ဇွန်လအတွင်း ရခိုင်တွင် ရေကြီးမှုကြောင့် ၁၅ ဦး သေဆုံး၊ နေအိမ် ၃၀၀ ကျော်ပျက်စီး

3.2K
ရခိုင်ပြည်နယ်အနှံ့ ဇွန်လအတွင်း မိုးအဆက်မပြတ်ရွာသွန်းခဲ့လို့ ရေကြီးခဲ့တာကြောင့် လူ ၁၅ ဦးသေဆုံးခဲ့ပြီး နေအိမ် ၃၀၀ ကျော် ပျက်စီးဆုံးရှုံးခဲ့ရပါတယ်။
တောင်ကုတ်မြို့နယ် တန်းလွဲချောင်း ရွှေပြည်သာရွာမှာ ဇွန်လ ၉ ရက်နေ့ မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် လင်မယား နှစ်ယောက် အိမ်အပြန် စီးလာတဲ့လှေနစ်မြုပ်လို့ သေဆုံးခဲ့ပါတယ်။ ချောင်းအတွင်း ရေစီးအားသန်ပြီး လှေနစ်မြုပ်သေဆုံးသွားတယ်လို့ တန်လွဲချောင်းရွာမပြင် အုပ်ချုပ်ရေးမှူးက ပြောပါတယ်။ အဲ့ဒီနေ့မှာပဲ ယောင်္ကျားအလောင်းကို တွေ့ရှိခဲ့ပြီး၊ နောက်ထပ် နှစ်ရက်အကြာမှ မိန်းဖြစ်သူအလောင်းကို ရရှိခဲ့ပါတယ်။
တောင်ကုတ်မြို့နယ် ၀က်ကျိတ်ကျေးရွာမှာ ဇွန် ၁၁ ရက်နေ့ ညနေ ၆ နာရီအချိန်က ရေကြီး ရေလျှံနေတဲ့ လယ်ကွင်းပြင်ကို ဖြတ်ကူးရာကနေ အမျိုးသမီး ၄ ဦး ရေထဲမျှောပါသေဆုံးခဲ့ပြီး၊ အမ်းမြို့နယ်၊ သလူမော်ကျေးရွာမှာလည်း ဇွန် ၁၀ ရက်နေ့က အသက် ၉ နှစ်အရွယ် ကျောင်းသားတဦးကျောင်းဆင်းပြီးအိမ်ကို ပြန်လာတဲ့အခါ ချိုင့်ထဲကျပြီး သေဆုံးခဲ့ပါတယ်။ ဒါ့အပြင် ရသေ့တောင်မြို့နယ် ဦးဂါကျေးရွာမှာ ဇွန်လ ၁၁ ရက်နေ့က အသက် ၂၇ နှစ်အရွယ် လူတဦး မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့်ရွာပြင်မှာ ကျောင်းထားတဲ့ နွားတွေကို ပြန်သွား သိမ်းရာကနေ မိုးကြိုးထိမှန် သေဆုံးခဲ့တာပါ။
အခြား ၇ ဦးကတော့ ပုဏ္ဏားကျွန်းမြို့နယ် ပိုးရွှီးပြင် တောဖျားချောင်းမှာ ပိုရွှီးပြင်း အထက်တန်း ကျောင်းကအပြန် ဇွန် ၁ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန်မှာ ကျောင်းသူ ကျောင်းသား ၃၅ ဦး သယ်ဆောင်လာတဲ့ စက်လှေတစ်စီးနစ်မြုပ်ခဲ့ပြီး ကျောင်းသူ၊ ကျောင်းသား ၇ ဦး သေဆုံး သွားခဲ့တာဖြစ်ပါတယ်။
ရခိုင်ပြည်နယ်တောင်ကုတ်၊ အမ်း၊ ကမ်းထောင်ကြီး၊ သံတွဲ၊ မင်းပြား၊ ပုဏ္ဍားကျွန်းမြို့နယ်တို့မှာ ရေကြီးတဲ့အတွက် အိမ် ၃၀၀ ကျော် ပျက်စီးခဲ့ပြီး ကားလမ်းတွေလည်း သွားမရအောင် ပျက်စီးနေ ပါတယ်။ ပြန်လည် တည်ဆောင်နိုင်ဖို့အတွက် ပြည်နယ်အစိုးရထံကို တင်ပြထားတယ်လို့ ရခိုင်အမျိုးသားပါတီမှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ဌေးက ပြောပါတယ်။
