ပေါ်တူဂီကို သရေကစားသွားသည့် အိုက်စလန်အသင်းရဲ့ ထူးခြားချက်

ဇွန် ၁၅ ရက် မနက်ပိုင်းမှာ ကစားသွားတဲ့ ယူရို ၂၀၁၆ အုပ်စု အက်ဖ်က ပေါ်တူဂီကို ၁ ဂိုးစီ သရေကစားသွားတဲ့ အိုက်စလန်အသင်းဟာ လူအများရဲ့ အာရုံကို ဖမ်းစားခဲ့ပါတယ်။
ဒီပွဲမှာ အကောင်းဆုံး ကစားသမားအဖြစ် အိုက်စလန် တသင်းလုံး ထူးထူးခြားခြား သတ်မှတ်ခံရပါတယ်။
တဦးတယောက်ကို အားကိုးပြီး ကစားတာထက် အသင်းလိုက်ကစားတဲ့ ပြိုင်ပွဲဖြစ်လာပြီလို့ အင်္ဂလန် ဂါးဒီးယန်းသတင်းက ရေးပါတယ်။
ပေါ်တူဂီလို ကျွမ်းကျင်မှုကို အိုက်စလန်က မပြသနိုင်ပေမယ့် စိတ်ဓာတ်ပိုင်းဆိုင်ရာကတော့ မယုံနိုင် အံ့သြစရာ ဖြစ်သလို အသင်းမှာ ယုံကြည်မှုတွေ ရှိနေတယ်လို့ ဆိုပါတယ်။
နိုင်ငံငယ်လေးက ကျယ်လောင်တဲ့အသံကို ပြုနိုင်ခဲ့တယ်လို့လည်း ချီးကျူးပြီး ရေးသားပါတယ်။
ပွဲအပြီး အိုက်စလန်အသင်းရဲ့ အောင်ပွဲခံနေတဲ့ပုံစံဟာ စိတ်အနှောင့်အယှက်ဖြစ် ဒေါသထွက်ရတယ်လို့ ပေါ်တူဂီကစားသမား ရော်နယ်ဒိုက ပြောပါတယ်။
ဥရောပဖလားကို ရသွားတဲ့အတိုင်း အောင်ပွဲခံနေတာဟာ မယုံနိုင်စရာပါလို့ သူက ပြောပါတယ်။
တကယ်တော့ လူဦးရေ ၃ သိန်း ၃ သောင်းသာရှိတဲ့ အိုက်စလန်အတွက် ယူရို ၂၀၁၆ ဟာ ပထမဆုံး ကစားခွင့်ရတဲ့ ဥရောပပြိုင်ပွဲတခု ဖြစ်ပါတယ်။
အိုက်စလန်မှာ ဥရောပက ဘောလုံးအင်အားကြီး နိုင်ငံတွေလို ဘောလုံးကလပ် ကောင်းကောင်း မရှိပါဘူး။
နယ်သာလန်လို ဘောလုံးအင်အားကြီးနိုင်ငံကို ခြေစစ်ပွဲ ၂ ကျော့စလုံးမှာ အနိုင်ကစားပြီး ခြေစစ်ပွဲ အောင်လာတာ ဖြစ်ပါတယ်။
ပေါ်တူဂီနဲ့ပွဲမှာ အိုက်စလန်ဂိုးသမား ဟန်းနစ်သော်ဟော်ဒါဆန်က တခြား ကစားသမားတွေထက် ဘောလုံးကို ပိုထိခဲ့သလို အပိုင်ကန်သွင်းချက် ၈ ချက်လောက်ကို ဖျက်ထုတ်နိုင်ခဲ့ပါတယ်။
၂၀၁၂ ခုနှစ် အီတလီိနဲ့ အင်္ဂလန် ကစားတဲ့ပွဲမှာ အများဆုံး ကယ်ဆယ်ခဲ့တဲ့ အင်္ဂလန် ဂိုးသမား ဂျိုးဟတ်လို အများဆုံး ကယ်ဆယ်မှုတွေ လုပ်နိုင်တဲ့ ကစားသမားတဦး ဖြစ်လာပါတယ်။