ရေကြီးမှုကြောင့် ပဲခူးတိုင်းအနောက်ခြမ်းဒေသက လယ်ယာမြေဧက ထောင်ချီပျက်စီး

ပြီးခဲ့တဲ့ရက်ပိုင်းက မိုးကြီးတပြီး ရေကြီးရေလျှံမှုကြောင့် ပဲခူးတိုင်းဒေသကြီး အနောက်ခြမ်းဖြစ်တဲ့ ဇီးကုန်း၊ နတ်တလင်း၊ ကြိုးပင်ကောက်၊ အစရှိတဲ့ မြို့နယ်တွေမှာ လယ်ယာမြေတွေ ပျက်စီး ခဲ့ပါတယ်။
ဇွန်လ ၁၂ ရက်နေ့လောက်ကစပြီး ရေကြီးရေလျှံမှုတွေဖြစ်ပွားခဲ့ရာ ဒီကနေ့အထိ ရေ တွေမ ကျသေးတဲ့အတွက် ဇီးကုန်းမြို့နယ်မှာ လယ်မြေဧက ၆ ထောင်လောက် ပျက်စီးကုန်တယ်လို့ ဇီးကုန်းဒေခံ ဒေါ်ခင်ငြိမ်းငြိမ်အိက ပြောပါတယ်။
“လယ်ဧကက တော်တော်များတယ်။ ဇီးကုန်းအရှေ့ဖက်မှာက ၃ ထောင်ကျော်ရှိတယ်။ အနောက်ဖက်ကမှာလည်း အဲလောက်ရှိတယ်။ ပျက်စီးတာပေါ့။ အခုထက်ထိက ရေတွေရှိနေ တုန်းပဲ။ ဇီးကုန်းအနောက်ခြမ်းက ပိုဆိုးတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူက မြစ်ရေ ပြန်ထောက်တာကိုး။ အနောက်ဖက်ခြမ်းက အခုထိ ရေက မကျသေးပါဘူး။”
ရေကြီးမှုကြောင် ဇီးကုန်မြို့ပေးဘော်ပင်ချောင်ဘေးမှာ ရှိနေတဲ နေအိမ် ၁၈ လုံး ရေတိုက်စား ပျက်စီးပြီ အဲဒီ ၁၈ လုံးထဲက ၇ လုံးဟာ ပြိုကျသွားခဲ့တယ်လို့လည်း ပြောပါတယ်။
ဒါ့အပြင် ရေကြီးမှုကြောင့် ဇီးကုန်မြို့နယ်အပိုင် ကျေးရွာအုပ်စု ၂ ခုက ကျေးရွာ ၆ ရွာလည်း ရေနစ်မြုပ်နေတယ်လို့လည်း ပြောပါတ။်
အလားတူ နတ်တလင်းမြို့မှာလည်း ရေကြီးမှုကြောင့် မြို့နယ်အတွင်းက ကျေးရွာ အုပ်စု ၆ စုက ရွာပေါင်း ၃၀ နီးပါး ရေကြီးရေလျှံမှုတွေဖြစ်နေတယ်လို့ နတ်တလင်းမြို့ခံ ကိုသန့်စင်ထက်က ပြောပါတယ်။
“ကျေးရွာအုပ်စုပေါင်း ၆ အုပ်စုလောက်နဲ့ ရွာပေါင်း ၂၀ ကျော် ၃၀ နီးပါးပေါးနော်။ ခ၀ဲသာအုပ်စု၊ ညောင်ငုတ်တိုအုပ်စု၊ မုံရွာကြီးအုပ်စု၊ ခြင်းလုံးကန်အုပ်စု၊ ချောင်းကွ အုပ်စုပေါ့နော်။ လွန်ခဲ့တဲ့ လေးငါးရက်လောက်ကတည်းက ရေကြီးတာ။ အခုတော့ ကျောင်းသားတွေကအစ ပညာရေး အခက်အခဲ၊ ကျန်းမာရေးအခက်အခဲ ဖြစ်နေကြတယ်။ ဒီပဲခူးတိုင်း အနောက်ခြမ်းမှာဆိုရင် တခြားလုံးနီးပါ ရေကြီးတယ်။ အဲဒီအတွက် အခုစိုက်ထားတဲ့ စပါးတွေက အကုန်ုလုံး ပျက်သွားတယ်။ ဒေသခံတွေကလည်း ရေကျသွားခဲ့လို နောက်တခါစိုက်ဖို့ မျိုးစေ့တို့ဘာတို့ သူတို့မှာ အခက်အခဲဖြစ်နေတယ်။”
