ချင်းတွင်းမြစ်ကမ်း ရွှေတူး၊ သစ်ထုတ်လုပ်ငန်းများ ရပ်တန့်ရန်တောင်းဆို

ချင်းတွင်းမြစ်ကမ်းတလျှောက်ရှိ ရွှေတူးဖော်မှုနဲ့ သစ်ထုတ်လုပ်မှုတွေကြောင့် သဘာဝပတ်ဝန်းကျင် ဆိုးဝါးစွာပျက်စီးနေသလို စိုက်ပျိုးလယ်မြေတွေပျက်စီးတဲ့အတွက် အမြန်ဆုံးရပ်တန့် ပေးဖို့ ဒေသခံတွေက တောင်းဆိုလိုက်ပါတယ်။
စစ်ကိုင်းတိုင်းအထက်ပိုင်း ချင်းတွင်းမြစ်ပေါ်မှာ ရွှေတူးဖော်လုပ်ငန်းတွေ အမြန်ဆုံးရပ်တန့်ဖို့ ချင်းတွင်းမြစ် တလျှောက်မှာနေထိုင်တဲ့ ကျေးရွာ ၁၄ ရွာက ရွာသူရွာသားတွေဟာ ဒီကနေ့ ရန်ကုန်မြို့မှာ လာရောက် သတင်းစာရှင်းလင်းပွဲပြုလုပ်တောင်းဆိုလိုက်တာပါ။
ရွှေတူးဖော်မှုတွေကြောင့် ထိခိုက်ပျက်စီးမှုတွေနဲ့ပတ်သက်လို့ ဟုမ္မလင်းမြို့နယ် မောင်းခမ်း စံပြကျေးရွာက စိုင်းဆွမ်းတွိုင်က “ထိခိုက်နစ်နာနေတာတွေတော့ အများကြီးပဲဗျာ။ အဓိကနစ်နာ က ဘိုးဘွားပိုင်မြေတွေ ဆုံးရှုံးတယ်။ လက်ဖက်ခင်းတွေ၊ ၀ါးခင်းတွေ ရွာခံတွေ သဘောတူတာ ဖြစ်စေ၊ မတူတာ ဖြစ်စေ မျောတိုက်တာကြောင့် အဖျက်စီးခံလိုက်ရတယ်။ လယ်မြေတွေကလည်း သူတို့ တိုက်ရိုက်တိုက် တာမဟုတ်ပေမယ့် သူတို့ရဲ့ မျောမှီးတွေကြောင့်မို့လို့ ပျက်စီးတယ်ဗျာ။ နောက်ဆက်တွဲ ဆိုးကျိုးကရွာမှာ မူးယစ်ဆေးဝါး ပေါများလာတယ်။”
အဆိုပါ ချင်းတွင်းမြစ်တလျှောက်မှာ ရှမ်းနီနဲ့ ကူကီးတိုင်းရင်းသားတွေ အများစုနေထိုင်ကြ တာဖြစ်ပြီး အဲဒီဒေသမှာ လွန်ခဲ့တဲ့ ၁၀ နှစ်လောက်ကည်းက ရွှေတွေ စတင်တူးဖော်လာ ခဲ့ကြတာပါ။
၂၀၁၀ ပြည့်နှစ်နောက်ပိုင်းမှာ တရားမ၀င်ရွှေတူးဖော်မှုတွေ ပိုမိုးများပြားလာခဲ့ပြီး တရားမ၀င် ရွှေတူးသူတွေက စက်ယန္တရားကြီးတွေနဲ့ တူးဖော်နေတဲ့အတွက်လည်း သဘာဝ ပတ်ဝန်းကျင် အပြင် ဒေသခံတွေရဲ့ လယ်မြေတွေဟာပျက်စီးပြီး စိုက်ပျိုးလို့မရသလို သောက်သုံးရေ ပျက်စီးပြီး သောက်သုံး ရေခက်ခဲလာတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
“အောက်က ရွှေကိုရချင်တဲ့ အခါကျတော့ အဲဒီမြေကိုလှန်ပစ်လိုက်ရတာ။ လှန်လိုက်တဲ့ အခါကျတော့ အပေါ်ယံမှာရှိတဲ့ သစ်တောလည်း ပျောက်တယ်။ နောက်အောက်မှာရှိတဲ့ ကျောက်ကြောနဲ့ မြေကြီးတွေက ထွက်လာတယ်ဗျာ။ အဲဒါကို ရေနဲ့ တိုက်ရတာဖြစ်တဲ့အတွက် အခုန မြေတဧက ဆိုပါစို့၊ တဧက မြေကို တိုက်တဲ့အခါမှာ ဒီမြေကို ပြောင်းပြန်လှန်လိုက်ရုံတွေမက အဲဒီက ရေနဲ့ဖျော်ချလိုက်တဲ့ အခါမှာ နွံရေတွေဟာ သူ့ရဲ့ ဘေးပတ်ဝန်းကျင် ရေစီးဆင်းသွားတဲ့လျောက် ပျက်စီးသွားတယ်။ ဆိုတော့ မြေတိုက်တာက တဧက၊ ရေဆေးလို့ မျောသွားတာနွံတွေ လေးငါးဧက ပျက်စီးတယ်။ အဲလိုဆိုတဲ့အခါကျတော့ အပေါ်က သစ်တောကလည်း ပျက်တယ်။ မြေကြီးလှန်လို့ သဲတွေ ကျောက်ခဲတွေက အပေါ်ရောက်လာလို့ တောရုံနဲ့ အပင်ပြန်မပေါက်တော့ဘူး။ ”
ရွှေတူးဖော်မှုကြောင့် စိုက်ပျိုးမြေနေရာရှားပါးတာ၊ သောက်သုံးရေးအတွက် အခက်အခဲ ဖြစ်တာ၊ ကျွဲ၊ နွားတွေအတွက် စားကျက်မြေရှားပါးလာတာ၊ ရွှေတူးဖော်ခဲ့တဲ့နေရာချိုင့်ခွက် တွေမှာ ကျွဲနွားတွေ ပြုတ်ကျ သေဆုံးတာတွေ၊ သီးပင်စားပင်တွေ ရှားပါးလာတွေကြောင့် ဒီရွှေတူးလုပ်ငန်းတွေ အမြန်ဆုံး ရပ်တန့်ပေးဖို့လည်း ဒေခံတွေက တောင်းဆိုခဲ့ကြပါတယ်။