ချောက်ကမ်းပါးစွန်းပေါ် ပိတ်မိနေသည့် လေထီးသမားကို ရဟတ်ယာဉ်ဖြင့် ကယ်တင်

အင်္ဂလန်နိုင်ငံမှ လေထီးသမားတဦးဟာ လေထီးခုန်ပျံသန်းချိန်မှာ လေပြင်းတိုက်ခတ်မှုကြောင့် ချောက်ကမ်းပါးစွန်းတခုပေါ် ပိတ်မိနေခဲ့လို့ ကယ်ဆယ်ရေးသမားတွေဟာ ရဟတ်ယာဉ်အသုံးပြု ကယ်တင်ခဲ့ရပါတယ်။
လေကြောင်းက ပင့်တင်ပြီး တိုက်ခတ်နေခဲ့တဲ့အတွက် အဲဒီလေထီးသမားဟာ အင်္ဂလန်နိုင်ငံ အနောက်တောင်ပိုင်း ကွန်ဝေါလ်ဒေသက ချေပယ်လ်ပို့သ် ကမ်းခြေကနေ စီးမိုးမြင်ရတဲ့ ချောက်ကမ်းပါးစွန်း တခုပေါ်မှာ ရှေ့မတိုးသာ၊ နောက်မဆုတ်သာ ပိတ်မိနေခဲ့တာပါ။
ကယ်ဆယ်ရေးအဖွဲ့တွေက အန္တရာယ်များလှတဲ့ အခြေအနေကြောင့် အစပိုင်းမှာ ရဟတ်ယာဉ် ရုတ်တရက်မဆင်းနိုင်ဘဲ ရှိနေခဲ့တာပါ။
အဲဒီနောက်မှာတော့ သူ့ကို ကမ်းခြေစောင့်တပ်က ရဟတ်ယာဉ်နဲ့ ဆွဲချီထုတ်ပြီး ကယ်တင်ခဲ့ရတာလို့ မက်ထရိုသတင်းတပုဒ်မှာ ဖော်ပြပါတယ်။
ကမ်းခြေစောင့်ရေတပ် စစ်ဆင်ရေး တာဝန်ရှိသူတဦးဖြစ်တဲ့ ကောလင်းစမစ်က “ဒီကယ်ဆယ်မှုဟာ စွန့်စားလွန်းရာ ရောက်ပါတယ်။ လေထီးထဲမှာ ပိတ်မိနေခဲ့ပြီး ဘာထိခိုက်ဒဏ်ရာမှ မရတာကိုပဲ ကျေးဇူးတင်ရမှာပါ” လို့ ပြောပါတယ်။
ရဟတ်ယာဉ်မောင်းနှင်ခဲ့သူ ဂျူလီယမ်ဝီလျံက “ဒါဟာ ကျနော်တို့ တက်ညီလက်ညီ လုပ်ဆောင်ခဲ့တဲ့ အကျိုးကျေးဇူးပါပဲ။ နောက်ဆုံးမှာတော့ သူ့ကို ဘေးကင်းစွာပဲ ကယ်တင်နိုင်ခဲ့ပါတယ်” လို့ ပြောပါတယ်။