လန်ဒန်တွင် ဖွင့်လှစ်လိုက်သည့် ၀စ်လစ်စလစ် စားသောက်ဆိုင်

အခုနှစ် ဇွန်လမှာ စတင်ဖွင့်လှစ်လိုက်တဲ့ လန်ဒန်မြို့က ၀စ်လစ်စလစ် စားသောက်ဆိုင်ဟာ လတ်တလောမှာ ရေပန်းစားနေပြီး အဲဒီဆိုင်မှာ စားသောက်ဖို့ ကြိုတင်စာရင်းပေး စောင့်ဆိုင်းနေသူ ၄ သောင်းလောက်ရှိတယ်လို့ ဘီဘီစီသတင်းတပုဒ်မှာ ဖော်ပြပါတယ်။
ဘန်နျူဒီလို့ အမည်ပေးထားတဲ့ အဆိုပါစားသောက်ဆိုင်မှာ စားသောက်ဖို့ ပြီးခဲ့တဲ့ သုံးလလောက်တည်းက ကြိုတင်စာရင်းပေးခဲ့ကြတာပါ။
ဆိုင်အနေနဲ့ကတော့ ဆိုင်တွင်း လာရောက်စားသောက်ခွင့် လက်မှတ်တွေကို ဦးရာလူစနစ်နဲ့သာ လက်ခံသွားမှာဖြစ်တယ်လို့ ကြိုတင်ကြေညာထားခဲ့တာပါ။
ခုလို ၀စ်လစ်စလစ်နဲ့ စားသောက်ခြင်းဟာ စစ်မှန်တဲ့ လွတ်မြောက်မှု အရသာကို ခံစားစေနိုင်ဖို့ဖြစ်တယ်လို့ ဆိုပါတယ်။
လာရောက်ကြတဲ့ ဧည့်သည်တွေအတွက် ဆိုင်တွင်းမှာ အ၀တ်လဲဖို့ အခန်းတခန်း ထားရှိပြီး ဧည့်သည်တွေရဲ့ ပစ္စည်းတွေနဲ့ အ၀တ်အစားတွေကို ချွတ်ထားခဲ့နိုင်ဖို့ စီစဉ်ထားရှိတာပါ။
အခန်းတွေကိုတော့ ၀ါးတွေနဲ့ လုံခြုံမှုရှိစေဖို့ ကာရံထားပြီး ကျောက်စားပွဲတွေနဲ့အတူ လက်သုတ်ပုဝါ အကြီးစားတွေက မတော်တဆ အပူလောင်မှုတွေခံခဲ့ရရင် ကာကွယ်ပေးနိုင်စေလိမ့်မယ်လို့ ဆိုပါတယ်။
စားပွဲဝိုင်းတွေမှာတော့ အ၀တ်အနည်းငယ်သာ ဖုံးအုပ်ဝတ်ဆင်ထားတဲ့ ၀န်ထမ်းတွေက သဘာဝအတိုင်း ရွှံ့နဲ့ မီးအုံးထားတဲ့ အစားအစာတွေ၊ အသားကင်တွေ စတဲ့ အစားအသောက်စ စာရင်းတွေနဲ့ ၀န်ဆောင်မှု ပေးကြပါလိမ့်မယ်။
ဒါပေမယ့် စားသောက်ခန်းတွင်းမှာ ဓာတ်ပုံရိုက်တာတွေ၊ မိုဘိုင်းဖုန်း အသုံးပြုတာတွေကိုတော့ တားမြစ်ထားပါတယ်။
ဘန်နျူဒီဆိုတာ ဟင်ဒီဘာသာစကားနဲ့ဆိုရင် အခြေခံကျကျ၊ ဒါမှမဟုတ် သဘာဝဆန်သော ဆိုတဲ့ အဓိပ္ပါယ်ရပါတယ်။
ဆိုင်တည်ထောင်သူ ဆက်ဘ်လျဲလ်က “ဒီဆိုင်ဟာ နိုင်ငံတ၀ှမ်းက သဘာဝတရား နှစ်သက်သူတွေကို ဆွဲဆောင်စေနိုင်မှာပါ။ ပထမတကြိမ် လာပြီးတာနဲ့ ပျောက်သွားလိမ့်မှာ မဟုတ်ပါဘူး။ နောက်တကြိမ် မိတ်ဆွေတွေနဲ့ ညစာလာစားကြဦးမယ်ဆိုတာ အသေအချာပါပဲ” လို့ ပြောပါတယ်။
ဆိုင်ဟာ လန်ဒန်မြို့လယ်ခေါင်မှာ တည်ရှိပြီး ဧည့်ပရိသတ် ၄၂ ယောက်လောက် တပြိုင်တည်း စားသောက်နိုင်ကာ တဦးကို ဗြိတိန်ငွေ ပေါင် ၆၀ လောက် ကျသင့်လိမ့်မယ်လို့ ဆိုပါတယ်။
လျဲလ်ကတော့ “ဧည့်သည်တွေအနေနဲ့ ဒီဆိုင်မှာ လာရောက်ပြီး စားသောက်တဲ့ အတွေ့အကြုံကို နှစ်သက်ကြပါလိမ့်မယ်။ ဆိုင်မှာအသုံးပြုတဲ့ အရာတွေထဲမှာ ဓာတုပစ္စည်းတွေ၊ လျှပ်စစ်ပစ္စည်းတွေ၊ ဂက်စ်တွေ၊ မိုဘိုင်းလ်ဖုန်းတွေ၊ ယုတ်စွအဆုံး အ၀တ်တွေတောင် မပါဘဲနဲ့ သဘာဝအတိုင်း ခံစားရမှာမို့ပါပဲ” လို့ ပြောပါတယ်။