တချို့ကျေးရွာတွေမှာ ရေတွေ ရင်ခေါင်းလောက်ရှိတဲ့အတွက် သွားရေးလာရေး အခက်အခဲ ဖြစ်နေသလို ကျေးရွာကျောင်းတွေလည်း ရေနစ်မြုပ်တဲ့အတွက် ကလေးတွေ ကျောင်းမတက်ရဘဲ ဖြစ်နေတယ်လို့လည်း ပြောပါတယ်။
စိုက်ပျိုးမွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန လက်ထောက်အတွင်းဝန် ဦးမျိုးတင့်ထွန်း ကတော့ ရေကြီးမှုကြောင် လယ်မြေပျက်စီမှုအနေထားတွေ သူတို့ဆီမတက်လာ သေးပေမယ့် ပြင်ဆင် ထားမှုတွေရှိတယ်လို့ ဒီဗွီဘီကို ပြောပါတယ်။
“အဲဒါက ကျနော်တို့ဆီကို ရီပို့တက်လာတာမတွေ့သေးဘူး။ ကျနော်တို့ကတော့ စိုက်ပျိုးရေးနဲ့ ပတ်သက်လို့တော့ မျိုးစပါးတို့၊ လိုအပ်တဲ့ဟာတွေကို ကျနော်တို့ စုဆောင်းထားပါတယ်။ တကယ်လို့ ဖြစ်လာရင်တော့ ဒါတွေကို ပံ့ပိုးပေးမှာပေါ့။ ”
သဘာဝဘေးအန္တရာယ်အတွက် အခု ၂၀၁၆၀၁၇ ဘဏ္ဍ နှစ်မှာ နိုင်ငံတော်က ဘီလီယံ ၂၀ ချထားပေးတယ်လို့ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဒေါ်ဖြူလဲ့လဲ့ထွန်းက ပြောပါတယ်။
“ဒီသဘာဝ ဘေးအန္တရယ်နဲ့ပတ်သက်ပြီး သုံးစွဲဖို့ဆိုပြီးတော့ ပြည်ထောင်စု ဘဏ္ဍ ရန်ပုံငွေကနေ ဘီလီယန် ၂၀ ကို သဘာဝဘေးအန္တရာယ်အတွက် ခွဲဝေပေးထားတယ်။ ဒီဘီလီယန် ၂၀ က ကျမတို့ ၀န်ကြီးဌာနတခုထဲ သုံးဖို့မဟုတ်ဘူး။ သဘာဝဘေးနဲ့ပတ်သက်တဲ့ လယ်ယာစိုက်ပျိုးရေး ဂဏ္ဍ၊ လမ်းတံတားဂဏ္ဍ အဲဒီလိုဂဏ္ဍတွေမှာ သုံးနိုင်ဖို့ ချထားပေးတယ်။ လိုအပ်တဲ့အနေအထား ပေါ်မူတည်ပြီးတော့ တင်ပြပြီးတော့ ဒါကို ပြန်ပြီးတော့ ခွဲပေးမှာပေါ့။ ”
မြန်မာနိုင်ငံမှာ စစ်ကိုင်းတိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်းဒေသကြီးနဲ့ ရခိုင်ပြည်နယ်တွေမှာ မိုးကြီးရေလျှံမှုတွေဖြစ်ပေါ်နေပြီး လူပေါင်း သောင်းချီရေဘေးကြံနေရပါတယ်။