ထိုင်းလေဆိပ်ကြိုပို့ဘတ်စ်ကားတစီး အဝေးပြေးလမ်းမပေါ် မီးလောင်

ထိုင်းနိုင်ငံ၊ သုဝဏ္ဏဘူမိလေဆိပ်ကြိုပို့ ခရီးသည်တင်ဘတ်စ်ကားတစီးဟာ ဒီကနေ့မနက်ပိုင်းက လတ်ကရာဘန် ခုံးကျော်တံတား အဝေးပြေးလမ်းမပေါ်မှာ ရုတ်တရက် မီးလောင်ကျွမ်းမှု ဖြစ်ခဲ့ပါတယ်။
အဆိုပါ ဘတ်စ်ကားပေါ်မှာ ခရီးသည်ဦးရေ ၂၀ လောက် တင်ဆောင်လာတာဖြစ်ပြီး ထိခိုက်ဒဏ်ရာ ရရှိတာမျိုးတော့ မရှိဘူးလို့ ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြပါတယ်။
မီးလောင်ကျွမ်းမှုဟာ ဒီကနေ့မနက်ပိုင်း ၈ နာရီမတိုင်ခင် အချိန်တိုလေးအတွင်းမှာ ဖြစ်ခဲ့တာလို့ လတ်ကရာဘန်ရဲစခန်းမှ ဒုတိယရဲချုပ် ဗိုလ်မှူးကြီး ရစ်သစ်ကရစ်ခ် ယွမ်ပရက်ခ်ခွန်က ပြောပါတယ်။
အခင်းဖြစ်တဲ့နေရာကို ရက်ခ်ျသီဝါဒေသတွင်း မီးသတ်ဦးစီးဌာနက မီးသတ်ကား ၃ စီး သွားရောက်ခဲ့ချိန်မှာ ကားတစီးလုံးဟာ မီးတောက်မီးလျှံတွေ ၀ါးမျိုလျက်သား ရှိနေခဲ့ပြီလို့ သတင်းမှာ ဖော်ပြပါတယ်။
ရဲတွေက အဲဒီနေရာအနီးက လမ်း ၃ ခုကို ပိတ်ထားခဲ့ရပြီး တလမ်းတည်းသာ ဖွင့်ထားခဲ့ရတာပါ။
မီးကို အချိန် မိနစ် ၂၀ လောက်ကြာအောင် ငြှိမ်းသတ်ခဲ့ရပြီး ဘတ်စ်ကားတစီးလုံးဟာ သုံးမရအောင် ပျက်စီးသွားခဲ့ပါတယ်။
ကားမောင်းသမား ရတ်တနာ ဂျန်ရက်ခ်ဆာက သူဟာ ခရီးသည် ၂၀ ဦးကို ဆမွတ်ပရာခန်ဒေသကနေ သုဝဏ္ဏဘူမိလေဆိပ်ဆီ ပို့ဆောင်ဖို့ မောင်းနှင်လာခဲ့တာဖြစ်ကြောင်း၊ အင်ဂျင်ခန်းမှ စတင်ပြီး ရုတ်တရက် မီးလောင်ကျွမ်းခဲ့တာဖြစ်ကြောင်း ပြောပါတယ်။
သူဟာ ရုတ်တရက် ကားကို လမ်းဘေးထိုးရပ်ခဲ့ရပြီး ခရီးသည်တွေကို အလျင်အမြန် ဆင်းခိုင်းခဲ့ရတာပါ။
အဲဒီနောက်မှာ ခရီးသည်တွေကို တခြားဘတ်စ်ကားတစီးနဲ့ လေဆိပ်ဆီ ချောချောမောမော ပို့ဆောင်ပေးဖို့ စီစဉ်ပေးခဲ့ရတယ်လို့ ပြောပါတယ်။
ရတ်တနာက မီးသတ်ဆေးဘူးနဲ့ မီးငြှိမ်းသတ်နိုင်ဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ဘူးလို့ ဆိုပါတယ်။
ဒီမီးလောင်မှု ဘာကြောင့်ဖြစ်ရတယ်ဆိုတဲ့ အကြောင်းရင်းကိုတော့ စုံစမ်းစစ်ဆေးနေဆဲ ဖြစ်တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။