A d v e r t i s e m e n t With Us

ပျောက်ဆုံးနေသည့် ကလေးငယ် ၃ ဦးကို ရဲအရာရှိတဦးက ကူညီကယ်တင် (ဓာတ်ပုံ)

ဒါဟာ ပျောက်ဆုံးမှုနဲ့ ရှာဖွေတွေ့ရှိမှုတွေကြား ချစ်စရာအကောင်းဆုံး အမှုတခုပါပဲ။ တရုတ်နိုင်ငံ၊ ဇီကျန်းခရိုင်၊ ကျန်တဲမြို့မှ အသက် ၂ နှစ်အရွယ် မိန်းကလေးတဦးနဲ့ တနှစ်အရွယ် အမြွှာကလေး ၂ ဦးဟာ နေအိမ်ကနေ (မိဘတွေသတိမထားမိချိန်မှာ) လမ်းလျှောက်ထွက်ခဲ့ပြီး မျက်စိလည် ပျောက်ဆုံးသွားခဲ့တာပါ။ ဒါပေမယ့် ကံကောင်းထောက်မစွာပဲ အဲဒီလူမမည်ကလေး ၃ ဦးကို ရဲအရာရှိတဦးက ရှာဖွေတွေ့ရှိခဲ့တယ်လို့ စီစီတီဗွီသတင်းမှာ ဖော်ပြပါတယ်။ ချန်လို့ အမည်ရတဲ့ အဲဒီရဲအရာရှိဟာ ဇွန်လ ၁၃ ရက်နေ့ မနက်ပိုင်းက မနက်စာ စားနေချိန်မှာ ကလေးငယ် ၃ ဦးဟာ မိဘအုပ်ထိန်းသူတွေမပါဘဲ နောက်ဖေးလမ်းကြား ဈေးဆိုင်တခုရှေ့မှာ ရပ်နေခဲ့ကြတာကို သတိပြုမိခဲ့တာပါ။ အဲဒီနောက်မှာတော့ ရဲအရာရှိဟာ ကလေးငယ် ၃ ဦးကို နီးစပ်ရာ ရဲစခန်းတခုဆီ ခေါ်ဆောင်သွားခဲ့ပါတယ်။ ဒါပေမယ့် ရဲစခန်းထဲမှာ အသက် ၂၀ ကနေ ၃၀ ကြား အမျိုးသားတွေချည်းသာ ရှိကြတာမို့ ကလေးငယ်တွေကို ဘယ်လို ပြုစုထိန်းသိမ်းရမလဲဆိုတာ မသိခဲ့ကြပါဘူး။ နောက်ဆုံးမှာတော့ သူတို့ဟာ ကလေးတွေကို ချော့မြှူဖို့၊ နို့နဲ့ အ၀တ်အစားတွေ ၀ယ်ဖို့၊ အရေးအကြီးဆုံးဖြစ်တဲ့ မိဘတွေကို ရှာဖွေဖို့ဆိုတဲ့ အုပ်စု ၃ စုခွဲပြီး တာဝန်ခွဲဝေခဲ့ကြတာပါ။ ကလေးတွေရဲ့ မိခင်ဟာ နာရီအတော်ကြာမှ ရဲစခန်းဆီ ရောက်လာခဲ့ပြီး ခင်ပွန်းဖြစ်သူ မနက်စောစော အလုပ်သွားချိန်မှာ တံခါးမကြီးကို မပိတ်မိခဲ့ဘဲ မေ့ခဲ့လို့ ခုလိုဖြစ်ခဲ့ရတာလို့ ပြောခဲ့ပါတယ်။ သူနိုးလာချိန်မှာ ကလေးတွေမရှိတော့ဘဲ ပျောက်ဆုံးနေခဲ့လို့ အပြေးအလွှား ရှာဖွေနေခဲ့ပြီး အိမ်နီးချင်းတွေကိုလည်း အကူအညီ တောင်းခဲ့ရတယ်လို့ ဆိုပါတယ်။ လက်ရှိမှာတော့ ချစ်စရာကလေးငယ်တွေကို ကူညီကယ်တင်ပေးခဲ့တဲ့ ရဲအရာရှိနဲ့ ကလေးငယ်တွေရဲ့ ပုံတွေဟာ အင်တာနက်စာမျက်နှာတွေပေါ်မှာ ရေပန်းစားနေပြီး မိဘတွေကိုလည်း သူတို့ရဲ့ ကလေးငယ်တွေနဲ့ ပတ်သက်ပြီး ထိန်းသိမ်းစောင့်ရှောက်ဖို့ ပိုပြီးတာဝန်ရှိတယ်လို့ ထောက်ပြပြောဆိုနေကြပါတယ်။ ဓာတ်ပုံ - စီစီတီဗွီ  

A d v e r t i s e m e n t With Us

More News
Up