“လောလောဆယ် အကူအညီရရှိနိုင်ရေးကို ပြည်နယ်အစိုးရကို အကူအညီ တောင်းခံထား ပါတယ်။ ပျက်စီးစာရင်းကို ရရှိနိုင်ရေး စိစစ်ဆောင်ရွက်နေပါတယ်။ အခုကတော့ ရခိုင်အမျိုးသား ပါတီက သံတွဲ၊ တောင်ကုတ်၊ အမ်းမြို့ဘက်ကို သွားကူညီဆောင်ရွက်ပေးနေတာတွေ ရှိပါတယ်။ ပြည်နယ်အစိုးရကတော့ ဒီရေနစ်သူသေဆုံးတဲ့ သူတွေပြိုပျက်သွားတဲ့နေအိမ်တွေကို ဘယ်လို ကူညီသွားမလဲဆိုတာ ကျနော်တို့စောင့်ကြည့်နေပါတယ်လို့ ပြောပါတယ်။
မင်းပြားမြို့နယ် ကျောက်ခုတ်ကျေးရွာမှာလည်း ဇွန်လ ၉ ရက်နေ့က မိုးသည်းထန်းစွာ ရွာသွန်းပြီး လေဆင်းနှာမောင်း တိုက်ခတ်ခဲ့လို့ နေအိမ် ၃၆ လုံးပျက်စီးကာ လူ ၁၆၉ ဦး အိုးအိမ်မဲ့ ဖြစ်ခဲ့တဲ့အပြင် သံတွဲမြို့နယ်တွင် ရွာပေါင်း ၁၂ ရွာမှ အိမ်ခြေ ၂၀၀ ကျော် ရေထဲမျောပါသွား ခဲ့ပါတယ်။
အမျိုးသားဒီမိုကရေစီသံတွဲမှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းနိုင်က “သံတွဲမြို့နယ် ဘက်တွေမှာ တော်တော်လေး ကိုပျက်စီးဆုံးသွားပါတယ်ခင်ဗျ၊ ပုရစ်ရေကောက်ရွာမှာ ဆိုရင် နေအိမ်သုံး လေးလောက်ပဲကျန်ပါတယ်။ သံတွဲမြို့နယ်ဖက်မှာ နေအိမ် ၂၀၀ လုံး နစ်မြုပ်ပါ တယ်။ အခုရေတွေကျ သွားတယ်ဆိုပေမယ့် ဘယ်မှသွားလို့ မရဘူး။ ရွံ့တွေက ၁ ပေအထိ နက်တယ်။ မွေးမြူးရေကြက် ခြံတွေ အကုန်ပါသွားပါတယ်။ တော်တော်လေးကို ဆိုးဆိုး ၀ါးဝါးဖြစ်သွားတာပါ။ အခုလျှစ်စစ်မီး တွေလဲပျက် နေတယ်။ မီးတိုင်းအကုန်လဲနေပါတယ်။မီးတွေ မရသေးဘူး။ အခု ၈၈ အဖွဲ့တွေကလဲသံတွဲကိုကူ ညီဖို့ရောက်နေပါတယ်”လို့ ပြောပါတယ်။
သံတွဲဒေသတွင်းမှာ ရေကြီးလို့ နစ်မြုပ်သွားတဲ့နေအိမ်တွေ ဆုံးရှုံးမှုတန်ဖိုးတွေကို လိုက်လံစာရင်း ကောက်နေပြီး လတ်တလော အကူအညီရရှိနိုင်ဖို့ ပြည်နယ်အစိုးထံမှာ တင်ပြတောင်းဆို ထားတယ်လို့ သူက ဆက်လက်ပြောပါတယ်။
ဒီနေ့မှာတော့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့တွေ သံတွဲမြို့ကို ရောက်ရှိလာပြီး ပျက်စီးဆုံးရှုံးမှုကို ကြည့်ရှုနေပါတယ်။
(သတင်း - ၀ဏ္ဏခွာညို)