ရုပ်သံတိုက်ရိုက်ထုတ်လွှင့်နေချိန် မျက်နှာကို လက်သီးဖြင့်ထိုးခံရသည့် သတင်းထောက်

အမေရိကန်နိုင်ငံ၊ ဖီလ်လာဒဲလ်ဖီးယားမြို့မှာ သတင်းထောက်တဦးဟာ ရုပ်သံအစီအစဉ် တိုက်ရိုက်ထုတ်လွှင့် တင်ဆက်နေချိန်အတွင်းမှာ မျက်နှာကို ရုတ်တရက် လက်သီးနဲ့ ထိုးခံခဲ့ရပါတယ်။ အိုင်းရစ်စ်ဒယ်လ်ဂါဒိုအမည်ရတဲ့ အဲဒီသတင်းထောက်အမျိုးသမီးဟာ တယ်လီ မန်ဒိုသတင်းဌာနမှဖြစ်ကာ ပြီးခဲ့တဲ့ ဇွန်လ ၉ ရက်နေ့က မြို့တော်ခန်းမအပြင်ဘက်မှာ သတင်း တင်ဆက်နေချိန်မှာ ခုလိုဖြစ်ခဲ့တာပါ။ ရုပ်သံဗွီဒီယိုဖိုင်ထဲမှာ အမျိုးသမီးတဦးဟာ သူ့အနားကို ချဉ်းကပ်လာခဲ့တာဖြစ်ပြီး တခုခုပြောလိုက်ကာ ဆံပင်ဆွဲပြီး မျက်နှာကို လက်သီးနဲ့ထိုးချလိုက်တာကို တွေ့ရပါတယ်။ အဲဒီအချိန်မှာ ကင်မရာကို စတူဒီယိုဘက်ကို လှည့်ပြလိုက်ချိန်မှာ စတူဒီယိုဘက်က ချိတ်ဆက်သတင်းတင်ဆက်နေသူ ရာမွန်ဇာရာက စပိန်ဘာသာစကားနဲ့ “အိုး၊ ဘုရားရေ”လို့ အံ့အားတသင့်ပြောလိုက်တာကိုပါ ရုပ်သံဗွီဒီယိုထဲမှာ တွေ့ရပါတယ်။ တယ်လီမန်ဒိုသတင်းဌာနကတော့ ဒီတိုက်ခိုက်ခံရမှုနဲ့ ပတ်သက်ပြီး သတင်းထောက် ဒယ်လ်ဂါဒိုဟာ အဲဒီအချိန်မှာ ဘာကိုမှ သတိမမူမိပဲ ရှိနေခဲ့တာကြောင့် ဖြစ်ရတာလို့ ပြောခဲ့ပြီး အချိန်အတိုင်းအတာတခုထိ အနားယူလိုက်ရင် သူ့အနေနဲ့ ပြဿနာမရှိပါဘူးလို့ ပြောလိုက်တာပါ။ ဖီလာဒဲလ်ဖီးယားမြို့တော် ဥပဒေရုံးကတော့ လက်သီးနဲ့ ထိုးခဲ့သူ ၀ါဟီဒါဝီလ်ဆင် အမည်ရတဲ့ အမျိုးသမီးဟာ အွန်လိုင်းပြစ်မှုကျူးလွန်မှုဆိုင်ရာ ဥပဒေအရ ခုလိုသတိ လက်လွတ်ထိုးနှက်ကျူးလွန်ခဲ့မှုအတွက် ပြစ်ဒဏ်ကျခံရမယ်လို့ ဆိုပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up