A d v e r t i s e m e n t With Us

အင်္ဂလန် ၁-၁ ရုရှား၊ ဝေးလ် ၂-၁ စလိုဗက်ကီးယား (ရုပ်သံဟိုက်လိုက်)

ဒီနေ့မနက်အစောပိုင်းက ယူရို ၂၀၁၆ ဘောလုံးပြိုင်ပွဲကို ဆက်လက်ယှဉ်ပြိုင်ကစားခဲ့ကြရာမှာ အုပ်စု (ဘီ) က အင်္ဂလန်အသင်းဟာ ရုရှားအသင်းရဲ့ နာကျင်အချိန်ပို သွင်းဂိုးကြောင့် ၁-၁ ဂိုးနဲ့ သရေကျသွားလို့ ၁ မှတ် ခွဲပေးလိုက်ရပါတယ်။ အင်္ဂလန်အသင်းဟာ ဒီပွဲ ဘောလုံးပိုင်ဆိုင်မှု အသာစီးရယူကစားနိုင်ခဲ့သလို ဂိုးကန်သွင်းခွင့်တွေလည်း အကြိမ်ကြိမ်ရခဲ့တာ ဖြစ်ပါတယ်။ ဒီပွဲ ပထမပိုင်းမှာ နှစ်သင်းလုံး တဖက်နဲ့တဖက် ဂိုးသွင်းယူနိုင်ခဲ့ခြင်းမရှိခဲ့ဘဲ ဒုတိယပိုင်းမှာမှ ၁ ဂိုးစီ သွင်းယူခဲ့ကြတာပါ။ အင်္ဂလန်အသင်းအတွက် ဂိုးကိုတော့ ဒုတိယပိုင်း ပွဲချိန် ၇၃ မိနစ်မှာ အဲရစ်ဒိုင်ယာက ဖရီးကစ်ကနေတဆင့် လှလှပပ သွင်းယူခဲ့တာပါ။ ဒီနောက်မှာတော့ ရုရှားအသင်းဟာ ချေပဂိုးရရှိရေးအတွက် ဖိကစားခဲ့ပြီး ပွဲချိန်ပြီးဆုံးခါနီး နာကျင်အချိန်ပိုမှာ ဗာစီလီက ခေါင်းတိုက်သွင်းယူခဲ့တာ ဖြစ်ပါတယ်။ အုပ်စု (ဘီ) မှာပါဝင်တဲ့ တခြားပွဲစဉ်တခုမှာတော့ ဝေးလ်အသင်းက စလိုဗက်ကီးယားအသင်းကို ၂-၁ ဂိုးနဲ့ အနိုင်ရရှိသွားပါတယ်။ ဝေးလ်အသင်းအတွက် အနိုင်ဂိုးတွေကို ဂျရက် ဘေးလ်နဲ့ ကာနူးတို့က ပွဲချိန် ၁၀ မိနစ်နဲ့ ၈၁ မိနစ်တို့မှာ သွင်းယူခဲ့ကြတာ ဖြစ်ပါတယ်။ စလိုဗက်ကီးယားအသင်းအတွက် ဂိုးကိုတော့ ပွဲချိန် ၆၁ မိနစ်မှာ ဒူဒါက သွင်းယူခဲ့တာ ဖြစ်ပါတယ်။ ၂၀၁၆ ယူရိုဘောလုံးပြိုင်ပွဲ အုပ်စု (ဘီ) အမှတ်ပေးဇယားမှာ ဝေးလ်အသင်းက အဆင့် ၁၊ အင်္ဂလန်က အဆင့် ၂ ၊ ရုရှားက အဆင် ၃ နဲ့ စလိုဗက်ကီးယားက အဆင့် ၄ မှာ အသီးသီးရပ်တည်နေကြပါတယ်။

A d v e r t i s e m e n t With Us

More News
Up