ထိုင်းတွင် မီနီဘတ်စ်တစီး တိမ်းမှောက်မီးလောင်၊ ၁၁ ဦးသေ

716
ထိုင်းနိုင်ငံ ဘန်ကောက်ကနေ ပတ္တရားကိုသွားတဲ့ မီနီဘတ်စ် တိမ်းမှောက်ပြီး မီးလောင်ခဲ့တာကြောင့် လူ ၁၁ ဦး သေဆုံးသွားပါတယ်။
ဇွန် ၁၀ ရက် ည ၉ နာရီက ကားမတော်တဆမှု ဖြစ်ပွားခဲ့ပြီး သေဆုံးသူတွေဟာ ဘန်ကောက် ကွန်းခလာ ကိုယ်ပိုင်ကျောင်းက ၀န်ထမ်းတွေဖြစ်တယ်လို့ ထိုင်းအခြေစိုက် ဘန်ကောက်ပိုစ့် သတင်းက ရေးပါတယ်။
ချောင်ဘူရီ ဘန်ကောက်လမ်းပေါ်မှာ ကားက တာရာက ပြုတ်ထွက်သွားကာ ကားပြောင်းပြန်လှန်ပြီး မီးလောင်ခဲ့တာကြောင့် သေဆုံးခဲ့တာလို့ သတင်းက ဆိုပါတယ်။
ရနောင်းမှာ ကျင်းပတဲ့ ဆွေးနွေးပွဲတခုကို တက်ရောက်ပြီး ပြန်အလာမှာ မတော်တဆမှု ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။
ကားပေါ်မှာ လူ ၁၅ ဦး သယ်ဆောင်လာခဲ့တာ ဖြစ်ပေမယ့် ၄ ဦးကတော့ ဒဏ်ရာ အနည်းငယ် ရရှိသွားပါတယ်။
ကားကို ကျောင်းက ဒါရိုက်တာ မောင်းနှင်လာတာ ဖြစ်ပြီး သူက ဒဏ်ရာ အနည်းငယ်ပဲ ရရှိတယ်လို့ ဆိုပါတယ်။
ဒေသခံ သတင်းတွေမှာတော့ ကားပြောင်းပြန်လှန်ပြီး မီးလောင်တဲ့ ပုံတွေကို ပြသခဲ့ပါတယ်။ ထိုင်းရဲ့ အခြေခံအဆောက်အဦတွေက ကောင်းမွန်ပေမယ့် ထိုင်းရဲ့လမ်းတွေက ကမ္ဘာပေါ်မှာ ဒုတိယ အန္တရာယ်အများဆုံး ဖြစ်တယ်လို့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့က ၂၀၁၅ ခုနှစ်က ထုတ်ပြန်ထားပါတယ်။
နှစ်စဉ် ယာဉ်မတော်တဆမှုကြောင့် လူ ၂၄၀၀၀ လောက် သေဆုံးတယ်လို့လည်း ဆိုပါတယ်။