A d v e r t i s e m e n t With Us

ရခိုင်ပြည်နယ်အစိုးရက NVC ကတ်အတွက် မွတ်ဆလင်လူကြီးများကို တိုက်တွန်း

ရခိုင်ပြည်နယ်ရှိ ဒုက္ခသည်များ
မနေ့က ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ်က စစ်တွေနဲ့ ကျောက်ဖြူမြို့တွေက အိုင်ဒီပီစခန်း တွေမှာရှိတဲ့ မွတ်ဆလင်လူကြီးတချို့ကို ခေါ်ယူပြီး ပြည်နယ်လူဝင်မှုကြီးကြပ်ရေးက အကောင်အထည်စတင်ဖော်နေတဲ့ ၁၉၈၂ ခုနှစ် နိုင်ငံသားဖြစ်မှုဆိုင်ရာဥပဒေအရ နိုင်ငံသား စိစစ်ခံရမယ့်တွေရဲ့ သက်သေခံကတ်ပြား (Identity Card for National Verification, NVC) ထုတ်ပေးမှုကို အများလိုက်ပါဆောင်ရွက်အောင် တိုက်တွန်းပေးဖို့ စစ်တွေမြို့ အိုင်ဒီပီစခန်း တခုက မွတ်ဆလင်ကျောင်းဆရာတဦးက ပြောပါတယ်။ သူက “မနေ့က ကျနော်တို့ ဒီကလူကြီးတွေနဲ့ ကျောက်တော်ကလူကြီး ၄ ယောက်ပေါ့။ ကျနော်တို့ ဆီက မွတ်ဆလင် လူကြီး ၉ ယောက်ပေါ့။ ကျောက်တော်က ၄ ယောက်နဲ့ မနေ့က ရခိုင်ပြည်= ၀န်ကြီးချုပ်နဲ့ တွေ့တယ် သူတို့။ အဲဒီမှာ နယ်လုံ ဗိုလ်မှူးထိန်လင်းလည်းပါတယ်၊ လ၀က လည်းပါတယ်။ သူတို့ NVC ကို လက်ခံဖို့အတွက် သူတို့က နည်းနည်းဖိအားပေးတဲ့ သဘောမှာ ရှိတယ်။ အန်ဗွီစီကတ်ကို လက်ခံအောင် စည်းရုံးပေးပါပေါ့နော်။ community ကို စည်းရုံးပေး ပါပေါ့။” လို့ ပြောပါတယ်။ အစိုးရသစ်လက်ထက် ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည် ဖော်ရေး ဗဟိုကော်မတီကို မေလကုန်ပိုင်းမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ဖွဲ့စည်းပြီး အကောင်အထည်စတင်ဖော်နေပါတယ်။ လုပ်ငန်းကော်မတီတွေထဲမှာ ရခိုင်ပြည်နယ်အတွင်း နိုင်ငံသားစိစစ်ရေးလုပ်ငန်းကော်မတီ တရပ်လည်း ပါဝင်ပြီး အကောင်အထည်ဖော်ခဲ့တာဖြစ်ပါတယ်။ လက်ရှိအစိုးရမတိုင်ခင် ယခင်အစိုးရတွေလက်ထက်တုန်းကလည်း ရခိုင်ပြည်နယ်တွင်းက မွတ်ဆလင်တွေကို နိုင်ငံသားစီစစ်ရေးလုပ်ငန်း လုပ်ကိုင်ရာမှာ အဆင်မပြေမှုတွေကြောင့် မအောင်မမြင်ရပ်နားခဲ့ရဖူးပြီး