Home
သုံးသပျခကျြ
အစိုးရသစ်ရဲ့ မြန်မာ-အာဆီယံ ဆက်ဆံရေး အလားအလာ - အယ်ဒီတာစကားဝိုင်း
DVB
·
June 15, 2016
မကြာခင်က ဗမာပြည်ကို လာရောက်လည်ပတ်ခဲ့တဲ့ စင်ကာပူဝန်ကြီးချုပ် မစ္စတာလီရှန်လွန်းရဲ့ ဒေါ်အောင်ဆန်းစုကြည်အပေါ်မှာပေါ့နော်၊ တကယ်လို့ ဗမာပြည်ဟာ အာဆီယံကိစ္စတွေကို ဦးဆောင်ပြီးတော့ လုပ်ကိုင်ပေးဖို့ ပြောဆိုခဲ့တာတွေနဲ့ ပတ်သက်လို့ ကျနော်တို့တွေ အနေနဲ့ အစိုးရသစ်လက်ထက်မှာ ဖြစ်ပေါ်လာနိုင်တဲ့ မြန်မာ-အာဆီယံ ဆက်ဆံရေးနဲ့ နောက်တခု ဒေသတွင်းပေါ့နော် အရှေ့တောင်အာရှ အာဆီယံအတွင်းမှာ မြန်မာနိုင်ငံရဲ့ ပါဝင်လာနိုင်တဲ့ အခန်းကဏ္ဍကို ကျနော်တို့ ဆွေးနွေးဖို့ ရှိပါတယ်။ ဒီတပတ် ဆွေးနွေးမယ့်သူတွေကတော့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာရန်မျိုးသိမ်းနဲ့ The Voice ဂျာနယ် ဒု-အယ်ဒီတာချုပ် ကိုဇေယျာသူတို့ ဖြစ်ပါတယ်။ ဦးတိုးဇော်လတ် (ဒီဗွီဘီ) "လီရှန်လွန်း မပြောခင်ကတော့ အရင်တုန်းက ဒေါ်အောင်ဆန်းစုကြည်နဲ့ အာဆီယံဆိုတာ နည်းနည်းဝေးခဲ့ပါတယ်။ ၁၉၉၉ လောက်တုန်းက ဒေါ်အောင်ဆန်းစုကြည်က အာဆီယံကို စာရေးခဲ့ဖူးပါတယ်။ ဗမာပြည်ရဲ့ ဒီမိုကရေစီအရေးကို ကူညီဖို့၊ အဲဒီတုန်းက အာဆီယံရဲ့ အပြုသဘောဆောင်တဲ့ ဆက်ဆံရေးကြောင့်၊ နောက်တခုကလည်း သူများနိုင်ငံရေး ၀င်မစွက်ဖက်ရေးမူကြောင့် ဘာမှ မလုပ်ပေးခဲ့ပါဘူးပေါ့နော်။ အဲဒီကတည်းကစပြီး ခပ်တန်းတန်းနေခဲ့ရာကနေပြီးတော့ စင်ကာပူက အာဆီယံ Found ထဲမှာပါတယ်။ ချမ်းလည်းချမ်းသာတယ်၊ အဲဒီကနေစပြီး အခုလို ကမ်းလှမ်းလာတယ်ဆိုတော့ အဲဒါနဲ့ပတ်သက်ပြီး ဒေါက်တာရန်မျိုးသိမ်းကို ပထမဆုံး မေးလိုပါတယ်။ အာဆီယံ-မြန်မာ ဆက်ဆံရေးကဏ္ဍအသစ် စနေပြီလား၊ နောက် ဒေါ်အောင်ဆန်းစုကြည်ပေါ့၊ နိုင်ငံတော်အတိုင်ပင်ခံ အနေနဲ့ အာဆီယံကိစ္စတွေမှာ တက်တက်ကြွကြွ ၀င်ရောက်လုပ်သင့်လား၊ အဲဒါလေးကို ဆွေးနွေးပေးပါဦး။" ဒေါက်တာရန်မျိုးသိမ်း (နိုင်ငံရေးလေ့လာသုံးသပ်သူ) “ကျနော့်အမြင်ကတော့ အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ အနေနဲ့ လက်ရှိအခြေအနေမှာ သူတို့အဖွဲ့ရဲ့ ခေါင်းဆောင်မှုအပိုင်းမှာ ဟာကွက်ရှိနေတယ်လို့ ကျနော်မြင်တယ်။ ဥပမာ ဆိုလိုတဲ့သဘောက နိုင်ငံတကာ အသိုင်းအ၀ိုင်းမှာ နင်လားငါလားပေါ့။ အမေရိကန် အပါအ၀င် အနောက်အုပ်စု နိုင်ငံတွေနဲ့၊ ရုရှားအပါအ၀င် အရှေ့ဘက်က နိုင်ငံတွေနဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံနဲ့ နင်လားငါလား တန်းတူရည်တူပေါ့လေ၊ ဆက်ဆံနိုင်တဲ့ ခေါင်းဆောင်မှုမျိုး လက်ရှိအခြေအနေမှာ အာဆီယံထဲမှာ ပျောက်နေတယ်လို့ ကျနော်မြင်တယ်။ အဲတော့ ဒီအချိန်မှာပဲ မြန်မာနိုင်ငံမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ လူထုခေါင်းဆောင်အနေနဲ့ ပေါ်လာတဲ့ အနေအထားဟာ အာဆီယံအတွက် သူကလည်း အခွင့်အရေးလို့ သူက သတ်မှတ်ပုံရတယ်။ အဲဒီအခါကျတော့ ဒီအခွင့်အရေးကို သူက အမိအရ ဆုပ်ကိုင်နိုင်ဖို့အတွက် ဒီ စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်းရဲ့ ခရီးစဉ်မှာ ကမ်းလှမ်းခဲ့တယ်လို့ ကျနော်တော့ ယေဘုယျ နားလည်တယ်။ ဒါပေမယ့် ကျနော်တို့တိုင်းပြည်ရဲ့ အနေအထားကို ပြန်ကြည့်တဲ့ အခါကျတော့လည်း ကျနော်တို့တိုင်းပြည်ဟာ အရှေ့တောင်အာရှဒေသမှာ အဆင်းရဲ အမွဲတေဆုံးအဆင့်ကို ရောက်နေတယ်။ ဒေါ်အောင်ဆန်းစုကြည်လို ခေါင်းဆောင်မျိုးကို ရထားပေမယ့်လို့ တိုင်းပြည်ရဲ့ အနေအထားက လုံးဝ ပြာပုံအတိနီးပါး ဖြစ်နေတယ်။ အဲဒီအခါကျတော့ တိုင်းပြည်ကို ပြန်ပြီးတည်ဆောက်ရမယ့် အပိုင်းလည်း ရှိနေတယ်။ ကျနော်တို့အနေနဲ့ ဒေသတွင်း အကျိုးစီးပွားကို ရှေ့ရှုဖို့လည်း လိုအပ်တယ်။ ဒါပေမယ့် ကျနော်တို့ရဲ့ အမျိုးသားအကျိုးစီးပွားကတော့ ပထမဦးစားပေးဖြစ်ဖို့ လိုအပ်တယ်လို့ မြင်တယ်။ ဒေါ်အောင်ဆန်းစုကြည်လည်း အဲဒီလိုပဲ စဉ်းစားလိမ့်မယ်လို့ ကျနော်ယူဆတယ်။ အဲဒီအတွက်ကြောင့်မို့ ဒေါ်အောင်ဆန်းစုကြည်ဟာ တိုင်းပြည်နဲ့ ပြည်သူလူထုရဲ့ အကျိုးစီးပွားကို ရှေ့တန်းတင်ပြီးတော့ အာဆီယံ ဒေသတွင်းဆိုင်ရာ ကိစ္စတွေကို ဒုတိယအနေနဲ့ပဲ စဉ်းစားလိမ့်မယ်လို့ ကျနော်ကတော့ သုံးသပ်ပါတယ်။” ဦးတိုးဇော်လတ် (ဒီဗွီဘီ) "ဟုတ်ကဲ့ခင်ဗျ။ အာဆီယံဒေသတွင်း နိုင်ငံတွေမှာ တချိန်တုန်းက CLMV ပြဿနာပေါ့ဗျာ။ ကမ္ဘောဒီးယားတို့၊ လာအိုတို့၊ မြန်မာတို့၊ ဗီယက်နမ်တို့ အာဆီယံထဲမှာ အမြဲတမ်း ပြဿနာရှိတဲ့ တိုင်းပြည်တွေ၊ အမြဲတမ်း သူတို့ဟာပဲ ရှင်းနေရတယ်လို့ ပြောခဲ့တယ်။ အခုတော့ မြန်မာပြည်က အဲဒီကနေ လွတ်လာပြီဆိုတဲ့ သဘောပေါ့နော်။ အခုလိုမျိုး ကမ်းလှမ်းခံလာရတယ်။ အဲဒါနဲ့ပတ်သက်လို့ ကိုဇေယျာသူအနေနဲ့ ကျနော်တို့ မြန်မာအနေနဲ့ပေါ့နော်၊ ဒေသတွင်းနိုင်ငံရေးမှာ ၀င်ရောက်ပြီးတော့ ပိုပြီးတော့ တက်တက်ကြွကြွ လုပ်သင့်လား၊ ဒါမှမဟုတ် ဒေါက်တာရန်မျိုးသိမ်း ပြောသလိုမျိုး အမျိုးသားအကျိုးစီးပွားကို ရှေ့တန်းတင်ပြီးတော့ အဲဒါကိုပဲ လုပ်သင့်တယ် ဆိုတဲ့ဟာမျိုး ဘယ်လိုများ သုံးသပ်ပါသလဲခင်ဗျ။" ကိုဇေယျာယူ (ဒု-အယ်ဒီတာချုပ်၊ The Voice ဂျာနယ်) “လုပ်လို့ရတဲ့နေရာလုပ်ပေါ့။ လုပ်လို့မနိုင်တဲ့နေရာတော့ ကျနော်တို့က နောက်ဆုတ်နေလိုက်တာ ကောင်းတယ်။ တစ်အချက်ကတော့ ဒါက အာဆီယံမှာက လောက်လောက်လားလားက ခေါင်းဆောင်ပျောက်နေတာ ၁၉၉၈ ဆူဟာတို မရှိတော့ကတည်းက၊ အရင်ကတော့ လီကွမ်ယုတို့၊ မဟာသီရာတို့၊ ဆူဟာတိုတို့ ဒီလူတွေက Strong Men တွေ၊ သူတို့က ပြောရင်လည်း ခပ်ပြတ်ပြတ်ပြောချတာဆိုတော့ သူတို့က အုပ်စိုးလာတာလည်း သက်တမ်းကြာပြီဆိုတော့ သူတို့တွေက သြဇာရှိတဲ့ ပုဂ္ဂိုလ်တွေဖြစ်တယ်။ ၉၈ နောက်ပိုင်းမှာတော့ ခေါင်းဆောင်က လောက်လောက်လားလား မရှိတော့ဘူး။ မရှိတော့တဲ့အခါကျတော့ အာဆီယံ အစည်းအဝေးတွေ ဘာတွေ သွားရင် အဲဒီက မိတ်ဆွေတွေနဲ့ လွန်ခဲ့တဲ့ ၇ နှစ် ၈ နှစ်လောက်ကတည်းက ဒေါ်အောင်ဆန်းစုကြည်ကို အာဆီယံက အသုံးမချနိုင်ဘူးပေါ့နော်။ ကိုယ့်မှာ တကယ့်ကို တောက်တောက်ပြောင်ပြောင် ကမ္ဘာသိ ခေါင်းဆောင်တဦး ရှိထားရက်နဲ့ အာဆီယံအကျိုးကို အသုံးမချနိုင်ဘူးဆိုပြီး သူတို့က တဖျစ်တောက်တောက်ပြောတာ ကျနော်ကြားခဲ့ဖူးတယ်။ အခုကျတော့ ဒါက လီရှန်လွန်းကတော့ စင်ကာပူကဆိုတော့ သူက ပါးတယ်လေ။ စင်ကာပူကတော့ ဘယ်သူ့ကို ဘယ်လိုသုံးရမလဲဆိုတာ သူက စဉ်းစားနေတာဆိုတော့ ဟာ ဒီမှာတော့ ခေါင်းဆောင်ရှိတယ်ဆိုတဲ့ အချိန်မှာ သူက ရောက်တုန်းမှာ ပြောသွားတာပဲ။ အဲတော့ အာဆီယံနဲ့ ပတ်သက်ရင် မြန်မာပြည်က ကိုယ်လုပ်လို့ရတဲ့နေရာတွေ ၀င်လုပ်လိုက်ပေါ့နော်။ ဥပမာ တခြားအဖွဲ့အစည်းတွေနဲ့ ဆွေးနွေးတဲ့အခါမှာ၊ ဥရောပသမဂ္ဂတို့ ဘာတို့နဲ့ ဆွေးနွေးတဲ့အချိန်မှာ ဒေါ်အောင်ဆန်းစုကြည် မြန်မာအနေနဲ့ ခေါင်းဆောင်နေရာမျိုး ၀င်ယူလိုက်ရင်လည်း ဒီမိုကရေစီမှာ ရှေ့ရောက်လာတဲ့နိုင်ငံ ဖြစ်တဲ့အတွက် ကိုယ်က အမြင်ရတယ်။ အာဆီယံထဲမှာ သြဇာရှိရင်လည်း အာဆီယံနဲ့ မြန်မာနဲ့ ဆက်ဆံရေးမှာလည်း ကိုယ့်နိုင်ငံအကျိုးစီးပွားအတွက် လုပ်လို့ရတာပေါ့။ ဒါပေမယ့် တဘက်မှာလည်း ဘာပြန်ကြည့်ရမလဲဆိုတော့ ကိုယ့်နိုင်ငံက အခုမှ ပြန်ပြီးတော့ ထူထောင်ရမှာဆိုတော့ ခရီးက အရှည်ကြီး လှမ်းရဦးမယ်။ ဒီပြည်တွင်းမှာလည်း ကျနော်တို့က စစ်ဖြစ်နေတုန်း ဖြစ်သေးတယ်။ ဆင်းရဲမွဲတေမှုမှာလည်း နောက်ဆုံးကရေရင် ကျနော်တို့က နောက်နားမှာ ရှိနေသေးတယ်။ ရှိနေတဲ့အခါကျတော့ ဒေါ်အောင်ဆန်းစုကြည်ဆိုရင်လည်း သူ့မှာ ၀န်ကြီးဌာနက သုံးခုဖြစ်နေတယ်။ သမ္မတရုံးရော၊ နိုင်ငံခြားရေးဝန်ကြီးရော၊ အတိုင်ပင်ခံရုံး ဆိုပြီးတော့လည်း ရှိပြန်ရော၊ ပြီးရင် တခုလုံးကို သူက ကြည့်နေတော့ သူ အဲဒီဘက်ရောက်သွားရင် ကျနော်တို့က ဒီဘက်မှာ တင်ပြတဲ့ဟာတောင် ဖတ်နိုင်မှာ မဟုတ်တော့ဘူး။ အဲတော့ ကျနော့်အမြင်ကတော့ လုပ်လို့ရတဲ့နေရာပဲလုပ်ပြီး ကျန်တဲ့နေရာမှာတော့ ရှောင်နေတာ ကောင်းတယ်။” ဦးတိုးဇော်လတ် (ဒီဗွီဘီ) "နောက်တခုကလည်း အစိုးရသစ်လက်ထက်မှာ အာဆီယံနဲ့ ဆက်ဆံရေး၊ ဥပမာ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးထင်ကျော် ပထမဆုံးခရီးက လာအိုကိုသွားခဲ့တယ်။ ဒေါက်တာဖေမြင့် ပါခဲ့တယ်ပေါ့နော်။ အဲဒီလိုပဲ အာဆီယံ-ရုရှား Summit တုန်းကလည်း သမ္မတဦးထင်ကျော် သွားခဲ့တယ်။ အဲဒါ မေထဲမှာပေါ့နော်။ အခုလည်း