A d v e r t i s e m e n t With Us

ရည်းစားဟောင်းက သေနတ်ဖြင့် ၁၂ ချက်ပစ်ခတ်၍ အမျိုးသမီး သေဆုံး

ထိုင်းနိုင်ငံမြောက်ပိုင်း၊ ချင်းမိုင်မြို့က ကားပြင်အလုပ်ရုံတခုထဲမှာ ဇွန်လ ၁၄ ရက်နေ့က အမျိုးသမီးတဦးဟာ ရည်းစားဟောင်းက သေနတ်နဲ့ ၁၂ ချက် ပစ်ခတ်ခံရလို့ သေဆုံးသွားခဲ့ပါတယ်။ အသက် ၃၄ နှစ်အရွယ် ကက်ဆုဒါစိုက်ဟီယော အမည်ရတဲ့ အမျိုးသမီးဟာ ဆမ်စိုင်းအရပ်က ခစ်ချာရိုဝမ်ရွန် ကားပြင်အလုပ်ရုံတခုမှ ၀န်ထမ်းတဦးဖြစ်ပြီး နေ့ခင်းကြောင်တောင်အချိန် ဆိုင်ကယ်သမား ၂ ဦး ရောက်လာပြီး ခုလို ပစ်ခံခဲ့ရတာပါ။ မယ်ဂျိုခရိုင် ရဲတွေကတော့ ခုလို အသတ်ခံရတာဟာ သေဆုံးသူအမျိုးသမီးနဲ့ ရည်းစားဟောင်းကြား ကတောက်ကဆ ဖြစ်ခဲ့ရာက စခဲ့တာလို့ ယူဆနေကြကြောင်း ဒေးလီးနယူးစ်သတင်းမှာ ဖော်ပြပါတယ်။ အဲဒီနေ့က အမျိုးသား ၂ ဦးဟာ ဟွန်ဒါဝေ့ဗ် ဆိုင်ကယ်တစီးနဲ့ ဆိုင်ရှေ့ကို ရောက်လာခဲ့ကြပြီး သူတို့ဟာ အမ်-၁၆ သေနတ်ကို ဓာတ်မြေသြဇာအိတ်နဲ့ထည့် သယ်ဆောင်လာခဲ့ကြတာပါ။ သူတို့ဟာ ကက်ဆုဒါကို ဆိုင်ရှေ့မှာ မြင်လိုက်ကြပြီးနောက် သူ ဂိုဒေါင်ထဲဝင်သွားချိန်မှာ နောက်ယောင်ခံလိုက်ခဲ့ကြပြီး ပစ်သတ်ခဲ့ကြတာပါ။ အမျိုးသမီးရဲ့ ခန္ဓာကိုယ်မှာတော့ သေနတ်ဒဏ်ရာ ၁၂ ချက်တွေ့ရပြီး ဆိုင်ကယ်သမား ၂ ဦးလုံးဟာ ဆိုင်ကယ်စီးဦးထုပ်တွေ ဆောင်းထားကြကာ အခင်းဖြစ်တဲ့နေရာက ထွက်ပြေးသွားခဲ့ကြတာပါ။ ဆိုင်ထဲက အမ် အမည်ရတဲ့ ၀န်ထမ်းအမျိုးသားဟာ သေဆုံးသူရဲ့ ချစ်သူသစ်ဖြစ်ပြီး အခင်းဖြစ်တဲ့နေရာကို ရောက်ချိန်မှာ သေနတ်သမား ၂ ဦးဟာ ထွက်ပြေးသွားခဲ့ပြီလို့ ဆိုပါတယ်။ ဒါပေမယ့် သူက ရဲတွေကို သက်သေအဖြစ် ပါဝင်ပေးဖို့ ငြင်းဆိုထားတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။ ရဲတွေကတော့ ကက်ဆုဒါဟာ ရည်းစားဟောင်းနဲ့ ပြတ်စဲခဲ့ပြီးနောက်မှာ တခြားအမျိုးသားတဦးနဲ့ ပတ်သက်နေတဲ့ သုံးပွင့်ဆိုင် ပြဿနာတခု ဖြစ်နိုင်တယ်လို့ ယူဆနေကြပါတယ်။

A d v e r t i s e m e n t With Us

More News
Up