ထုံးဘိုတွင် တံတား ၃ စင်းနှ်င့် အိမ်အချို့ ရေထဲမျောပါ၊ အိမ်ခြေ ၁၅၀၀ ကျော် ရေနစ်မြုပ်

ပဲခူးတိုင်း၊ ထုံးဘိုမြို့မှာ အခုရက်ပိုင်းအတွင်း မိုးဆက်တိုက်ရွာသွန်းပြီး ရေလွှမ်းမိုးမှုကြောင့် တံတား ၃ စင်းနဲ့ အိမ်အချို့ ရေထဲမျှောပါသွားခဲ့ပြီး အိမ်ခြေ ၁၅၀၀ ကျော် ရေနစ်မြုပ်နေပါတယ်။
ထုံးဘိုမြို့အ၀င် လမ်းတထျှောက် ၁ မိုင်ကျော်လောက် ရေလွှမ်းသွားခဲ့ပြီး ရေစီးကြမ်းတာကြောင့် ကား၊ ဆိုင်ကယ်၊ စက်လှေတွေ မဖြတ်ရဲကြတော့သလို လူတွေလည်း အဖွဲ့လိုက် လက်တွဲပြီး ကူးနေရတယ်လို့ ဒီဗွီဘီ နယ်ခံသတင်းထောက်က ပြောပါတယ်။
ထုံးဘိုနဲ့ခတ္ထိယရွာကို ဆက်တဲ့ တံတား၊ ထောက်ကြံ့ကုန်းအုပ်စုက တံတား၊ သုံးတန်းရပ်ကွက်နဲ့ ဓမ္မသုခရေ၀ိုင်းကျောင်းတိုက်နဲ့ အလယ်တန်းကျောင်း ကို ဆက်သွယ်ထားတဲ့ စုစုပေါင်းတံတား ၃ စင်း ရေထဲမျှောသွားခဲ့ကာ ထန်းပင်ကွင်းရွာမှာ အိမ် ၃ လုံး ရေထဲမျှောပါသွားခဲ့ပါတယ်။
စမ်းဝအုပ်စုမှာ အိမ် ၂၈၀ လောက်၊ ကုန်းကလေးအုပ်စုမှာ အိမ် ၃၀၀ လောက်၊ တုန်ကင်းအုပ်စုမှာ ၃၅၀ လောက်၊ ထောက်ကြံ့ကုန်းမှာ ၇၀၊ ကျီးတောအုပ်စုမှာ ၁၀၀၊ လှည်ကူးအုပ်စုမှာ ၁၇၀ နဲ့ စုစုပေါင်းအိမ် ၁၅၀၀ ကျော်လောက် ရေနစ်မြုပ်နေပြီး ပဲကြီးချောင်း ပတ်ဝန်းကျင် ကျေးရွာတွေ အများစုကတော့ ရွာလုံးကျွတ် ရေကြီးနေပါတယ်။
ဇွန် ၉ ရက်နေ့ ညပိုင်းမှာ ရေအတက်ကြမ်းလာတာကြောင့် အသက်ကြီးသူတွေ၊ ကလေးငယ်တွေကို အမြင့်ဘက်တွေက ဘုန်းကြီးကျောင်းနဲ့ ဓမ္မရုံတွေကို ရွှေ့ပြောင်းလိုက်ရပြီး တောမဘုန်းကြီးကျောင်းမှာ လူ ၆၀ လောက်၊ မဟာအတုလအနန္ဒမုနိဘုရားပေါ်မှာ လူ ၆၀ လောက်ခိုလှုံနေရပါတယ်။
ကျွဲ၊ နွား တိရစ္ဆန်တွေကိုတော့ ကုန်ုးအမြင့်တွေမှာ ရွှေ့ပြောင်းထားကြကာ၊ စာသင်ကျောင်း၊ ဆေးရုံတွေလည်း ဇွန် ၁၂ ရက်နေ့မနက်အထိ အကုန်ရေနစ်မြုပ်နေပါတယ်။
သတင်းနှင့်ဓာတ်ပုံ - မင်းညို