ဒေါ်အောင်ဆန်းစုကြည်က အစားအသောက်ဘေးကင်းလုံခြုံရေး အထူးလုပ်ဆောင်ရန်ညွှန်ကြား

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က ကျောင်းသားကလေးငယ်တွေ စားသောက်တဲ့ အစားအစာတွေ နဲ့ ပြည်သူတွေသောက်သုံးတဲ့ ဆေးဝါးတွေ ဘေးကင်းလုံခြုံမှုရှိအောင် အထူးအလေးထား လုပ်ဆောင်ကြရန် တိုင်းနဲ့ပြည်နယ်ဝန်ကြီးချုပ်များအား မှာကြားထားတယ်လို့ သမ္မတရုံး ပြောခွင့်ရသူက ပြောပါတယ်။
နေပြည်တော်မှာ ဒီနေ့လုပ်တဲ့ သမ္မတရုံးပြောခွင့်ရသူ ဦးဇော်ဌေးရဲ့သတင်းစာရှင်းလင်းပွဲမှာ သူက ပြောလိုက်တာ ဖြစ်ပါတယ်။
“နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကိုယ်တိုင် ၀န်ကြီးချုပ်တွေကို မှာထားတာ ရှိပါတယ်။ ကျောင်းသား ကျောင်းသူ အပါအ၀င် ကလေးငယ်တွေရဲ့ အစားအသောက်တွေ မုန့်တွေဘာတွေ အပါအ၀င် အဲ့ဒါတွေ လုံခြုံဘေးကင်းဖို့ နောက် ကျနော်တို့ မိသားစုတိုင်း သုံးနေတဲ့ ဆေးဝါးတွေ ဘေးကင်းလုံခြုံဖို့ ဒါကိုအထူးအလေးထားဖို့ နောက် အက်ဖ်ဒီအေ ရဲ့ ကျန်းမာရေးဌာနအောက်မှာ ရှိနေတဲ့ အက်ဖ်ဒီအေကို တိုးချဲ့ဖို့တွေပါ။”
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြည်နယ်တိုင်းအစိုးရအဖွဲ့များကို အချက် ၃ ခုကို အလေးထားလုပ်ဆောင်ရန် ညွှန်ကြားထားပြီး ပြည်နယ်တိုင်းအစိုးရအဖွဲ့တွေ ကလည်း လိုက်နာ လုပ်ဆောင်နေကြပြီလို့ သူက ပြောပါတယ်။
ကွမ်းစားသုံးမှုနဲ့ စည်းကမ်းမဲ့ ကွမ်းတံထွေးထွေးမှု ကျဆင်းအောင် လုပ်ရန်၊ မူးယစ်ဆေးဝါးနဲ့ အရက်သောက်သုံးတာ ထိန်းချုပ်ရန်နဲ့ အစားအသောက် ဘေးကင်းလုံခြုံအောင်လုပ်ရန် အတိုင်ပင်ခံ ပုဂ္ဂိုလ်က လမ်းညွှန်ထားတာ ဖြစ်ပါတယ်။
ဒီလို လုပ်ဆောင်တဲ့နေရာမှာ ပြည်သူကို ဖိအားပေးခြိမ်းခြောက်တာမျိုး မလုပ်ကြရန် အတိုင်ပင်ခံ ပုဂ္ဂိုလ်က တိုင်းနဲ့ ပြည်နယ်အစိုးရအဖွဲ့တို့ကို အထူးအလေးထားမှာကြားထားပါတယ်။
ကျန်းမာရေးဝန်ကြီးဌာနအောက်မှာရှိတဲ့ အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးဌာနရဲ့ လုပ်ဆောင်ချက်များ တိုးချဲ့ပြီး စီးပွားကူးသန်းလက်အောက်မှာရှိတဲ့ စားသုံးသူအခွင့်အရေး ကာကွယ်ရေးကော်မတီဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့တို့ ပူးပေါင်းပြီး အစားအစာဘေးကင်း လုံခြုံရေးကိစ္စ လုပ်ဆောင်ကြမှာ ဖြစ်ပါတယ်။