းဆိုမှု ပြုလုပ်နေတဲ့ တခြားသူတွေကိုလည်း ခြောက်လှန့်နေသလိုဖြစ်နေကြောင်း ထိုင်းနိုင်ငံ လူ့အခွင့်အရေးကွန်ရက်အဖွဲ့ဝင်တွေက ပြောဆိုကြပါတယ်။
ကဲန်ကကျန် သဘာဝသစ်တော ထိန်းသိမ်းရေးဌာနမှူးကတော့ အခုလို အိမ်ရာတွေကို မီးရှို့ဖျက်ဆီးပြီး ပြောင်းရွှေ့ခိုင်းရတာဟာ ဌာနေကရင်လူမျိုးတွေက သစ်တောကိုဖျက်ဆီးပြီး ဘိန်းစိုက်နေလို့ဖြစ်ကြောင်း မီဒီယာတွေကို ပြောဆိုထားပါတယ်။