ဗုဒ္ဓ၊ ဟိန္ဒူ၊ ခရစ်ယာန် ဘာသာဝင်များ လက်ချင်းချိတ် ဆန္ဒပြ

2.2K
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ဟိန္ဒူ၊ ဗုဒ္ဓဘာသာနဲ့ ခရစ်ယာန် ဘာသာဝင်တွေ လက်ချင်းချိတ်ပြီး ဇွန် ၁၂ ရက်နေ့က ဆန္ဒပြကြပါတယ်။
ဆန်းနေး ဂေါမတ် ဆိုတဲ့ ခရစ်ယာန်ဘာသာဝင်တဦး၊ ဟိန္ဒူ ဘာသာရေးဆရာ တဦးနဲ့ ဟိန္ဒူ ဘုရားကျောင်း ၀န်ထမ်းတဦးတို့ အသတ်ခံရမှုတွေ ဆက်တိုက်ဖြစ်ခဲ့ပြီးနောက် အခုလို ဘာသာပေါင်းစုံ စုပေါင်း ဆန္ဒပြကြတာပါ။
ဟိန္ဒူ ဘုရာကျောင်း ၀န်းထမ်းက ဓားထိုးခံရပြီး၊ ဟိန္ဒူ ဘာသာရေးဆရာနဲ့ ခရစ်ယာန် ဘာသာဝင် ဈေးဆိုင် ပိုင်ရှင်တို့ ခေါင်းဖြတ် သတ်ဖြတ်တာကို ခံခဲ့ရတာပါ။
ဒီမတိုင်ခင်မှာ ဗုဒ္ဓဘာသာဝင်တွေကို ဖိအားပေတာတွေ ရှိခဲ့ပြီး အိမ်တွေ ဖျက်ဆီးတာ၊ မီးရှို့တာ ခံခဲ့ရတယ်လို့ ဆန္ဒပြသမားတွေက ပြောပါတယ်။
သတ်ဖြတ်မှုတွေ အားလုံးကို အစ္စလာမ္မစ်နိုင်ငံတော်အမည်ခံ အိုင်အက်စ်စစ်သွေးကြွ အဖွဲ့က သူတို့ လက်ချက်လို့ ကြေညာခဲ့ပါတယ်။
ဘင်္ဂလားဒေ့ရှ်မှာ မနှစ် ဖေဖော်ဝါရီလကစလို့ စစ်သွေးကြွတွေက လူ ၃၀ လောက်ကို သတ်ဖြတ်ခဲ့ပြီး အသတ်ခံရသူတွေထဲမှာ လူနည်းစု ဘာသာဝင်တွေ၊ လစ်ဘရယ်အတွေးအခေါ်ရှိတဲ့ ဘလောဂါတွေ၊ ပညာရှင်တွေ ပါဝင်ပါတယ်။
အစိုးရကတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ အိုင်အက်စ် အကြမ်းဖက်လှုပ်ရှားမှု မရှိဘူးလို့ ပြောဆိုပေမယ့် အစိုးရ အတိုက်အခံတွေကတော့ အစိုးရဟာ တိုက်ခိုက်မှုတွေကို ထိထိရောက်ရောက် တာဝန်ယူ ဖြေရှင်းမှု မရှိဘူးလို့ စွပ်စွဲကြပါတယ်။
ဟိန္ဒူနဲ့ ခရစ်ယာန် ဘာသာဝင်တွေဟာ သန်း ၁၆၀ ရှိတဲ့ ဘင်္ဂလားဒေ့ရှ် လူဦးရေရဲ့ ၁၀ ရာခိုင်နှုန်း ရှိပါတယ်။