ဖူးခက်တွင် ဆွဲကြိုးချသေသည့် အမျိုးသမီး အလောင်းတလောင်း တွေ့ရှိ

အခင်းဖြစ်နေရာအား ပြသနေသည့် ရဲအရာရှိတဦး။ (ဓာတ်ပုံ - thephuketnews)
ထိုင်းနိုင်ငံ၊ ဖူးခက်မြို့ရဲ့ နာမည်ကျော် ပရွန်းသက်အငူအနီး ဘောလုံးကွင်း တခုဘေးက သစ်ပင်တပင်ပေါ်မှာ ဆွဲကြိုးချသေဆုံးနေတဲ့ တရုတ်အမျိုးသမီးတဦးရဲ့ အလောင်းကို ဇွန်လ ၁၃ ရက် မနက်အစောပိုင်းမှာ တွေ့ရှိခဲ့ပြီးနောက် ရဲတွေက စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေပါတယ်။ အသက် ၄၀ အရွယ်လောက်ရှိတဲ့ အဆိုပါ အမျိုးသမီးရဲ့အလောင်းကို မနက် ၆ နာရီလောက်မှာ တွေ့ရှိခဲ့ကြတာလို့ ချာလောင်ခရိုင် ရဲဌာနက ပြောပါတယ်။ တွေ့ရှိချိန်မှာ အမျိုးသမီးရဲ့ လည်ပင်းကို နိုင်လွန်ကြိုးတချောင်းနဲ့ ဆွဲကြိုးချလျက်သား ရှိနေပြီး သူ့ရဲ့အောက်ခြေမှာ အပြာရောင် ပလတ်စတစ်ခုံတလုံး ရှိနေတာကို တွေ့ခဲ့ကြရတာပါ။ ရဲတွေကတော့ အမျိုးသမီးဟာ သူတို့ရောက်မလာခင် ၆ နာရီလောက်ကတည်းက သေဆုံးသွားခဲ့ပြီး ဖြစ်တယ်လို့ ကောက်ချက်ချပါတယ်။ အမျိုးသမီးဟာ ဂျင်းဘောင်းဘီတိုနဲ့ အပြာနဲ့ အနီရောင် အပွင့်ဆင် ရှပ်အင်္ကျီကို ၀တ်ဆင်ထားခဲ့ပြီး သူ့အနီးမှာတော့ မိုဘိုင်းဖုန်းတလုံးနဲ့ ပန်းရောင်လက်ကိုင်အိတ်တလုံးကို တွေ့ရှိခဲ့ရတယ်လို့ ဖူးခက်သတင်းစာမှာ ဖော်ပြပါတယ်။ သူ့ရဲ့ လက်ကိုင်အိတ်ထဲမှာတော့ ထိုင်းဘတ်ငွေ ၁၇၀၀၊ တရုတ်ယွမ်ငွေ ၁၂၅ နဲ့ မလေးရှားရင်းဂစ် ၁၆၈ ပါဝင်ပြီး နိုင်ငံကူးလက်မှတ်၊ မှတ်ပုံတင်နဲ့ စာရွက်စာတမ်းတွေ၊ အသီးအနှံနဲ့ မုန့်တွေ တွေ့ရတယ်လို့ ဆိုပါတယ်။ ရဲအရာရှိတဦးကတော့ “သေဆုံးသူမှာ ရုန်းရင်းဆန်ခတ်ဖြစ်မှုတွေ၊ ပြင်းပြင်းထန်ထန် ကိုယ်ထိလက်ရောက် ကျူးလွန်မှုတွေနဲ့ ပတ်သက်တဲ့ လက္ခဏာတွေ မတွေ့ရပါဘူး။ လိုအပ်တဲ့ စစ်ဆေးမှုတွေလုပ်ဖို့ ဗက်ချီယာဖူးခက်ဆေးရုံကို ပို့ဆောင်ထားပါတယ်” လို့ ပြောပါတယ်။ “အဲဒီအနီးနားဝန်းကျင်က လူတွေကိုလည်း ဘာတွေ သဲလွန်စတွေ့ခဲ့ရသလဲဆိုတာ ကျနော်တို့ မေးမြန်းစုံစမ်းရမှာပါ” လို့လည်း အဲဒီရဲအရာရှိက ဆက်ပြောပါတယ်။ လက်ရှိမှာတော့ ဖူးခက်မြို့မှ တရုတ်ကောင်စစ်ဝန်ရုံးကိုလည်း ဒီသေဆုံးမှုနဲ့ ပတ်သက်ပြီး အကြောင်းကြားထားတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up