ဒေါ်အောင်ဆန်းစုကြည်က ထိုင်းနိုင်ငံကို သွားဦးမယ်။ အဲတော့ တကယ်တမ်း အစိုးရသစ်အနေနဲ့ ကျနော်တို့ ဒီ ရီဂျင်နယ်ထဲမှာပေါ့နော်၊ အစ်ကိုတို့ပြောသလို ပြည်တွင်းနိုင်ငံရေး လိုအပ်ချက်ရှိသလို ဒေသတွင်း နိုင်ငံရေးကိုလည်း ပိုတိုးမြှင့်ဆက်ဆံဖို့လိုလား၊ အဲဒီအတွက်ကော ဘာတွေရလာနိုင်လဲ။ နောက်ထပ် ဒီလထဲမှာပဲ ဒေါ်အောင်ဆန်းစုကြည် ထိုင်းနိုင်ငံကိုသွားမယ်။ အထူးသဖြင့်တော့ ရွှေ့ပြောင်းအလုပ်သမားတွေ ကိစ္စပေါ့နော်။ အဲဒါနဲ့ပတ်သက်လို့ကော ဗမာပြည်ရဲ့ ဒေသတွင်း နိုင်ငံရေးအခန်းကဏ္ဍ တက်တက်ကြွကြွနဲ့ ဘယ်လိုပါဝင်လာနိုင်လဲ၊ ဘာတွေရလာနိုင်လဲ အဲဒါလေးလည်း ဖြည့်စွက်ပြီးတော့ ပြောပေးပါဦး။" ဒေါက်တာရန်မျိုးသိမ်း(နိုင်ငံရေးလေ့လာသုံးသပ်သူ) “ကျနော့်အမြင်ကတော့ သမ္မတဦးထင်ကျော်နဲ့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အစိုးရအဖွဲ့အနေနဲ့ ဒေသတွင်း နိုင်ငံရေးပေါ့လေ၊ ဥပမာ နိုင်ငံတကာဆက်ဆံရေး မျက်နှာစာမှာ ကျနော့်အမြင်မှာကတော့ ထိုးထိုးဖောက်ဖောက် ဆောင်ရွက်လာမယ်လို့ မြင်တယ်။ ဥပမာအားဖြင့် အာဆီယံ ဒီနှစ်ဥက္ကဋ္ဌဖြစ်တဲ့ လောနိုင်ငံကိုသွားတယ်။ ပြီးတဲ့အခါ ကျနော်တို့ ထိုင်းနိုင်ငံ သွားတယ်။ ထိုင်းနိုင်ငံဆိုတာ ကျနော်တို့နဲ့ အိမ်နီးချင်းနိုင်ငံဖြစ်တယ်။ နောက်ပြီးတော့ အဲဒီမှာ ကျနော်တို့ မြန်မာအလုပ်သမားတွေ အများကြီးရှိတယ်။ နောက်ပြီးတော့ အင်မတန်မှ ဆက်ဆံရေးလည်းပဲ ရှုပ်ရှုပ်ထွေးထွေးတွေ အများကြီးရှိခဲ့တဲ့ နိုင်ငံတနိုင်ငံ ဖြစ်နေတယ်။ အဲဒီအခါကျတော့ လက်ရှိအခြေအနေမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်တွေ ရွေးချယ်မှုကို ကြည့်မယ်ဆိုရင် စနစ်ကျပြီးတော့ အားကောင်းတယ်လို့ ယေဘုယျ သုံးသပ်လို့ရတယ်။ ကျနော်တို့နိုင်ငံရဲ့ လာမယ့်တနှစ်အတွင်းမှာ နိုင်ငံတကာ မျက်နှာစာမှာ အရေးပါတဲ့ခရီးစဉ်တွေ၊ ခြေလှမ်းတွေ ဖြစ်လာနိုင်တယ်လို့ မြင်တယ်။ နောက်ပြီးတော့ သိပ်မကြာခင်ကာလမှာ ကျနော့်အမြင်အားဖြင့်ပေါ့လေ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံကို သွားလိမ့်မယ်လို့ ကျနော်ယူဆတယ်။ အထူးသဖြင့်တော့ တရုတ်ပြည်သူ့သမ္မတနိုင်ငံကို သွားတဲ့ အဓိကရည်ရွယ်ချက်ဟာ နှစ်နိုင်ငံဆက်ဆံရေး၊ ပါတီနှစ်ရပ်ဆက်ဆံရေး ဆိုတာထက် အဓိက ကျနော်တို့ဆီမှာ စိန်ခေါ်မှုဖြစ်နေတဲ့ မြစ်ဆုံရေကာတာ စီမံကိန်းလိုမျိုး၊ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းလိုမျိုး၊ နောက်ပြီးတော့ ကျောက်ဖြူ - ကူမင်း၊ ရထားလမ်းနဲ့ ကားလမ်းစီမံကိန်းလိုမျိုး ဒီအပိုင်းတွေနဲ့ အဓိကဆက်စပ်ပြီးသွားတဲ့ ခရီးစဉ်မျိုး ဖြစ်လာလိမ့်မယ်လို့ ကျနော်ကတော့ သုံးသပ်တယ်။” ဦးတိုးဇော်လတ် (ဒီဗွီဘီ) "ကိုဇေယျာသူကိုလည်း