ပဲခူး၊ ရောဝတီ၊ ရခိုင် တို့တွင် ရေကြီးရေလျှံ၊ လူသေဆုံးမှုများရှိ

ပဲခူး၊ ရောဝတီ၊ ရခိုင် စတဲ့ ပြည်နယ်တိုင်းတို့ရှိ ဒေသတချို့မှာ မိုးကြီးပြီး ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်ခဲ့လို့ လူသေဆုံးမှု ရှိနေပါတယ်။
ပဲခူးတိုင်း၊ ပေါင်းတည်မြို့မှာ မိုးကြီးပြီး ရေကြီးရေလျှံဖြစ်မှုကြောင့် ဒီနေ့မနက်ပိုင်းက ပေါင်းတည်ရဲစခန်းဝင်းအတွင်းမှာ သစ်ပင်ပြိုကျ ပိမိလို့ ရဲမေတဦး သေဆုံးခဲ့ပါတယ်။
ပေါင်းတည်မြို့နယ်က တိုင်းပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းဦးက မိုးဆက်တိုက်ရွာသွန်းပြီး လူသေဆုံးမှု ရှိတယ်လို့ ပြောပါတယ်။
“မိုး အရမ်းရွာတယ်၊ နေ့ရောညရော ၃ ရက်လောက် ရှိပြီ ရွာနေတာ၊ ဒီမနက် ၅ နာရီထိုးလောက် ရဲတန်းလျားနောက်က ညောင်ပင်က လဲတယ်၊ လဲတဲ့နေရာမှာ ပိပြီး ဆုံးတာ၊ မနက် ၁၀ နာရီလောက်မှ ဆွဲထုတ်လို့ရတယ်။”
လောလောဆယ် ပေါင်းတည်ဘဏ်၊ ရဲစခန်းနဲ့ အထက်တန်းကျောင်းတို့မှာ ရေက ပေါင်လည်လောက်ထိ ရှိနေပြီး ဘဏ်ရှိ ပိုက်ဆံတွေကို မြင့်တဲ့နေရာဆီ ပြောင်းရွှေ့နေရကာ ပိုက်ဆံရေနစ်တာတော့ မရှိဘူး၊ ပေါင်းတည်အနီးတ၀ိုက်ရွာတွေလည်း ရေကြီးနစ်မြုပ်နေတယ်လို့ ပြောပါတယ်။
ရန်ကုန်ဘက်အထွက် ကားလမ်းနဲ့ ပြည်ဘက်အထွက် ကားလမ်းတွေပေါ်လည်း ရေကျော်နေပြီး ကားကြီးတွေတော့ သွားလာလို့ ရနေပါတယ်။
ဧရာဝတိတိုင်း၊ ကြံခင်းမြို့က တိုင်းဒေသကြီးလွှတ်တော်အမတ် ဦးသော်ဇင်ဝင်းက ကြံခင်းဘက်လည်း မိုးကြီးလို့ ရေကြီးနေပြီး ကယ်ဆယ်ရေးလုပ်ဖို့ ပြင်နေကြတယ်လို့ ပြောပါတယ်။
“ညက ၂ နာရီခွဲလောက်မှာစပြီး ချောင်းရေတက်လာတာခင်ဗျ၊ မိုးရေချိန်လက်မ ၆ လက်မခွဲလောက်ရွာတယ်၊ ဖားတရှဉ်းချောင်ရေတက်တာ၊ လောလောဆယ်ကတော့ ခုံကြီးမြုပ်တယ်၊ ဘက်ရဲက ၂ ရပ်ကွက်မြုပ်တယ် နောက် အလုံမြုပ်တယ်၊ သစ်ပင်ကိုင်းမြုပ်တယ်၊ ကြံခင်းဘက်ခြမ်းက မဲကုန်းရေကျော်တယ်၊ နောက် မြို့ပေါ် ရပ်ကွက်တချို့ရေ၀င်နေပါတယ်၊ ဘက်ရဲဘက်ဆို ၇-၈ ကေလောက်အထိ ရေ၀င်နေပါတယ်။”
ရေကြီးမှုအခြေအနေကို တိုင်းအစိုးရထံ ဆက်သွယ်အကြောင်းကြားပြီး အကူအညီပေးဖို့ တောင်းဆိုထားတယ်လို့ ပြောပါတယ်။
