ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်အပေါ် စွက်ဖက်လွှမ်းမိုးမှုမရှိဟု ဦးဝင်းမြင့်ပြော
DVB
·
June 11, 2016
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ လွှတ်တော်အပေါ် ၀င်ရောက်စွက်ဖက် လွှမ်းမိုးမှု မရှိဘူးလို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က ပြောပါတယ်။
ဇွန် ၁၀ ရက်က နေပြည်တော်မှာ လုပ်ခဲ့တဲ့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌရဲ့ သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တယောက်ရဲ့ မေးခွန်းကို ဖြေဆိုရင်း သူက ခုလို ပြောလိုက်တာပါ။
''နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဟာ အင်မတန်စည်းကမ်း ကြီးတယ်။ အင်မတန်ဥပဒေကို လေးစားလိုက် နာတယ်။ လေ့လာစောင့်ကြည့်ကြည့်ပါ။ ဥပဒေနဲ့မညီတာ၊ စည်းကမ်းမရှိတာကို ဘယ်တော့မှမလုပ်ဘူး။ ဘာကိစ္စမှ မလုပ်ဘူး။ ကိစ္စရှိလို့၊ လုပ်ငန်းရှိလို့ လွှတ်တော်ထဲ လာဖို့ ဆိုရင်တောင် ခွင့်တောင်းတယ်။ ဘယ်တော့မှ စွတ်ပြီး ကားနဲ့ ဝင်မလာဘူး။ ခွင့်တောင်းလို့ ကျနော်ခွင့်ပြုရင်လာတယ်။ ခွင့်မပြုရင် မလာဘူး။ အဲ့လောက်ဆိုရင်တော့ အတိမ် အနက်သဘောပေါက်မယ်လို့ ထင်ပါတယ်။”
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်ဟာ ဖေဖော်ဝါရီလဆန်းကတည်းက စတင်ခဲ့တဲ့ ပြည်သူ့လွှတ်တော် ဒုတိအကြိမ် ပထမပုံမှန်စည်းဝေးပွဲများ ရပ်နားတဲ့ ဇွန် ၁၀ ရက် မွန်းလွဲ ၁ နာရီမှာ နေပြည်တော်မှာ ပထမဆုံးအကြိမ် သတင်းစာရှင်းလင်းပွဲလုပ်ပြီး မီဒီယာများ မေးသမျှ အချိန်ယူ ဖြေဆိုခဲ့ပါတယ်။