မေးချင်တာကတော့ ဒေါ်စုခရီးစဉ်ကတော့ ပြည်တွင်းအကျိုးစီးပွားနဲ့ ပိုပတ်သက်တယ်။ စင်ကာပူနဲ့ ဆက်ဆံရေးဆိုရင်လည်း စင်ကာပူဟာ ဗမာပြည်မှာ တတိယအများဆုံး ရင်းနှီးမြှုပ်နှံတာပေါ့ဗျာ။ ဆိုလိုတာ ဒေါ်စုရဲ့ ခရီးစဉ်ရွေးချယ်မှုတွေဟာ အထူးသဖြင့် ဒေသတွင်းတွေမှာ ကိုယ့်ဗမာပြည်၊ ဗမာပြည်သူတွေအတွက် ဘာတွေများရနိုင်လဲ၊ အဲဒါတွေရဲ့ သက်ရောက်မှုတွေက ဘာတွေရှိနိုင်လဲ၊ နည်းနည်းဖြည့်စွက်ပြီးတော့ သုံးသပ်ပေးပါဦးခင်ဗျ။" ကိုဇေယျာသူ (ဒု-အယ်ဒီတာချုပ်၊ The Voice ဂျာနယ်) “ဖိတ်တာကတော့ တခါတလေကျရင် ကိုယ့်ဘက်အရင်သွားမယ်ဆိုပြီး ကမ်းလှမ်းတာလည်းရှိတယ်။ ဒါမှမဟုတ် ဟိုဘက်ကနေပြီး လာခဲ့ပါလို့ ကြိုပြောထားတာလည်းရှိတော့ ဖိတ်တာနဲ့ ကမ်းလှမ်းတာနဲ့ အဲဒီနှစ်ခု ကျနော်တို့ ညှိရတာပေါ့။ အခုဟာကတော့ ဖိတ်လို့ပဲသွားတာလား၊ ကိုယ်က ကြိုပြီးစီစဉ်ထားတာလား၊ ဒါကတော့ ကျနော်တို့ မပြောနိုင်ဘူးပေါ့။ ဒါပေမယ့် ခုနလို ထိုင်းကိုသွားတာပေါ့။ ထိုင်းကိုသွားတာဆိုရင် အင်မတန် ဖြစ်သင့်တဲ့ဟာဖြစ်တယ်။ ထိုင်းမှာ မြန်မာက တသန်းခွဲလောက် ရှိတယ်ပြောတယ် တရားဝင်။ တရားဝင်မဟုတ်တဲ့ဟာပါ တွက်လိုက်ရင်တော့ ၂ သန်း၊ ၃ သန်းလောက် ရှိနိုင်တာပေါ့နော်။ ရှိနိုင်တဲ့အခါကျတော့ ထိုင်းကိုသွားတာ အဲဒါကောင်းတယ်။ နောက်တခုကတော့ ဘာလဲဆိုတော့ ခုန ဟိုးအရင်တုန်းကလို ဦးနုတို့၊ ဦးကျော်ငြိမ်းတို့ပေါ့၊ ဟိုးအရင်ခေတ်က မြန်မာပြည်က သေးပေမယ့်လို့ ကမ္ဘာ့နိုင်ငံရေးမှာ မြင်သာထင်သာစွာ လှုပ်ရှားခဲ့တာ ကျနော်တို့ ရှိတယ်။ အိန္ဒိယနဲ့ တရုတ်နဲ့ကြားထဲမှာ ဆိုရင်လည်း ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးတို့ ဘာတို့ အဲဒါမျိုးတွေကို မြန်မာကစပြီးတော့ လုပ်ခဲ့တာပေါ့နော်။ ပြီးရင် ဘန်ဒေါင်း၊ ဘက်မလိုက်လှုပ်ရှားမှုတို့ ဘာတို့လည်း မြန်မာက တက်တက်ကြွကြွပါတယ်။ နောက်ပိုင်းမှာ နည်းနည်းလေး ရောလာတဲ့အချိန်မှာ ဘက်လိုက်တော့မယ်လို့ ထင်တဲ့အချိန်မှာ ထွက်လိုက်တာမျိုး၊ သူက ရဲရဲတင်းတင်း လုပ်နိုင်တဲ့ဟာရှိတော့ နိုင်ငံသေးပေမယ့် ကျနော်တို့ လေးစားတယ်ပေါ့နော်။ အခုလည်း ကျနော်တို့က နိုင်ငံတော့ သေးနေတယ်။ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်ကျတော့ လူကကြီးတယ်ပေါ့။ တဆက်တည်းမှာပဲ နိုင်ငံသေးသော်ငြားလည်း ကျနော်တို့က ဒီမိုကရေစီလမ်းတို့ ဘာတို့မှာ ကျနော်တို့က အာဏာရှင်စနစ်ကနေပြီးတော့ ဒီမိုကရေစီစနစ်ဘက်၊ အမိန့်ပေးတဲ့ စီးပွားရေးစနစ်ကနေပြီးတော့ ဈေးကွက်စီးပွားရေးစနစ် အဲဒီဟာကို ပြောင်းတဲ့အခါမှာ ကျနော်တို့က ညင်ညင်သာသာနဲ့ ပြောင်းနိုင်ခဲ့တယ်။ ဆိုတဲ့အခါကျတော့ နိုင်ငံအနေနဲ့ကလည်း သေးပေမယ့် ဒီကောင်တွေ လုပ်နိုင်ပါလား