Home
မြန်မာသတင်း
ဖုန်းခေါ်ဆိုခ အခွန်ငွေ ကျပ် ၇ ဒသမ ၅ ဘီလီယံကို ပညာရေးတွင် သုံးစွဲမည်
DVB
·
June 15, 2016
တယ်လီဖုန်းခေါ်ဆိုခတွေကနေ ကောက်ခံရရှိတဲ့ ကုန်သွယ်လုပ်ငန်းခွန် ကျပ်ငွေ ၇၅၀၀ သန်းကို ပညာရေးအတွက် စတင်သုံးစွဲနေတဲ့အကြောင်း ဘဏ္ဍာရေးကော်မရှင်ဥက္ကဋ္ဌ သမ္မတ ဦးထင်ကျော်က ပြောကြားလိုက်ပါတယ်။ ဒီကနေ့ ဇွန်လ ၁၅ ရက် မနက် နေပြည်တော်သမ္မတ အိမ်တော်မှာ အစိုးရသစ်လက်ထက် ပထမဆုံးအကြိမ် ကျင်းပတဲ့ ဘဏ္ဍာရေးကော်မရှင် အစည်းအဝေးမှာ ပြောကြားခဲ့တာလို့ နိုင်ငံတော်သမ္မတရုံးက သတင်းထုတ်ပြန်ပါတယ်။ သမ္မတဦးထင်ကျော်က “နိုင်ငံတော်၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာရေး၊ ကျန်းမာရေး၊ လူမှုကာကွယ်စောင့်ရှောက်ရေး ကဏ္ဍများမှာလည်း တိုးမြှင့်သုံးစွဲသွား မည် ဖြစ်သည့်အပြင် ကျေးလက်ဒေသဖွံ့ဖြိုးရေး၊ လျှပ်စစ်မီးရရှိရေး၊ ဆင်းရဲနွမ်းပါးမှုလျှော့ချရေး၊ အခြေခံအဆောက်အဦများ ဖွံ့ဖြိုးတိုးတက်ရေးစသည့် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေး အတွက် မူဝါဒလမ်းစဉ်များ ချမှတ်ပြီး ဆောင်ရွက်သွားမည်”လို့ ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ခွဲဝေရရှိတဲ့ ပြည်သူ့ဘဏ္ဍာငွေတွေကို ဘယ်နေရာမှာ ဘယ်လောက် ဘယ်လို သုံးနေတယ်ဆိုတာ ပွင့်လင်းမြင်သာမှုရှိရှိ အသိပေးကြဖို့လည်း သမ္မတက တိုက်တွန်း ပြောသွား ပါတယ်။ ဘဏ္ဍာရေးကော်မရှင် ဒုဥက္ကဋ္ဌ ဒုသမ္မတ ဦးမြင့်ဆွေကတော့ မြန်မာနိုင်ငံရဲတပ်ဖွဲ့အတွက် မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ် ခြံစည်းရိုးကာရံတာနဲ့ မြန်မာ-အိန္ဒိယ နယ်စပ်ခြံစည်းရိုး ကာရံဖို့ ခွဲဝေ ပေးထားသည့် ငွေလုံးငွေရင်းအသုံးစရိတ် ကျပ် ၅.၅၄ ဘီလီယံကိုလည်း တစုံတရာ ပြင်ဆင်ခြင်းမပြုဘဲ ရေးဆွဲထားတယ်လို့ ပြောသွားပါတယ်။ ဘဏ္ဍာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ၊ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူကတော့ နိုင်ငံတော်ရဲ့ လိုငွေနဲ့ GDP အချိုး ၅ ရာခိုင်နှုန်း မကျော်စေဖို့နဲ့ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်အတွက် ပြည်ထောင်စုမှ တိုင်းဒေသကြီး/ ပြည်နယ်များသို့ ထောက်ပံ့ပေးရမယ့် ငွေပမာဏ ကျပ် ၁၆၈၈.၂၁၉ ဘီလီယံရှိကြောင်း တင်ပြသွားတယ်လို့ ဆိုပါတယ်။ ဒီကနေ့ ကျင်းပတဲ့ ဘဏ္ဍာရေးကော်မရှင် အစည်းအဝေးမှာ ပြီးခဲ့တဲ့ အစိုးရလက်ထက် အတည်ပြုခဲ့တဲ့ ၂၀၁၆-၂၀၁၇ ပြည်ထောင်စု၏ အရအသုံးခန့်မှန်းခြေငွေစာရင်းနဲ့ ၂၀၁၆ ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေကြမ်းကို ပြင်ဆင်ပြီး ပြည်ထောင်စု လွှတ်တော်ကို တင်ပြ အတည်ပြုချက်ရယူဖို့ အဓိကဆွေးနွေးကြတာဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024