ဖြစ်ရပ်မှန် ရုပ်သံမှတ်တမ်းတွင် တွေ့ရသည့် အော်လန်ဒို ညကလပ်ကို ပစ်ခတ်ခဲ့သည့် သေနတ်သမား (ရုပ်သံ)

အမေရိကန်ပြည်ထောင်စု အော်လန်ဒို ပစ်ခတ်မှုကို ကျူးလွန်ခဲ့တဲ့ သေနတ်သမား အိုမာ မာတီကို လုံခြုံရေး အစောင့်အဖြစ် ဖြစ်ရပ်မှန် ရုပ်သံမှတ်တမ်းတခုမှာ တွေ့ရမှာ ဖြစ်ပါတယ်။
၂၀၁၀ မက္ကဆီကို ပင်လယ်ကွေ့မှာ ရေနံတွေ မှောက်ကျခဲ့လို့ သန့်ရှင်းရေး လုပ်ဆောင်တဲ့ နေရာမှာ သူက အစောင့်အဖြစ် လုပ်ကိုင်ခဲ့တာကို ဒီမှတ်တမ်းမှာ တွေ့ရမှာ ဖြစ်ပါတယ်။
The Big Fix ဆိုတဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်း ရိုက်ကူးသူက ဖလော်ရီဒါ ပြည်နယ်ထဲက ပင်ဆန်ကိုလာမှာ ညအချိန် အစောင့်လုပ်နေတဲ့ မာတီကို ခိုးရိုက်ခဲ့တာ ဖြစ်ပါတယ်။
ရုပ်ရှင်ရိုက်ကူးတဲ့ ဂျော့ (Josh) နဲ့ ရေဘက္ကာတစ်ကာ (Rebecca Tickell) တို့ကလည်း ဇွန် ၁၅ ရက်က ကြေညာချက်ထုတ်ပြီး ဒီမှတ်တမ်းကို စုံစမ်းစစ်ဆေးမှုမှာ အထောက်အကူဖြစ်စေဖို့ ပေးပို့ခဲ့တယ်လို့ ဆိုပါတယ်။
သေနတ်နဲ့ ပစ်ခံရတဲ့ မိသားစုတွေအတွက် ၀မ်းနည်းမိတယ်လို့လည်း ထုတ်ပြန်ကြေညာချက်မှာ ရေးပါတယ်။
အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ် အော်လန်ဒိုမြို့က လူပြည့်နေတဲ့ ဂေးနိုက်ကလပ်ကို အိုမာ မာတီက ဇွန် ၁၂ ရက်နေ့မှာ ပစ်ခတ်ခဲ့လို့ လူအယောက် ၅၀ သေဆုံးပြီး ၅၃ ဦး ဒဏ်ရာရခဲ့ပါတယ်။