ရုရှားကို ၂၀၁၆ ယူရိုပြိုင်ပွဲ ကစားခွင့် ဆိုင်းငံ ပြစ်ဒဏ်နှင့် ယူရို ၁ သိန်းခွဲ ပြစ်ဒဏ်ချ
ဇွန် ၁၂ရက်က ကစားခဲ့တဲ့ရုရှားနဲ့ အင်္ဂလန်ပွဲအပြီး ၂ ဖက်ဘောလုံး ပရိသတ်တွေ အဓိကရုဏ်း ဖြစ်ပွားခဲ့တဲ့အတွက် ရုရှားဘောလုံးအသင်းကို ဆိုင်းငံ ယူရို ပြိုင်ပွဲကစားခွင့်နဲ့ ယူရို ၁ သိန်းခွဲ ဒဏ်ငွေရိုက်ဖို့ ဥရောပ ဘောလုံးအဖွဲ့ချုပ်က ချမှတ်လိုက်ပါတယ်။
ဒဏ်ငွေကိုတော့ ရုရှားဘောလုံးအဖွဲ့ချုပ်က ပေးဆောင်ရမှာ ဖြစ်ပါတယ်။
ရုရှားအသင်းကစားဖို့ ကျန်ရှိနေတဲ့ လက်ကျန် ယူရိုပွဲစဉ်တွေမှာ အလားတူ အဓိကရုဏ်းတွေ ထပ်ဖြစ်လာရင် ရုရှားအသင်းအနေနဲ့ ယူရိုပြိုင်ပွဲ ကစားခွင့်ကို ရုပ်သိမ်းသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
ဆုံးဖြတ်ချက်အပေါ် အယူခံဝင်ပိုင်ခွင့်ရှိတယ်လို့လည်း ဥရောပဘောလုံးအဖွဲ့ချုပ်က ဆိုပါတယ်။ ပရိသတ်တွေရဲ့ လူမျိုးရေး ခွဲခြားမှု မီးရှုးမီးပန်း ပစ်ဖောက်မှုတွေအတွက်လည်း ရုရှားက စွဲဆိုခံနေရပါတယ်။
အဓိကရုဏ်းမှာ ပါဝင်တယ်လို့ ယူဆရတဲ့ ရုရှား ပရိသတ် ၅၀ ဦးကို ပြင်သစ်ကနေ နယ်နှင် ဒဏ်ပေးခဲ့တယ်လို့လည်း ပြင်သစ် ရဲတပ်ဖွဲ့က ကြေညာပါတယ်။
မာဆေးမှာ အင်္ဂလန်နဲ့ကစားတဲ့ပွဲမှာ ဖြစ်ပွားခဲ့တဲ့ အဓိကရုဏ်းကြောင့် လူ ၃၅ ဦးလည်း ဆေးရုံမှာ ကုသခံနေရပါတယ်။