ဆိုပြီးတော့လည်း အထင်ကြီးနေတဲ့အချိန်ဖြစ်တော့ အခုချိန်မှာသွားရင် ကျနော်တို့က အပေါ်စီးက ရတယ်ပေါ့နော်။ အဲတော့ သွားတာကတော့ ကျနော့်အမြင်တော့ မြန်မာနဲ့နီးစပ်တဲ့ ခုနက ကိုရန်မျိုးသိမ်း ပြောတဲ့ဟာပေါ့နော် တရုတ်က အရေးကြီးတယ်။ တရုတ်ကိုသွားမယ်။ အခုလောလောဆယ်တော့ လာအိုကိုသွားတယ်။ လာအိုကတော့ သိပ်ပြဿနာမရှိတဲ့အတွက် သွားတယ်ပေါ့နော်။ နောက်တခုကတော့ ထိုင်း၊ ပြီးရင်တော့ တရုတ်၊ ပြီးမှပဲ ကျနော့်အမြင်တော့ ကိုယ့်ကိုလေးစားပြီးသားဖြစ်တဲ့ အမေရိကန်တို့ ဥရောပတို့ကျတော့ နောက်မှသွားလိမ့်မယ်လို့ ကျနော်မြင်တယ်။ အဲဒါကတော့ ပြည်ပနိုင်ငံရေးကို လုပ်တာကလည်း ပြည်တွင်းအကျိုးစီးပွားကိုတော့ သက်ရောက်စေမှာ ဖြစ်ပါတယ်။" ဦးတိုးဇော်လတ် (ဒီဗွီဘီ) "အခု ဂျီရိုပေါ်လက်တစ်ပေါ့၊ ဒေသန္တရ နိုင်ငံရေးမှာ ဗမာက အရေးပါတဲ့နေရာက ပါခဲ့တယ်။ နောက် အာဆီယံနဲ့ ပတ်သက်လို့ရှိရင် တရုတ်နိုင်ငံက အရေးကြီးတယ်။ ကုန်သွယ်ဘက်လည်းဖြစ်သလို လုံခြုံရေးအရလည်း တောင်တရုတ်ပင်လယ် အရေးကြီးတယ်ပေါ့နော်။ ကျနော်တို့ ဗမာပြည်မှာ အာဆီယံဆမ်းမစ်တုန်းကတော့ အဲဒီတုန်းက ၀န်ကြီးတပါး ပြောခဲ့ဖူးပါတယ်။ ဗမာပြည်ဟာ အစောက အငြင်းပွားနေတဲ့နေရာမှာ မပါဘူး။ တရုတ်နဲ့လည်း အိမ်နီးချင်းဖြစ်တဲ့အတွက် ဒီပြဿနာကို ကြားဝင် ဖြေရှင်းပေးမယ်ပေါ့။ ဒေါက်တာရန်မျိုးသိမ်းလည်း ပြောသလို တရုတ်နိုင်ငံနဲ့ ဆက်ဆံရေးကလည်း အရေးကြီးတယ်။ တရုတ်ကလည်း ဒေသတွင်းမှာ တော်တော်အင်အားကြီးတဲ့ နိုင်ငံဖြစ်တယ်။ ဒေါ်အောင်ဆန်းစုကြည်ကလည်း မနှစ်က ဇွန်ကနေ သွားခဲ့တယ်။ အဲဒီတုန်းက နိုင်ငံခေါင်းဆောင်တောင် မဖြစ်သေးဘူး။ အဲတော့ ဗမာက အစောကပြောသလိုမျိုး အငြင်းပွားတဲ့အထဲ တောင်တရုတ်လိုပေါ့။ အာဆီယံပြဿနာပေါ့နော်၊ ၀င်ရောက်ဖြေရှင်းပေးနိုင်တဲ့ အခြေအနေရှိလား။ တကယ်ကော တက်တက်ကြွကြွ ပါဝင်ဖြေရှင်းပေးသင့်သလား။ အဲဒါလေးကို ဖြည့်စွက်ဆွေးနွေးပေးပါဦး။" ဒေါက်တာရန်မျိုးသိမ်း(နိုင်ငံရေးလေ့လာသုံးသပ်သူ) “ကျနော့်အမြင်ကတော့ ဒီ တောင်တရုတ်ပင်လယ် နယ်မြေပိုင်ဆိုင်မှု၊ အငြင်းပွားမှု ကိစ္စကတော့ ကျနော်တို့ အရှေ့တောင်အာရှ ဒေသထဲမှာ ဖြစ်နေပေမယ့်လို့ ဒီပြဿနာကြီးက နည်းနည်းကြီးတယ်လို့ ကျနော်မြင်တယ်။ ဥပမာ ဒီပြဿနာကို အကြောင်းပြုပြီးတော့ အမေရိကန် ပြည်ထောင်စုကလည်း ဒီဒေသကို ထိုးဝင်လာတဲ့ သဘောတွေကို တွေ့နေရတဲ့အခါကျတော့ ဒီလိုပြဿနာမျိုးကို ကျနော့်အမြင်အားဖြင့်တော့ လက်ရှိ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး အပြောင်းအလဲကာလမှာ သတိကြီးကြီးထားပြီးတော့ ချဉ်းကပ်ဖို့လိုအပ်တယ်လို့ ကျနော်ကမြင်တယ်။ တဘက်ကပြောရင် တရုတ်နဲ့ အိန္ဒိယ ဆက်ဆံရေးကိုလည်း ကျနော်တို့က