သေနတ်အတုထင်ပြီး ဓားပြဆီက ၀င်လုသည့် အမျိုးသမီး (ရုပ်သံ)

အမေရိကန်နိုင်ငံမှာ စားသောက်ဆိုင်ဖွင့်လှစ်ထားတဲ့ တရုတ်အမျိုးသမီးတဦးဟာ ဆိုင်တွင်းဝင်ရောက်တိုက်ခိုက်တဲ့ ဓားပြတဦးဆီက သေနတ်ကို အတုထင်ပြီး ၀င်လုခဲ့ပြီးမှ အစစ်ဖြစ်နေကြောင်း သိလိုက်ရချိန်မှာ ကြောက်ရွံ့ထိတ်လန့်သွားခဲ့ရပါတယ်။ ခိုင်ကျီဝေါင် အမည်ရတဲ့ အဲဒီအမျိုးသမီးဟာ ခင်ပွန်းဖြစ်သူနဲ့အတူ တရုတ်-အမေရိကန် စားသောက်ဆိုင်တဆိုင်ကို ဗာဂျီးနီးယားပြည်နယ်၊ နော်ဖော့လ်ခ်အရပ်မှာ ဖွင့်ထားခဲ့တာဖြစ်ပြီး ဇွန်လ ၅ ရက်နေ့ ညပိုင်းမှာ လက်နက်ကိုင် ဆယ်ကျော်သက် လူငယ်တဦးက ဆိုင်ထဲဝင်လာပြီး တိုက်ခိုက်ခဲ့တာပါ။ အဲဒီလူငယ်ဟာ သေနတ်ကိုင် ခြိမ်းခြောက်ပြီး ဆိုင်တွင်းရှိနေခဲ့တဲ့ ဈေးဝယ်တွေဆီက ပိုက်ဆံတွေကိုပါ ဓားပြတိုက်ခဲ့ပြီး သူ့ရဲ့အိတ်ထဲကို ထည့်ခဲ့ပါတယ်။ ဆိုင်ရှင်အမျိုးသမီးဟာ အဆိုပါဓားပြလက်ထဲက သေနတ်ကို လုယူခဲ့ပြီး ရုန်းရင်းဆန်ခတ် ဖြစ်နေချိန်မှာတော့ နောက်ဖေးမီးဖိုခန်းထဲမှ သူ့ရဲ့အမျိုးသားက ထွက်လာပြီး ဓားပြရဲ့ လက်မောင်းကို သားလှီးဓားနဲ့ ခုတ်ခဲ့တာပါ။ အဲဒီအချိန်မှာ ဓားပြဟာ ဆိုင်ထဲက ထွက်ပြေးခဲ့ပြီး သေနတ်ကတော့ ဆိုင်ရှင်အမျိုးသမီးရဲ့ လက်ထဲမှာ ကျန်နေခဲ့တာပါ။ ဒီ့နောက် အမျိုးသမီးက သေနတ်ခလုတ်ကို ဆွဲလိုက်ရာ ကျည်ဆံထွက်သွားခဲ့ချိန်မှာ သေနတ်အစစ်မှန်းသိပြီး ထိတ်လန့်သွားခဲ့တယ်လို့ တရုတ်ပြည်သူ့နေ့စဉ်သတင်းမှာ ဖော်ပြပါတယ်။ ဓားပြ ဆယ်ကျော်သက်လူငယ်ကိုတော့ မကြာခင်မှာပဲ ဖမ်းမိခဲ့ပြီး ဓားနဲ့ခုတ်တဲ့ အရှိန်ကြောင့် ဒဏ်ရာရရှိသွားခဲ့တယ်လို့ ရဲတွေက ပြောပါတယ်။ သူ့ကို လက်ရှိမှာတော့ ဆေးရုံပို့ဆောင်ထားခဲ့ပြီး လက်နက်ကိုင်ဆောင် ဓားပြတိုက်ခဲ့မှုနဲ့ အရေးယူသွားမယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up