ကြံခင်းနဲ့ အနီးနားက မြန်အောင်ဘက်မှာလည်း ရေကြီးနေပြီး ကားလမ်းတွေ ရေကျော်နေပါတယ်။
ရခိုင်ပြည်နယ် မြို့နယ်အချို့မှာလည်း ရေကြီးနေပြီး သံတွဲမြို့မှာတော့ မနေ့ကတည်းက ရေတွေ တဖြည်းဖြည်းတက်လာနေတယ်လို့ အထက ၂ မှ ကျောင်းဆရာမ မေဝင်းမော်က ပြောပါတယ်။
“မနေ့ကတည်းက ရေတွေတက်လာတာပါ။ အခုဖြည်းဖြည်းချင်းနစ်မြုပ်လာနေတယ်။ ဒီနေ့တော်တော်များများ မိုးတွေရွာတယ်။ ရေတွေတက်လာတယ်။ နစ်မြုပ်နေတဲ့ ရွာတွေကတော့ ဘုရားမော်၊ စူးပုတ်ကုန်း၊ ချင်းကွင်း၊ ပေါက်တော၊ နတ်မှော်၊ ပြီးတော့ ကျောင်းကုန်းဇီးကျွန်း၊ သဗြုချိုင်ကျေးရွာများမှာ ရေဆက်တိုက်နစ်မြုပ်နေပါတယ်။ အခုရေမြုပ်နေတဲ့ရွာတွေကို လက်တလော အကူအညီတွေ ဒေသခံတွေက လုပ်ပေးနေရပါတယ်။ အကူအညီတွေဘယ်ဌာနမှ မလာသေးဘူး။ ကားလမ်းတွေရော သွားလို့မရတော့ဘူး။ ကား ခရီးစဉ်တွေကိုလည်း ယာယီရပ်ဆိုင်းထားပါတယ်” လို့ ပြောပါတယ်။
ဒါ့အပြင် သံတွဲမြို့နယ်၊ ရွှေလှေကျေးရွာမှာလည်း ခရီးသည်တင်ကားတွေ ပိတ်မိနေပြီး စစ်တွေ၊ တောင်ကုတ်၊ အမ်း၊ ပြည်၊ ခရီးစဉ်တွေကို ယာယီရပ်ဆိုင်းလိုက်ရတယ်လို့ ဆိုပါတယ်။
ရခိုင်ပြည်နယ် စည်ပင်သာယာရေးဝန်ကြီး ဦးမင်းအောင်ကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းရမှာတော့ ရခိုင်ပြည်နယ် သံတွဲနဲ့တောင်ကုတ်မြို့နယ်တွေဘက်မှာ ရေကြီးနေတာကြောင့် ခရိုင်အုပ်ချုပ်ရေးမှူးအဖွဲ့တွေထံ ဆက်သွယ်ပြီး ရေဘေးသင့်ပြည်သူတွေကို ကူညီကယ်ဆယ်ပေးဖို့ ပြောကြားထားကြောင်း ပြောပါတယ်။
မိုးလေ၀သဌာနရဲ့ ဒီနေ့ညနေဘက် ထုတ်ပြန်ချက်ထဲမှာ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ ရခိုင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ ဒေသအလိုက်နှင့် မန္တလေးတိုင်း၊ မကွေးတိုင်း၊ ရန်ကုန်တိုင်းနဲ့ ကရင်ပြည်နယ်တို့မှာ နေရာကွက်ပြီး မိုးကြီးနိုင်တယ်၊ ရွာရန်ရာနှုန်းပြည့် ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
သံတွဲမြို့ ရေကြီးနေမှုမြင်ကွင်း (ဓာတ်ပုံ - မေဝင်းမော်)