ထည့်တွက်ရမယ့် အနေအထားမျိုး ရှိနေတယ်။ နောက်ပြီးတော့ ရုရှားရဲ့အခန်းကဏ္ဍကိုလည်း ကျနော်တို့က ထည့်စဉ်းစားရမယ့် အနေအထားမျိုး ရှိနေတယ်။ အဲဒီအခါကျတော့ ကျနော်တို့က ကိုယ်မပိုင်မနိုင်တဲ့အပိုင်းကို ၀င်ပြီးတော့ ပတ်သက်လိုက်လို့ တိုင်းပြည်နဲ့ ပြည်သူလူထုအတွက် အကျိုးမရှိဘူး၊ ဒါမှမဟုတ် အကျိုးမဲ့သွားစေမယ်ဆိုရင် ကျနော့်အမြင်ကတော့ မသင့်တော်ဘူးလို့ ကျနော်က သုံးသပ်တယ်။" ဦးတိုးဇော်လတ် (ဒီဗွီဘီ) "ကိုဇေယျာသူလည်း ခုနပြောသလို ဗမာပြည်ဟာ တချိန်တုန်းက နိုင်ငံခြားရေးမူဝါဒအရ တက်ကြွခဲ့တဲ့ အခု နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်လည်း နိုင်ငံခြားရေးဝန်ကြီး ဖြစ်လာတယ်ပေါ့နော်။ အဲဒီလိုပဲ အာဆီယံနဲ့ တောင်တရုတ်ပင်လယ်လိုကိစ္စ၊ တရုတ်နဲ့ ဆက်စပ်ပြီးတော့ ဖြစ်လာတဲ့ ကိစ္စတွေမှာ ဗမာပြည်အနေနဲ့ ပိုမိုတက်ကြွတဲ့ နိုင်ငံခြားရေးမူဝါဒနဲ့  ချဉ်းကပ်သင့်သလား။ ဒါမှမဟုတ် ဒေါက်တာရန်မျိုးသိမ်း ပြောသလိုမျိုးပဲ အဲလို ရှုပ်ထွေးတဲ့အထဲမှာ မပါဘဲ ကိုယ့်ဟာကိုယ် နေသင့်သလား၊ အဲဒါလေးလည်း နည်းနည်း ဖြည့်စွက်ပြီးပြောပေးပါဦး။" ကိုဇေယျာသူ (ဒု-အယ်ဒီတာချုပ် The Voice ဂျာနယ်) “အစိုးရအဆက်ဆက်ကတော့ တရုတ်ကို သူတို့ ပြဿနာမဖြစ်အောင်၊ ဦးနုလက်ထက်ကကော၊ ဦးနေ၀င်းလက်ထက်ကကော၊ နောက် တပ်မတော်အစိုးရ လက်ထက်ကရော လုပ်ခဲ့တာဖြစ်တဲ့အတွက် အခုအစိုးရလက်ထက်မှာလည်း တရုတ်နဲ့တော့ ပြဿနာမဖြစ်အောင်တော့ နေမယ်လို့ ကျနော်မြင်တယ်ပေါ့နော်။ အရေးကြီးတာကတော့ တရုတ်က ဂျပန်လိုဟာမျိုး၊ အမေရိကန်လိုဟာမျိုးတောင် မကြောက်ဘဲနဲ့ ချနေတဲ့အခါကျတော့ မြန်မာပြည်လိုဟာမျိုးလည်း သူက ကြောက်မှာတော့မဟုတ်ဘူး။ အဲဒီအခါကျတော့ သူ့ကို ကျနော်တို့က ရန်မဖြစ်အောင် သတိထားပြီးတော့ ကျနော်တို့က နေတဲ့မူဝါဒ ရှိခဲ့တယ်။ ဒါက ရေးထားထား မရေးထားထား ဒီတိုင်းပဲပေါ့လေ။ အဲတော့ အခုဆိုရင် တရုတ်က အင်အားကလည်း တော်တော်တောင့်နေပြီ။ အရင်ကနဲ့တောင် မတူတော့ဘူး။ မော်စီတုန်းခေတ်ကနဲ့တောင် မတူတော့ဘူး။ တော်တော်တောင့်နေပြီ။ မဟာအင်အားကြီးနိုင်ငံဖြစ်ဖို့ တာစူနေတဲ့အခါကျတော့ ကျနော်တို့က တရုတ်နဲ့ပတ်သက်ရင် အောက်တော့ ကျို့လို့မဖြစ်ဘူးပေါ့နော်။ အစ်ကိုကြီး ညီလေးလိုတော့ လုပ်လို့မရဘူး။ သို့သော် မင်းကိုလည်း ငါက ရန်သူအဖြစ်မခံဘူးဆိုတဲ့ ဟာမျိုးပေါ့နော်။ သူ့ကို ကိုယ်က ရန်သူလို အဖြစ်မခံဘူး ဆိုတာမျိုးတော့ ရှင်းအောင် တရုတ်ကိုလည်း ပြောထားဖို့လိုတယ်။ အမေရိကန်တို့ ဘာတို့ တခြားနိုင်ငံတွေကိုလည်း ပြောထားဖို့လိုတယ်။ အဲဒီတော့ တောင်တရုတ်ပင်လယ်လို ကိစ္စမျိုးကတော့ ကျနော်တို့နဲ့ကတော့ လှမ်းတယ်။ ကျနော်တို့က တောင်တရုတ်ပင်လယ်နဲ့လည်း ထိစပ်နေတာ မဟုတ်ဘူး။ အဓိကပြဿနာတက်နေတာ ဖိလစ်ပိုင်တို့ ဗီယက်နမ်တို့ဆိုတော့ ကျနော်တို့က အာဆီယံထဲမှာ ပါတဲ့အနေနဲ့ သတိတော့ ထားရမယ်။ ဘက်တော့လိုက်လို့မရဘူး။ သို့သော်လည်း ဓားခုတ်ရာ လက်ဝင်လျှိုလို့တော့ မရဘူး။ တရုတ်နဲ့ပတ်သက်ရင် ဘယ်လိုကိုင်တွယ်မလဲ။ ဒါကတော့ ကျနော်တို့က သေချာတယ် နဂါးနားမှာနေတဲ့ဟာ ဖြစ်တဲ့အတွက် သိမ်သိမ်မွေ့မွေ့ ကိုင်တွယ်ဖို့ လိုတယ်။" ဦးတိုးဇော်လတ် (ဒီဗွီဘီ) "ဒေါက်တာရန်မျိုးသိမ်းကို မေးလိုတာကတော့ ကျနော်တို့ အာဆီယံတိုင်းပြည်တွေဆိုတာ တချိန်တုန်းက အာရှ Value တို့၊ အာရှဒီမိုကရေစီတို့၊ ဂိုက်တက်ဒီမိုကရေစီတို့ လုပ်ခဲ့တဲ့တိုင်းပြည်တွေပါ။ ဗမာပြည်ကလည်း စည်းကမ်းပြည့်ဝသော Discipline ဒီမိုကရေစီပေါ့နော်။ အဲတော့ ဗမာပြည် ကျနော်တို့ ဒီမိုကရက်တိုက်ဇေးရှင်း ဖြစ်လာတယ်။ အဲလိုပဲ ပိုလွတ်လပ်လာတယ်၊ ရွေးကောက်ပွဲ အောင်မြင်စွာ လုပ်နိုင်တယ်။ တည်ငြိမ်လာတယ်။ ဒေါ်အောင်ဆန်းစုကြည်လို ဒီမိုကရေစီ ချန်ပီယံလို့ပြောတဲ့သူတွေ ဦးဆောင်လာတယ်။ အဲတော့ ကျနော်တို့ အာဆီယံဒေသတွင်းမှာရော နိုင်ငံရေးအရ တကယ်တမ်း ပိုပြီး ပွင့်လင်းမြင်သာမှုတွေ ဖြစ်လာနိုင်လားဆိုတဲ့ သုံးသပ်ချက်လေးကို သုံးသပ်ပေးပါဦးခင်ဗျ။" ဒေါက်တာရန်မျိုးသိမ်း (နိုင်ငံရေးလေ့လာသုံးသပ်သူ) “ကျနော့်အမြင်ကတော့ ဒီ အာဆီယံဒေသထဲမှာ နိုင်ငံရေးအရ ပိုပြီးတော့ ပွင့်လင်းမြင်သာလာအောင် လက်ရှိ ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ တကယ်ထိုးထိုးဖောက်ဖောက် ဆောင်ရွက်လာနိုင်မယ်ဆိုရင် ကျနော့်အမြင်ကတော့ အာဆီယံ ပြည်သူလူထုအတွက်လည်း အကျိုးများနိုင်တယ်လို့ ကျနော်မြင်တယ်။ ဒါပေမယ့် ကျနော်တို့ကလည်း တဘက်က ပြန်စဉ်းစားရတာက ဒေသတွင်းပြဿနာတွေ၊ တောင်တရုတ်ပင်လယ် ပြဿနာတွေနဲ့ ကျနော်တို့တိုင်းပြည်မှာဆို နှစ်ပေါင်း ၆၀ ကျော်နေပြီဖြစ်တဲ့ ပြည်တွင်းစစ်က အခုထက်ထိ မပြီးသေးဘူး။ အဲတော့ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ပေါ့ ဒီဒေသတွင်းအတွက်ကို စဉ်းစားဖို့ လိုအပ်သလို ကျနော်တို့နိုင်ငံထဲမှာ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ရပြီးတော့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအားလုံးနဲ့ ငြိမ်းချမ်းရေး ယူနိုင်ပြီးတော့ တကယ့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကို ထူထောင်နိုင်တဲ့ ညီလာခံတခုကို လုပ်နိုင်ပြီးတော့ ကျနော်တို့ နိုင်ငံသားတွေ ဒီ တောတွေ တောင်တွေထဲမှာ စစ်ဘေးဒုက္ခသည်တွေဘ၀ကနေ အမြန်ဆုံး လွတ်မြောက်နိုင်မယ့် လမ်းကိုတော့ အမြဲတမ်း ဦးစားပေးဖို့ လိုအပ်တယ်လို့ ကျနော်ကမြင်ပါတယ်။"
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024