မြန်မာ ၅ ဦးထံမှ စိတ်ကြွဆေးအလုံးရေ ၁ သိန်းခွဲခန့် ဖမ်းမိ
DVB
·
June 14, 2016
ထိုင်းမြန်မာနယ်စပ် ချင်းရိုင်ခရိုင် မယ်ဆိုင်မြို့ နှစ်နိုင်ငံချစ်ကြည်ရေးတံတား စစ်ဆေးရေးဂိတ်မှာ မြန်မာနိုင်ငံသား ၅ ဦးထံမှ စိတ်ကြွဆေးပြား အလုံးရေ တစ်သိန်းလေးသောင်းကျော် ဖမ်းဆီး ရမိတယ်လို့ ထိုင်းသတင်းဌာနမှာ ဖော်ပြပါတယ်။
ဇွန်လ ၁၃ ရက် ည ၇ နာရီအချိန် ချစ်ကြည်ရေးတံတားအမှတ် ၁ ထိုင်းဘက်ခြမ်း တာဝန်ရှိသူတွေက အ၀င်အထွက်စစ်ဆေးနေရာမှာ မြန်မာနိုင်ငံ တာချီလိတ်ဘက်ကနေ ၀င်ရော က်လာတဲ့ အဖြူရောင် အိမ်စီး မြန်မာကားနံပါတ် SHN-6H-2500 ပေါ်ကနေ အဆိုပါ စိတ်ကြွဆေးတွေဖမ်းမိတာလို့ မယ်ဆိုင်စစ်ဆေးရေးဂိတ်မှူး နန်းဆီရီဖန်း ၀ိဆုခ်ထိဖောင်းဖွန်းက သတင်း စာရှင်းပွဲ မှာ ပြောပါတယ်။
သူတို့ဟာ စိတ်ကြွဆေးပြားတွေကို ပလပ်စတိတ်အိတ်နဲ့ထည့်ထားပြီး အပေါ်က မုန့်ထုတ်တွေနဲ့ ဖုံးအုပ်လာခဲ့တာလို့ ဆိုပါတယ်။
ယာဉ်မောင်းသူမှာ ကျော်မင်းစိုး ဆိုသူဖြစ်ပြီး ကားပေါ်မှာ သူအပါအ၀င် မြန်မာနိုင်ငံသားပေါင်း ၆ ဦး လိုက်ပါလာခဲ့ကြောင်း၊ နန်းဟွမ်ဆိုသူ အမျိုးသမီးမှာ ယာဉ်စစ်ဆေးနေစဉ် အခွင့်ကောင်းယူပြီး ကားပေါ်မှ ဆင်းပြေးသွားတယ်လို့ ဂိတ်မှူးမှ ဆက်ပြောပါတယ်။
သူ့ကို ပြန်ဖမ်းမိဖို့ မြန်မာရဲတပ်ဖွဲ့ဘက်ကို အကြောင်းကြား ထားကြောင်း၊ လောလောဆယ် ဖမ်းဆီးရမိထားသူ ၅ ဦးမှာ ကျား ၃ ဦး (ကျော်မင်းစိုး၊ ထွန်းရီ၊ စိုးအောင်မိုး) နဲ့ မ ၂ ဦး (မြင့်မိုထွေး ၊ ငယ်မိုထွေး) တို့ဖြစ်ပြီး သူတို့ကို မယ်ဆိုင်ရဲစခန်းမှ တစ်ဦးချင်း စစ်ဆေးနေကြောင်း သတင်းမှာ ဖော်ပြ သွားပါတယ်။
(မြန်မာအမည်များမှ ထိုင်းဘာသာအသံထွက်အနီးစပ်ဆုံးယူထားခြင်းဖြစ်ပါသည်)