မက္ကဆီကိုတွင် ကားသုံးစွဲမှုလျှော့ချရေး ကိုယ်လုံးတီး စက်ဘီးစီးပွဲ ကျင်းပ (ရုပ်သံ)

4.3K
မက္ကဆီကိုနိုင်ငံမြို့တော် မက္ကဆီကိုမှာ ကားသုံးစွဲမှု လျှော့ချပြီး စက်ဘီးစီးနင်းမှုကို အားပေးဖို့ ကိုယ်လုံးတီး စက်ဘီးစီးပွဲကို ပြီးခဲ့တဲ့ ဇွန် ၁၁ ရက်နေ့က ကျင်းပခဲ့ကြပါတယ်။
တချို့ကလည်း ကိုယ်လုံးတီး၊ တချို့ကလည်း အောက်ခံဘောင်းဘီဝတ်ထားကြပြီး မြို့တော် မက္ကဆီကိုက ကားကျပ်တဲ့ လမ်းတလျှောက် ၁၅ ကီလိုမီတာအရှည် စက်ဘီးစီးခဲ့ကြတာပါ။
အခုနှစ်အတွင်း မက္ကဆီကိုမြို့တော်မှာ အတော်ကို လေထုညစ်ညမ်းနေလို့ မြို့တွင်း ကားစီးနင်းမှုကို ကန့်သတ်ခဲ့ရပြီး မောင်းနှင်တဲ့ ကားအစီးရေ ၁ သန်း လျှော့ချခဲ့ရပါတယ်။
မက္ကဆီကိုမြို့တော်ဟာ လူဦးရေ သန်း ၂၀ ကျော်ရှိပြီး အဲဒီထဲက ၅ သန်းဟာ ကားသုံးစွဲသူတွေ ဖြစ်တာကြောင့် အိုဇုန်းလွှာကို ထိခိုက်နိုင်တဲ့လယ်ဗယ်လို့ ဆိုပါတယ်။
ပါဝင်ခဲ့တဲ့ အမျိုးသမီးတဦးက မြို့တော်မှာ ကားသုံးစွဲမှု များပြားလွန်းတဲ့အတွက် အရေးပေါ် အခြေအနေတောင် ဖြစ်နေပြီး ကားထက် တခြား သယ်ယူပို့ဆောင်ရေး စနစ်တွေကို စီစဉ်သင့်တယ်၊ အစိုးရရဲ့ အလေးထားမှု ပိုရအောင် ဒီစက်ဘီးစီးပွဲကို စီစဉ်ကျင်းပတာလို့ ပြောပါတယ်။
ပြီးခဲ့တဲ့နှစ်တွေအတွင်း မက္ကဆီကိုမြို့တော်ဟာ ကမ္ဘာ့အကြီးဆုံးမြို့နဲ့ လေထုညစ်ညမ်းမှု အဆိုးဆုံးမြို့ ဖြစ်လာလို့ မြို့ခံလူထုကို စက်ဘီးစီးနင်းဖို့ အားပေးမှုတွေ မြှင့်တင်နေပြီး စက်ဘီးလမ်းအရှည် မိုင် ၁၀၀ ကျော်အထိ ဖောက်လုပ်ဖို့ အစိုးရက စီစဉ်နေတာပါ။
စက်ဘီးစီးနင်းမှု အားပေးနေပေမယ့်လည်း တဘက်မှာ စက်ဘီးနဲ့ကား မတော်တဆတိုက်မှုတွေ ဖြစ်ပွားနေလို့ စက်ဘီးတွေအတွက် ပိုမိုဘေးကင်း ကောင်းမွန်တဲ့ စနစ်တွေ လိုအပ်နေတယ်လို့ စက်ဘီးစီးနင်းသူတွေက ပြောဆိုကြပါတယ်။