သီချင်းသီဆိုပြီး သေနတ်ဖြင့် ပစ်ခံရသည့် အဆိုတော် သေဆုံး (ရုပ်သံ)

5.8K
အမေရိကန်ပြည်ထောင်စု ဖလော်ရီဒါပြည်နယ် အော်လန်ဒိုမှာ အဆိုတော် ခရစ္စတီးနား ဂရင်မီဟာ သေနတ်သမားက ပစ်ခတ်လိုက်တဲ့အတွက် ဇွန် ၁၁ ရက် မနက်ပိုင်းမှာ သေဆုံးသွားပါတယ်။
ဇွန် ၁၀ ရက်ညက ပလာဇာလိုက်ဖ် ပြဇာတ်ရုံမှာ အသက် ၂၂ နှစ်အရွယ် ဂရင်မီ သီဆိုဖျော်ဖြေခဲ့အပြီး စင်အောက်ရောက်တဲ့အချိန်မှာ သေနတ် ၂ လက်ကိုင် လူတဦးက ပစ်ခတ်ခဲ့တာလို့ အော်လန်ဒို ရဲတပ်ဖွဲ့ ပြောခွင့်ရ ၀မ်ဒါဖိုဒ်က ပြောပါတယ်။
ဂရင်မီရဲ့ အစ်ကိုဖြစ်တဲ့သူက သေနတ်သမားကို ၀င်ရောက်လုံးထွေးခဲ့ပါသေးကြောင်း ဒီနောက်မှာတော့ သေနတ်သမားက ကိုယ့်ကိုယ်ကိုယ် သတ်သေသွားပါတယ်။ ဂရင်မီကို ဆေးရုံ တင်ပို့ခဲ့ပေမယ့် နောက်ပိုင်းမှာ သေဆုံးသွားတာလို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
သေနတ်ပစ်ခတ်တဲ့သူ ဘယ်သူဘယ်ဝါဆိုတာကိုတော့ ရဲတပ်ဖွဲ့က ထုတ်ပြန်ကြေညာခဲ့ခြင်းမရှိပါဘူး။
ပွဲကို လူ ၆၀ ကနေ ၁၀၀နီးပါး တက်ရောက်ခဲ့သလို ဘယ်လိုလုပ်သေနတ်ကို ယူဝင်လာသလဲ ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရဘူးလို့ ဆိုပါတယ်။
ခရစ္စတီးနား ဂရင်မီဟာ နယူးဂျာစီမှာ မွေးဖွားခဲ့တဲ့ အဆိုတော်နဲ့ တေးရေး တဦးလည်း ဖြစ်ပါတယ်။ ၂၀၁၁ ခုနှစ်မှာ Find Me အယ်လ်ဘမ်ကို ထုတ်ဝေခဲ့ပါတယ်။
၂၀၁၄ ခုနှစ် အမေရိကန်က အဆိုပြိုင်ပွဲ The Voiceမှာ ပါဝင် ယှဉ်ပြိုင်ခဲ့ပြီး နံပါတ် ၃ နေရာမှာ ရရှိခဲ့ပါတယ်။
ဆယ်ကျော်သက်ကတည်းက ယူကျူပေါ်မှာ နာမည်ကြီး သီချင်းတွေကို သီဆိုပြီး လူသိများလာတဲ့ သူလည်း ဖြစ်ပါတယ်။
ယူကျူပေါ်က သူ့ရဲ့ ဗွီဒီယိုဖိုင်တွေကို ကြည့်ရှုသူက သန်းချီရှိပါတယ်။
ရုပ်သံ - ခရစ္စတီးနား ဂရင်မီ စင်ပေါ်တွင် နောက်ဆုံးသီချင်းသီဆိုနေစဉ်