Home
မြန်မာသတင်း
မြန်မာလေတပ် ရဟတ်ယာဉ်ပျက်ကျ၊ ၃ ဦးသေဆုံး
DVB
·
June 14, 2016
မြန်မာ့တပ်မတော်(လေ)က အမ်အိုင်-၂ အမျိုးအစား ရဟတ်ယာဉ်တစီး ပဲခူးတိုင်းဒေသကြီး ဒိုက်ဦးမြို့နယ်မှာ ရာသီဥတုဆိုးရွားမှုကြောင့် ဒီကနေ့ မနက်က ပျက်ကျပြီး ၃ ဦး သေဆုံးသွားတယ်လို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးက အတည်ပြု သတင်းထုတ်ပြန်ပါတယ်။ အမ်အိုင်-၂ အမျိုးအစား တပ်မတော်ရဟတ်ယာဉ်တစ်စီးဟာ ဒီနေ့ မနက်ပိုင်းမှာ မိတ္ထီလာမြို့မှ မှော်ဘီမြို့ကို ပျံသန်းထွက်ခွာလာရာ ဒိုက်ဦးမြို့နယ်အတွင်း ရောက်ရှိပျံသန်းစဉ် ရာသီဥတု ဆိုးရွားတဲ့ အတွက် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင် ၇၂ အနောက်ဘက်ခြမ်းရှိ ဂုံညှင်းချောင်းအနီး လျှိုအတွင်းသို့ ပျက်ကျခဲ့တာလို့ ဆိုပါတယ်။ စစ်ရဟတ်ယာဉ်ဟာ မိတ္ထီလာမြို့ လေတပ်စခန်းဌာနချုပ်မှာ အကြီးစား ပြင်ဆင်စစ်ဆေးတာတွေ ပြုလုပ်ခဲ့ပြီး မြိတ်မြို့ လေတပ်စခန်းဌာနချုပ်ကို ပို့ဆောင်ဖို့ ဒီနေ့ မနက် ၈ နာရီ ၄၀ မိနစ်ခန့်မှာ မိတ္ထီလာမြို့မှစတင် ထွက်ခွာလာတာပါ။ မနက် ၁၀ နာရီခွဲလောက်မှာ တောင်ငူလေတပ်စခန်းဌာနချုပ်မှာ ဆီဖြည့်ရပ်နားခဲ့ပြီး မနက် ၁၁ နာရီခွဲမှာ မှော်ဘီမြို့သို့ ဆက်လက်ထွက်ခွာပျံသန်းစဉ် ရာသီဥတုဆိုးရွားတဲ့အတွက် ပျက်ကျ မီးလောင်ပျက်စီးခဲ့တယ်လို့ တပ်မတော်က သတင်းထုတ်ပြန်ပါတယ်။ ရဟတ်ယာဉ်ပေါ်မှာပါသွားတဲ့ ရဟတ်ယာဉ်မှူး ဗိုလ်မှူး ရန်နိုင်ထူး၊ တွဲဖက်ရဟတ်ယာဉ်မှူး ဗိုလ်ကြီး ထွန်းထွန်းနိုင်နဲ့ ရဟတ်ယာဉ်အဖွဲ့သား တပ်ကြပ်ကြီး တင်ထွန်းလွင်တို့ ၃ ဦး ပျက်ကျတဲ့ နေရာမှာ သေဆုံးသွားခဲ့ပြီး ရဟတ်ယာဉ် ပျက်ကျမှု အခြေအနေကို တာဝန်ရှိသူတွေက စုံစမ်းဖော်ထုတ်နိုင်ရေး စီစဉ်နေတယ်လို့ သိရပါတယ်။ အခင်းဖြစ်ပွားရာနေရာကို ရောက်ရှိနေတဲ့ ဖြူးမြို့နယ် ညောင်ပင်သာကျေးရွာက ဒု-ရဲအုပ် ဇော်မိုးလွင်ကတော့ ပဲခူးရိုးမနဲ့ ၃ မိုင်လောက်ဝေးတဲ့နေရမှကျတာလို့ ဒီဗွီဘီကို ပြောပါတယ်။ “အမြန်လမ်း မိုင်တိုင် ၇၀၊ ၂ ဖာလုံ ပဲခူးရိုးမနဲ့ ၃ မိုင်လောက်ဝေးတယ်။ ဖြစ်တဲ့အချိန်လည်း ကျနော်တို့ စုံစမ်းတုန်းဗျာ။ ဘယ်လိုကြောင့်ဖြစ်တယ်ဆိုတာ ကျနော်တို့ အတည်မပြုနိုင်သေးဘူး။ လေယာဉ်က ပျက်ကျတယ်ဆိုတော့ မီးလောင်တာပေါ့လေ။ သေတာကတော့ ၃ ဦးလို့ပြောတယ်။ တပ်ကတော့ အတိအကျပြောလို့ မရသေးဘူး။” ဒီနေ့ မနက်ပိုင်းက ဒိုက်ဦးမြို့နယ် ဥသျှစ်ကုန်း ကျေးရွာအနီး ရဟတ်ယာဉ်တစီး ပျက်ကျသွားကြောင်း ဒေသခံတဦး သတင်းပေးချက်အရ ဒိုက်ဦးမြို့နယ် ရဲတပ်ဖွဲ့က သွားရောက် စစ်ဆေးနေတယ်လို့ သိရပါတယ်။ ဓာတ်ပုံ- အောင်စိုးမိုး
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024