အော်လန်ဒို ညကလပ်တွင် ပစ်ခတ်သူ၏ဇနီး တရားစွဲဆိုခံရဖွယ်ရှိ
အမေရိကန်ပြည်ထောင်စု အော်လန်ဒိုက ညကလပ်မှာ ၀င်ရောက်ပစ်ခတ်ခဲ့တဲ့ သေနတ်သမားရဲ့ ဇနီးဟာ တိုက်ခိုက်မှုနဲ့ ဆက်နွယ်တဲ့အတွက် တရားစွဲခံရဖွယ် ရှိနေပါတယ်။
သေနတ်သမား အိုမာမာတင်းရဲ့ဇနီး နော်ဆာလ်မန်ကို စစ်ဆေးဖို့ အစိုးရ တရားလိုတွေက ဂျူရီအဖွဲ့ကို လွှဲပြောင်းပေးတယ်လို့ ရိုက်တာသတင်းတရပ်မှာ ဖော်ပြပါတယ်။
တိုက်ခိုက်မှုနဲ့ပတ်သက်ပြီး တာဝန်ရှိတဲ့သူတွေကို ထိန်ချန်ထားမှု၊ လူတွေ သေဆုံး ဒဏ်ရာရစေမှုနဲ့ စွဲဆိုဖို့ လုပ်ဆောင်နေတယ်လို့လည်း ဖောက်စ်သတင်းက ရေးပါတယ်။
တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့ပြီးတဲ့နောက်မှာ ဆာလ်မန်ကို မေးမြန်းမှုတွေ လုပ်ဆောင်နေပေမယ့် ဖမ်းဆီးထိန်းသိမ်းမှုတွေ မလုပ်ဆောင်သေးဘူးလို့ ဆိုပါတယ်။
အမေရိကန် သတင်းတချို့မှာလည်း ဆာလ်မန်ဟာ လက်နက်တွေ သွားရောက်ဝယ်ရာမှာ အိုမာနဲ့ လိုက်သွားခဲ့သလို အရင်က ပါလ်စ် (Pulse) နိုက်ကလပ်ကို လိုက်သွားဖူးတယ်လို့ ရေးပါတယ်။
အော်လန်ဒို ပစ်ခတ်မှုဟာ အမေရိကန်သမိုင်းမှာ အဆိုးဝါးဆုံးဖြစ်ပြီး ၄၉ ဦးသေဆုံးကာ ၅၃ ဦးဒဏ်ရာရပြီး ၆ ဦးက အရေးပေါ် အခြေအနေကို ရင်ဆိုင်နေရပါတယ်။