Home
မြန်မာသတင်း
ပအိုဝ်းဒေသတ၀ှမ်းလုံး မူးယစ်ဆေးဝါး ပပျောက်ရေး ဆောင်ရွက်မည်
နန်းမြနဒီ
·
June 15, 2016
ရှမ်းပြည်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသထဲမှာ မူးယစ်ဆေးဝါး ကင်းစင်ပပျောက်ရေးအတွက် အဖွဲ့ပေါင်းစုံ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ပအိုဝ်းဒေသ မူးယစ်ဆေးဝါး ပပျောက်ရေး ဗဟိုကော်မတီက ထုတ်ပြန်ပါတယ်။ ပီအန်အို ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်၊ ပီအန်အေ ပအိုဝ်းပြည်သူ့စစ်၊ လွှတ်တော်ကိုယ်စားလှယ်၊ စာပေယဉ်ကျေးမှု၊ လူငယ်၊ အမျိုးသမီး၊ လူမှုအခြေပြုအဖွဲ့၊ တိုင်းရင်းဆေးအဖွဲ့၊ မြန်မာနိုင်ငံ မူးယစ်ဆေးဝါး ဆန့်ကျင်ရေးအဖွဲ့ (MANA)၊ ရှမ်းတောင် လူမှုကွန်ရက် (SSSCSO Network) စတဲ့ အဖွဲ့ပေါင်းစုံဟာ ဒီလဆန်းပိုင်းက တောင်ကြီးမြို့နယ် ဒဲန်ဆီးဗွေကွင်းမှာ တွေ့ဆုံဆွေးနွေးပြီး အလုပ်အမှုဆောင် ကော်မတီတရပ် ဖွဲ့စည်းခဲ့သလို လုပ်ငန်းစဉ်တွေလည်း ချမှတ်ခဲ့ပါတယ်။ ပအိုဝ်းဒေသထဲမှာ အထူးသဖြင့် လူငယ်လူလတ်ပိုင်းတွေကြား စိတ်ကြွဆေးသုံးစွဲမှုတွေ မြင့်မားနေတဲ့အတွက်  သုံးစွဲသူနဲ့ ရောင်းဝယ်သူကို အဓိကထား နှိမ်နင်းအရေးယူသွားမယ်လို့ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူးနဲ့ မူးယစ်ဆေးဝါးပပျောက်ရေး ကော်မတီဝင် ဦးခွန်သိန်းဖေက ဒီဗွီဘီကို ပြောပါတယ်။ “ကျနော်တို့ လူငယ်လူရွယ်တွေ အများစုက မူးယစ်ဆေးဝါးနဲ့ မကင်းတော့ဘူး။ ကျနော်တို့ဒေသက စိုက်ပျိုးရေးလုပ်ငန်း၊ ခြံလုပ်ငန်း အများဆုံးလုပ်တော့ နေ့စားအလုပ်သမားငှားတာတောင်မှ ပိုက်ဆံမယူဘဲ ယာဘဆေးကို တောင်းတဲ့အဆင့်ထိ ရှိတယ်။ အများစုက လူပျိုနဲ့ ကျောင်းသားအရွယ်တွေ၊ ဥပဒေစိုးမိုးတဲ့ဒေသဆို ၂၀ ရာခိုင်နှုန်း၊ မြို့နဲ့အလှမ်းဝေးတဲ့ နေရာတွေဆို ၅၀ ရာခိုင်နှုန်း သုံးမယ်လို့ ကျနော်တို့ခန့်မှန်းတယ်။” အခုလိုဖြစ်ရတဲ့ အကြောင်းရင်းတွေထဲမှာ ပအိုဝ်းဒေသ အနီးတ၀ိုက် မူးယစ်ဆေးရောင်းဝယ်မှုတွေ ပေါများလာတာကတကြောင်း၊ ဒီနှစ်ထဲ ဘိန်းစိမ်းဈေးတွေ ကျဆင်းသလို ဘိန်းကုန်သည်ပွဲစားတွေဘက်ကလည်း ဘိန်းဝယ်ရင် ငွေနဲ့အကုန်မချေဘဲ တ၀က်ကို စိတ်ကြွဆေးပေးတာကြောင့် အခုလို ပြန့်ပွားလာတာလို့ သူက ဆက်ပြောပါတယ်။ သူတို့ကော်မတီအနေနဲ့ အဓိကအားဖြင့် မူးယစ်ဆေးဝါး ရောင်းဝယ်သူနဲ့ သုံးစွဲသူကို အဓိကထား နှိမ်နင်းသွားမှာဖြစ်ကြောင်း၊ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ကော်မတီကို ကျေးရွာအသီးသီးမှာ ပြန်လည်ဖွဲ့စည်းထားပြီး အသိပညာပေးခြင်း၊ ရောင်းဝယ်သူ၊ သုံးစွဲသူတွေကို ပထမဆင့်၊ ဒုတိယဆင့် ခေါ်ယူသတိပေးခြင်း၊ အစိုးရဌာနဆိုင်ရာ၊ ဒေသခံ အာဏာပိုင်အဖွဲ့အစည်းတို့နဲ့ ပူးပေါင်းညှိနှိုင်းပြီး ဥပဒေနဲ့အညီ အရေးယူ ဆောင်ရွက်သွားမယ်လို့ ဦးခွန်သိန်းဖေက ပြောပါတယ်။ ပြည်ထောင်စုပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (ပအမဖ) ပါတီမှ ခွန်စိုးမြင့်ထွန်းကလည်း သူကိုယ်တိုင် တွေ့မြင်ခဲ့ရတဲ့ ပအိုဝ်းဒေသက မူးယစ်ဆေးစွဲမှု အခြေအနေကို ခုလို ဖြည့်စွက်ပြောပြပါတယ်။ "ကျနော်တို့ ရောက်သွားခဲ့တဲ့ ရွာကတော့ ဆီဆိုင်မြို့နယ်ထဲက ရွာတရွာပေါ့၊ အဲဒီရွာက  တအားခေါင်တယ်၊ တောတွင်းပိုင်းဘက်မှာ၊ နာမည်တော့ မပြောတော့ဘူး၊ တရွာလုံး စိတ်ကြွဆေး စွဲနေကြတာ။ သူများသုံးလို့ လိုက်မသုံးရင် အဲဒီလူကို သူလျှိုလိုလို သဘောထားတယ်၊ သူ့ကို ရွာစောင့်လုပ်ခိုင်းတယ်၊ ပြီးတော့ ပယ်ထားကြတယ်၊ ရွာကလူတွေက အလုပ်လုပ်တာ ဆေးဖိုးရဖို့ပဲ။ စီးပွားရေးကိစ္စ၊ အလုပ်အကိုင် ပိုကောင်းဖို့ကိစ္စ၊ ကလေးတွေ ပညာရေး၊ ကျောင်းထားဖို့ကိစ္စ စိတ်မ၀င်စားဘူး။ တနေ့လုပ်ပြီး တနေ့စာ ဆေးဖိုးရရင် တော်ပြီ။ ဆေးဖိုးမရှိရင် သူများဆီ တောင်းစားတယ်၊ ပိုက်ဆံချေးတယ်၊ အကျင့်စာရိတ္တ ပျက်လာတယ်။" ဆီဆိုင်မြို့နယ်ထဲမှာ ကျေးရွာအုပ်စုပေါင်း ၂၀ ကျော်ရှိပြီး အနည်းနဲ့အများ မူးယစ်ဆေးစွဲတဲ့ရွာတွေက ၁၅ ရွာလောက်ရှိမယ်လို့ သူက ခန့်မှန်းပြောဆိုပါတယ်။ အဆိုပါကျေးရွာဟာ မြို့နဲ့ဝေးပြီး လူမှုအခြေပြုအဖွဲ့အစည်း၊ ဖွံ့ဖြိုးရေးအဖွဲ့အစည်းတွေ အလှမ်းမမီတာကြောင့် အခုလို မူးယစ်ဆေးသုံးစွဲမှု မြင့်မားနေတာဖြစ်ကြောင်း၊ ပအိုဝ်းဒေသ တ၀ှမ်းလုံး မူးယစ်ဆေးဝါးပပျောက်ရေး ဆောင်ရွက်မယ်ဆိုရင် မြို့နဲ့အနီးနား ဆောင်ရွက်ရုံတင်မက အတွင်းပိုင်းကျတဲ့ ရွာတွေထိ ၀င်ရောက်ဆောင်ရွက်စေလိုကြောင်း  ခွန်စိုးမြင့်ထွန်းက ပြောသွားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024