ယခုအစီအစဉ်မှာလည်း ဒီအစီအစဉ်ရဲ့ အောင်မြင်မှုကို မေးခွန်းထုတ်စရာဖြစ်ပါတယ်။ ရခိုင်ပြည်နယ် လ၀က ညွန်ကြားရေးမှူးက ရှင်းလင်းပြောကြားချက်အရ ဒီ NVC ကတ် ထုတ်ပေးတဲ့အစီအစဉ်ဟာ နိုင်ငံသားစီစစ်တဲ့အဆင့်မဟုတ်ဘဲ နိုင်ငံသား အဖြစ် စိစစ်ခံမယ့်သူတွေကို ကတ်ထုတ်ပေးတဲ့ အစီအစဉ်သာ ဖြစ်တယ်လို့သိရပါတယ်။ ပူးပေါင်းဆောင်ရွက်သူရှိသလို ပူးပေါင်းဆောင်ရွက်မှု မရှိဘဲ ငြင်းပယ်မှုတွေလည်း ကြုံနေရတာပါ။ ယခင်အစိုးရတွေလက်ထက် စီစစ်တဲ့အခေါက်တွေတုန်းက သူတို့ရဲ့ လက်ဝယ်ရှိတဲ့ အထောက်အထားတွေကို အုပ်ချုပ်ရေးပိုင်းက သိမ်းဆည်းယူငင်ပြီး ပြန်လည်မပေးတာကြောင့် လက်ရှိအစိုးရက စိစစ်မယ့်အပေါ်ကိုလည်း သံသယရှိပြီး NVC အစီအစဉ်မှာ ပါဝင်ဆောင်ရွက်ဖို့ ငြင်းဆန်မှုတွေ ထွက်ပေါ်နေကြတာဖြစ်ပါတယ်။ မွတ်ဆလင်ကိုယ်စားလှယ်တွေက ပြည်နယ်အစိုးရကို ပြန်လည်ဆွေးနွေးခဲ့တာနဲ့ပတ်သက်လို့ သူက  “ကျနော်တို့ဒီကလူကြီးတွေက တင်ပြတယ်၊ ကျနော်တို့က ၁၉၄၈ ခုနှစ်ကနေ ၂၀၁၀ အထိ မဲပေးခွင့်ရခဲ့တယ်ပေါ့နော်။ ၂၀၁၅ ကျမှ ဘာဖြစ်တယ်၊ ညာဖြစ်တယ်ဆိုပြီး စစ်ဆေးခံရတာပေါ့။ NVC ကတ်ကတော့ ကျနော်တို့ဆီမှာ သုံးခေါက်ချိုးရှိတယ်။ နိုင်ငံသားကတ်ရှိတဲ့သူရှိတယ်။ နောက်ပြီးတော့ အဆက်ဆက် အိမ်ထောင်စုစာရင်းတွေနဲ့ တရားဝင်လုံးဝဖြစ်တဲ့သူရှိတယ်။ အဲဒါကြောင့် ဘယ်လိုမှ NVC ကတ်ကိုယူဖို့ဆိုတာ အဆင်မပြေနိုင်ဘူးပေါ့နော်။ အဲလို ပြန်တင်ပြတာပေါ့။ တဖက်ကလည်း ဘာဖြစ်ဖြစ် ရက်တရာစီမံချက်မှာ မဖြစ်မနေလုပ်ရမယ့် အလုပ်ဖြစ်တဲ့အတွက်ကြောင့် ကူညီပေးပါ၊ ၀ိုင်းဝန်းပေးပါဆိုပြီးအဲလို အတင်းအကျပ်လိုလို၊ အကူညီတောင်းတဲ့သဘောလိုလိုနဲ့ တိုက်တွန်းတယ်လို့ပြောတယ်” လို့ ပြောပြပါတယ်။ သုံးခေါက်ချိုးအထောက်အထားလက်မှတ်ကိုင်ဆောင်ထားတာချင်းတူရင် ဗုဒ္ဓဘာသာဝင်ဆိုရင် နိုင်ငံသားဖြစ်တာလွယ်ပြီး မွတ်ဆလင်ဆိုရင် သုံးခေါက်ချိုးကို သိမ်းလိုက်ပြီး NVC ကတ်ထုတ်ပေးတာ မြေပုံမှာဖြစ်နေတယ်လို့  မွတ်ဆလင်ကျောင်းဆရာက ပြောပါတယ်။ “လ၀ကနဲ့ အဆင်မပြေလို့လည်း မဟုတ်ဘူး။ ဒေါ်အောင်ဆန်းစုကြည်ကို မယုံကြည်လို့လည်း မဟုတ်ဘူး။ သူတို့လုပ်နေတဲ့ လုပ်ထုံးလုပ်နည်းကို မကြိုက်လို့ အဲဒါ”လို့ ပြောပါတယ်။ ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေအရ နိုင်ငံသားစိစစ်တာကို ကန့်ကွက်တာမဟုတ်ဘဲ နစ်နာမှုတွေကိုသာ ကန်ကွက်တာလို့သူက ဖြည့်စွက်ပြောဆိုပါတယ်။ “ကျနော်တို့လိုချင်တာက ဘယ်လိုလဲဆိုရင် စစ်ရတယ်၊ သေသေချာချာစစ်လို့ ရတယ်ဆိုရင် နိုင်ငံသားတန်းပေး၊ ပြီးပြီ။ NVC တွေ လာမလုပ်နဲ့ ကျနော်တို့ ဆိုလိုချင်တာက၊ တဆင့်ခံနှစ်ဆင့်ခံ အဲလိုလုပ်စရာမလိုဘူး။ စစ်ရင် မြန်မာနိုင်ငံမှာ ရှိတဲ့လူအကုန်လုံးကိုစစ် ၈၂ ဥပဒေနဲ့၊ အကုန်လုံး ကို အကြုံးဝင်အောင် စစ်၊ ရခိုင်မှာဆိုအများကြီးဘဲ ဘင်္ဂလားဒေ့ရှ်ကနေ ၀င်လာတာ ရခိုင်ဘင်္ဂလီ တွေ၊ အဲဒါတွေ အစိုးရတွေမမြင်ဘူးလား။ ရခိုင်ဖက်မှာရော နိုင်ငံသားဖြစ်ပြီး တော့ ဘင်္ဂလားဖက် မှာလည်း နိုင်ငံသားဖြစ်ခွင့်ရှိတယ်။ သူက ဗုဒဘာသာဖြစ်လို့ပေါ့။ အဲဒါ အကိုတို့ မြင်တာပဲလေ။ နေ့တိုင်းဝင်တာပဲ၊ နေ့တိုင်းဝင်နေတာပဲ။ မွတ်ဆလင်တွေဝင်တာမရှိဘူး။ မွတ်ဆလင်တွေ ထွက်တာပဲရှိတယ် ရခိုင်ပြည်နယ်မှာ။ ရခိုင်ဘင်္ဂလီတွေပဲ ၀င်တာ။ သတင်းမှာအမြဲတမ်းပါတာပဲ ဘာလှူတယ် ညာလှူတယ်ဆိုတာက။ ဗုဒ္ဓဘာသာဖြစ်လို့ သူတို့ ကျတော့ နိုင်ငံသားတန်းဖြစ်ပြီးမှ ကျနော်တို့ ဒီမြေမှာ၊ ဒီဒေသမှာ မွေးပြီးတော့ တသက်လုံးနိုင်ငံသားဖြစ်ခွင့်မရှိဘူးဆိုရင် ရယ်စရာပေါ့ အဲဒါက။ လုံးဝ ကျနော်တို့ကို နှိပ်စက်နေတာပေါ့ တဖက်သတ် အခွင့်အရေး ချုပ်ချယ်နေတာပေါ့။”“ကျနော်တို့ဆိုလိုချင်တာက ၈၂ ဥပဒေနဲ့ ရက်တရာမဟုတ်ဘူး၊ ရက် ၂၀၀ စစ်ပါ၊ စစ်ရင်လည်း မြန်မာနိုင်ငံမှာရှိတဲ့လူအ ကုန်လုံးကို စစ်ပါ။ ရခိုင်ပြည်မှာရှိတဲ့ တခြားေ နာက်အကုန်လုံး အကုန်လုံးကိုစစ်။ ဟုတ်တယ် အဲဒီမှာ ဥပဒေနဲ့ ညီတယ်ဆိုရင် ချက်ခြင်း နိုင်ငံသားထုတ်ပေးပါ။ NVC မလိုဘူး။ နိုင်ငံသားမဖြစ်ဘူး၊ အထောက်အထား မပြနိုင်ဘူး။ အဲဒီလူကို သူ့ရဲ့ ဥပဒေအရ အရေးယူမလား ယူ။ ရတယ်ကိစ္စမရှိဘူး ကျနော်တို့ လက်ခံတယ်။ ကျနော်တို့ လက်မခံဘူး မစစ်နဲ့လို့ပြောတာမဟုတ်ဘူး။ အကုန်လုံးကို တရားမျှတစွာစစ်ပါ။ ရခိုင်ကိုလည်း စစ်ပါ၊ မူဆလင်ကိုလည်းစစ်ပါ။ ဒီပြင်လူလည်းစစ်ပါ။ အဲဒီမှာ တရားမ၀င်တဲ့ လူကိုတွေ့ရင် ချက်ခြင်း အရေးယူ၊ အပြစ်ပေးပါ။ တရားဝင်တယ်၊ ညီတယ်ဆိုရင် အကုန်လုံးကို တန်းတူနိုင်ငံသား အခွင့်အရေးပေးပါ။ ကျနော်တို့တောင်းဆိုချင်တာ ဒါပါပဲ။” လို့ ပြောပါတယ်။ အစ္စလာမ်ဘာသာဝင် ရှေ့နေတဦးလည်းဖြစ်၊ နိုင်ငံရေးပါတီတခုရဲ့ ဒုဥက္ကဋ္ဌလည်းဖြစ်တဲ့ ဦးလှသိန်းက NVC (National Varification Card) ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေမှာလည်း မပါဝင်သလို  မြန်မာနိုင်ငံမှာထုတ်ပြန်ထာတဲ့ ဥပဒေတွေမှာ မပါဘူးလို့ ပြောပါတယ်။ သူက “နိုင်ငံတော်အစိုးရက ဒီလူတွေကို စစ်ချင်တယ်ဆိုရင် ၁၉၈၂ ဥပဒေနဲ့စစ်ရင်လည်းစစ် အရေးမကြီးဘူး။ အခုက မဆိုင်တဲ့ကတ်ပြားတွေ ပေးနေပြီးတော့၊ ဟိုတခါကလည်းပေးပြီးပြီလေ လက်မခံဘူးဆိုတာ သိနေပြီးသားပဲ။ ဘာလို့ဒီဟာတွေထပ်ပေးနေတာလဲ။ ဒါ လုံးဝ မဖြစ်သင့်တဲ့ကိစ္စ၊ နောက်ပြီးတော့ ဒီကတ်ပြားကိုထုတ်ပေးဖို့အတွက် ရဲတပ်ရင်း ၃ ရင်းတောင် ပို့ပေးရတယ်ဆိုတော့ အတင်အဓမ္မလုပ်တယ်ဆိုတဲ့သဘော မသက်ရောက်ဘူးလား။ ဒီလူတွေက သူတို့တွေက နိုင်ငံသားစိစစ်ရေးကတ်ပြား လိုချင်တယ်။ နိုင်ငံသားစိစစ်ရေး ကတ်ပြားမပေးရင် သူတို့လည်းမယူဘူး။ လူမျိုးဆိုတာ ပယ်ရင်လည်း လက်မခံဘူး သူတို့ပြောပြီးသား။ လူမျိုး၊ ဘာသာ။ ဘာသာအရေးမကြီးဘူး။ အခုလုပ်နေတဲ့ကတ်ပြားဟာ နိုင်ငံတော်အစိုးရက ပြဌာန်းထားတဲ့ ဥပဒေတခုနဲ့မှ မကိုက်ညီဘူး။ ကိုက်ညီမှုမရှိတဲ့ဟာတခုကို လူသားတွေကိုသွားပေးရင် လက်ခံပါ့မလား။ ကျနော်လည်း ဥပဒေသဘောအရ လက်မခံဘူး အဲဒါကို” လို့ ပြောပါတယ်။ ပြီးခဲ့တဲ့ ဇွန် ၇ ရက်နေ့က ရခိုင်ပြည်နယ် လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာနက ဦးစီးပြီး ရခိုင်ပြည်နယ်မြို့ ၃ မြို့မှာ နိုင်ငံသားစိစစ်မှု အစပျိုးလုပ်ငန်းကို စတင်ခဲ့ပါတယ်။ ကျောက်ဖြူနဲ့ မြေပုံမြို့နယ်က ဘင်္ဂလီ ဒုက္ခသည်စခန်း ၂ ခုနဲ့ ပုဏ္ဍားကျွန်းမြို့က ဘင်္ဂလီကျေးရွာတရွာမှာ ၁၉၈၂ ခုနှစ် နိုင်ငံသားဖြစ်မှုဆိုင်ရာဥပဒေအရ နိုင်ငံသားစိစစ်ခံရမယ့် တွေရဲ့ သက်သေခံကတ်ပြား (Identity Card for National Verification, NVC) ထုတ်ပေးခဲ့တာဖြစ်ပါတယ်။ အဲဒီကတ်ပြားဟာ ကြည်ပြာရောင်ရှိပြီး လူမျိုးနဲ့ကိုးကွယ်တဲ့ဘာသာကို ထည့်သွင်းဖော်ပြ ထားခြင်း မရှိပါဘူး။ NVC ကတ်ပြားထုတ်ပေးခြင်းလုပ်ငန်းကို ဒုက္ခသည်စခန်းနှစ်ခုမှာ ဆောင်ရွက်နိုင်ပေမယ့် ပုဏ္ဏာကျွန်းမြို့နယ်က ကျေးရွာမှာတော့ လူမျိုး၊ ဘာသာ ထည့်သွင်း မဖော်ပြထားတာကြောင့် ညှိနှိုင်းနေဆဲလို့ ပြန်ကြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။ လ၀က တာဝန်ရှိသူတွေအဆိုအရ ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေမှာ အမေက နိုင်ငံသားဖြစ်ပြီး အဖေက နိုင်ငံသားဖြစ်တယ်ဆိုရင် မွေးလာတဲ့ကလေးသည် နိုင်ငံသားဖြစ်ပါမယ်။ အဖေက နိုင်ငံသားပြုခွင့်ရသူဖြစ်တယ်၊ အမေက နိုင်ငံသား ပြုခွင့်ရသူဆိုရင် မွေးလာတဲ့ကလေးဟာ နိုင်ငံသား ဖြစ်ချင်မှဖြစ်မှာဖြစ်ပါတယ်။ သယံဇာတပေါကြွယ်ဝတဲ့ ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာရှိတယ်၊ ရိုဟင်ဂျာမရှိဘူးဆိုတဲ့ အငြင်းပွားမှု ဟာ လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေအတွင်း ကျယ်ကျယ်လောင်လောင် အငြင်းပွားခဲ့ကြပါတယ်။ ကုလသမဂ္ဂ၊ အနောက်နိုင်ငံတွေက ရိုဟင်ဂျာအမည်ကို အသိအမှတ်ပြုထားပြီး အသိအမှတ်မပြု သူတွေက ဒီအမည်ကို ဆန့်ကျင်ကန့်ကွက်ပွဲတွေ မကြာခဏ ကျင်းပလေ့ရှိပါတယ်။

A d v e r t i s e m e n t With Us

More News
Up