ဒေါ်အောင်ဆန်းစုကြည်နှင့် တူရကီနိုင်ငံခြားရေးဝန်ကြီးတို့ တွေ့ဆုံဆွေးနွေး

မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ တူရကီ နိုင်ငံခြားရေးဝန်ကြီး မာလက်ကာဘူတိုဂလူတို့ ဒီကနေ့ မနက်က နေပြည်တော်မှာ တွေ့ဆုံ ဆွေးနွေးတယ်လို့ နိုင်ငံခြားရေး ၀န်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။
နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးတွေ တွေ့ဆုံဆွေးနွေးရာမှာ ၁၉၅၈ ခုနှစ်မှ စတင်ထူထောင်ထားတဲ့ မြန်မာ-တူရကီနှစ်နိုင်ငံ ဆက်ဆံရေးကို ပိုမိုတိုးမြှင့် ဆောင်ရွက်နိုင်မယ့် နည်းလမ်းတွေ ရှာဖွေသွားဖို့ အဓိက ဆွေးနွေးခဲ့ကြတယ်လို့ သတင်းမှာဖော်ပြပါတယ်။
တူရကီနိုင်ငံခြားရေးဝန်ကြီးဟာ မြန်မာသမ္မတ ဦးထင်ကျော်၊ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့နဲ့လည်း တွေ့ဆုံဖို့ရှိသလို ရခိုင်ပြည်နယ်က မွတ်စလင်တွေကို သွားရောက် တွေ့ဆုံဖို့ ရှိတယ်လို့ တူရကီနိုင်ငံခြားရေးဌာနက ထုတ်ပြန်ထားပါတယ်။ ဒါ့အပြင် သရက်မြို့မှာ ရှိတဲ့ တူရကီစစ်သင်္ချိုင်းကိုလည်း သွားရောက်ဖို့ ရှိတယ်လို့ ဆိုပါတယ်။
တူရကီနိုင်ငံခြားရေးဝန်ကြီးဟာ မြန်မာနိုင်ငံကို ဇွန်လ ၁၂ ရက်နေ ၁၄ ရက်အထိ ချစ်ကြည်ရေးခရီး ရောက်ရှိနေတာဖြစ်ပြီး တွေ့ဆုံဆွေးနွေးမှုအပြီးမှာ နှစ်နိုင်ငံ နိုင်ငံခြားရေး ၀န်ကြီးတွေက နေပြည်တော် နိုင်ငံခြားရေးရုံးမှာ ပူးတွဲသတင်းစာရှင်းလင်းပွဲ ကျင်းပသွားပါတယ်။