လူပြည့်နေသည့် ဂေး နိုက်ကလပ်ကို သေနတ်သမားပစ်ခတ်၊ လူ ၅၀ သေဆုံး

အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ် အော်လန်ဒိုမြို့က လူပြည့်နေတဲ့ ဂေးနိုက်ကလပ်ကို သေနတ်သမားတဦး ဇွန် ၁၂ ရက်နေ့က ပစ်ခတ်ခဲ့လို့ လူအယောက် ၅၀ သေဆုံးပြီး ၅၃ ဦး ဒဏ်ရာရပါတယ်။
သေနတ်သမားကို ရဲက အသေပစ်ခတ် ဖမ်းဆီးခဲ့ရတာပါ။
ဒီပစ်ခတ်မှုဟာ အမေရိကန်သမိုင်းမှာ အဆိုးဆုံး လူအုပ်ကိုပစ်ခတ်မှု ဖြစ်ခဲ့ပါတယ်။
ဖလော်ရီဒါပြည်နယ်ရဲ့ အထက်လွှတ်တော်အမတ် ဘီလ် နယ်ဆင်လ်က သေနတ်သမားဟာ အိုင်အက်စ်စစ်သွေးကြွအုပ်စုရဲ့ သစ္စာခံဖြစ်နေမယ်လို့ ဒေသခံ အာဏာပိုင်တွေက ယုံကြောင်း ပြောပါတယ်။
သူဟာ သေနတ် ၂ လက် ကိုင်ဆောင်ထားပြီး သူ့ကိုယ်ပေါ်မှာ ပစ္စည်းတချို့ ရှိနေတယ်လို့ အော်လန်ဒိုရဲချုပ်က ပြောပါတယ်။
ပစ်ခတ်မှုဟာ မွတ်စလင်တို့ရဲ့ ရာမာဒန်ဥပုသ်လမှာ ဖြစ်ခဲ့ပြီး ပစ်မှတ်က ဂေးတွေရဲ့ နိုက်ကလပ် ဖြစ်တယ်၊ ပိုတိကျဖို့ဆိုရင် သေနတ်သမားဟာ အိုင်အက်စ် သစ္စာခံဖြစ်ကြောင်း သူ့ကိုယ်သူ ကြေညာခဲ့ပြီး သူ့လုပ်ရပ်ကလည်း အိုင်စစ် (ISIS) တွေရဲ့စိတ်ကူးမျိုး အကြမ်းဖက်လုပ်ရပ် ဖြစ်နေတယ်လို့ အောက်လွှတ်တော် ထောက်လှမ်းရေး ကော်မတီဝင် ထိပ်တန်း ဒီမိုကရက်အမတ် အဒမ်ရှစ်ဖ်က ကြေညာချက် ထုတ်ပြန် ပြောဆိုပါတယ်။
ပစ်ခတ်သူဟာ အသက် ၂၉ နှစ်အရွယ်ရှိတဲ့ အိုမာ ဆာဒစ်ကေး မတ်ထင်းဖြစ်ပြီး အော်လန်ဒိုမြို့ အရှေ့ဘက် မိုင် ၁၂၀ အကွာမှာ နေထိုင်သူဖြစ်ပြီး အရင်က လုံခြုံရေးအစောင့်အဖြစ် သင်တန်းပေးတာကို ခံယူထားတယ်လို့ စီအန်အန်ရုပ်သံက ပြောပါတယ်။
ဒီပစ်ခတ်မှုဟာ အမုန်းတရားကို အခြေခံတဲ့လုပ်ရပ်လည်း ဖြစ်နိုင်ချေရှိတာမို့ စုံစမ်းနေတယ်လို့ ရဲတွေကပြောကြောင်း စီအန်အန်က ပြောပါတယ်။