A d v e r t i s e m e n t With Us

ရန်ကုန်မြို့တွင် ၂၄ နာရီ မီတာဘီလ်ဆောင်နိုင်သည့်ဆိုင်များ ဖွင့်လှစ်မည်

ရန်ကုန်မြို့မှာ ၂၄ နာရီ မီတာဘီလ် ပေးချေနိုင်တဲ့ ၀န်ဆောင်မှုလုပ်ငန်း ဆိုင်တွေကို ဖွင့်လှစ်ဖို့ ဆောင်ရွက်နေတယ်လို့ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက ပြောပါတယ်။ လက်ရှိမှာ ဘီလ်ကောက်ခံခြင်းဝန်ဆောင်မှုကို ပုဂ္ဂလိက ကုမ္ပဏီတွေ၊ Bank တွေနဲ့ ချိတ်ဆက်ဆောင်ရွက်ပေးနေပြီး အွန်လိုင်းကနေလည်း ဘီလ်ကောက်ခံနိုင်ဖို့နဲ့ မီတာဘီလ်ကို ၂၄ နာရီပတ်လုံး ပေးချေနိုင်အောင် Service ပေးနိုင်တဲ့ ဆိုင်တွေဖွင့်လှစ်ဖို့ ဆောင်ရွက်နေတယ်လို့ လျှပ်စစ်ဓါတ်အားပေးရေးကော်ပိုရေးရှင်း (ရန်ကုန်) က အထွေထွေမန်နေဂျာ ဦးကိုကိုက ပြောပါတယ်။ မီတာဘီလ်ဝန်ဆောင်မှုလုပ်ငန်းတွေကို ယူနိုင်တက်အမရာ ဘဏ်လီမိတက်၊ မြန်မာတံခွန်ဝန်ဆောင်မှုလီမိတက်၊ မြန်မာ့အရှေ့တိုင်းဘဏ်လီမိတက်၊ မြန်မာကွန်ပျူတာကုမ္ပဏီလီမိတက်၊ Titan Source ကုမ္ပဏီလီမိတက်တို့နဲ့ ပူးပေါင်းဆောင်ရွက် လုပ်ကိုင်လျက်ရှိပြီး ၀န်ဆောင်မှုအသုံးပြုခဲ့သူ ဦးရေဟာ ၂၀၁၆ ခုနှစ် ဧပြီလပိုင်းမှာ ၁၉၅၃၁ ဦးရှိတယ်လို့ သိရပါတယ်။ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းက ကွန်ပျူတာနဲ့ မီတာဘီလ် ထုတ်ပြန်ခြင်း၊ ဓာတ်အားခငွေ ကောက်ခံခြင်းနဲ့ ငွေစာရင်းလချုပ်များရေးဆွဲလုပ်ငန်းတွေကို တင်ဒါအောင်မြင်ထားတဲ့ မြန်မာကွန်ပျူတာကုမ္ပဏီ လီမိတက် (M.C.C)၊ Titan Source Co.,Ltd နဲ့ ပူးပေါင်းလုပ်ကိုင်နေတာပါ။ ပြည်နယ် ၂ ခုနဲ့ တိုင်း ၄ တိုင်းတို့မှာ ဓာတ်အားပိုလွှတ်ဖြန့်ဖြူးနိုင်ဖို့အတွက် ဓာတ်အားခွဲရုံ ၁၀၀ ကျော် တည်ဆောက်သွယ်တန်းဖို့ ဆောက်ရွက်နေတယ်လို့လည်း လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာနက ပြောပါတယ်။ ကကားပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရန်ကုန်၊ စစ်ကိုင်း၊ မကွေး၊ ဧရာဝတီတို့မှာ လျှပ်စစ်ဓာတ်အား ပို့လွှတ်ဖြန့်ဖြူးနိုင်ဖို့အတွက် ၂၃၀ ကေဗွီ ဓာတ်အားလိုင်း ၆၅.၉ မိုင်၊ ၆၆ ကေဗွီ ဓာတ်အားလိုင်း ၅.၇ မိုင်၊ ၃၃ ကေဗွီ ဓာတ်အားလိုင်း ၂.၈ မိုင်၊ ၁၁ ကေဗွီ ဓာတ်အားလိုင်း ၁၇.၅ မိုင်၊ ၃၃ ကေဗွီ ဓာတ်အားခွဲရုံ ၄ ရုံနဲ့ ၁၁ ကေဗွီ ဓာတ်အားလိုင်း ၉၈ ရုံတို့ ဆောက်လုပ်သွယ်တန်းဖို့ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။ ဇွန်လ ၁၀ ရက်နေ့မှာ မကွေးတိုင်းဒေသကြီး၊ ဆင်ပေါင်ဝဲမြို့နယ်က ၆၆ ကေဗွီ ကိုးပင်ဓာတ်အားခွဲရုံ ၁ ရုံကနေ ကျေးရွာ ၁၅ ရွာက အိမ်ထောင်စု ၃၅၁၀ စုကို ဓာတ်အားဖြန့်ဖြူးသွားမှာပါ။ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန အနေနဲ့ ရက် ၁၀၀ စီမံချက်ထဲမှာ ပါဝင်တဲ့ ဆောင်ရွက်ချက်တွေထဲက ရက် ၃၀ ကျော်အတွင်း ပြီးစီးမှုအခြေအနေကို ဇွန်လ ၉ ရက်နေ့က နေပြည်တော် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးရုံးမှာ ရှင်းလင်းပြောကြားခဲ့ကြပါတယ်။ အဲဒီ ရှင်းလင်းပွဲမှာဆိုရင် စက်သုံးဆီအရောင်ဆိုင် တဆိုင် ပိတ်သိမ်းခဲ့မှု၊ ဓာတ်အားစနစ်သို့ ဓာတ်အားပို့လွှတ်အခြေအနေ၊ ဓာတ်အားခပိုမိုကျရတဲ့အခြေအနေ၊ မီတာဘီလ်ဆောင်ရာမှာ အဆင်ပြေအောင်ဆောင်ရွက်နေမှု၊ လျှပ်စစ်အန္တရယ်ကင်းဝေးစေဖို့ ဆောင်ရွက်ထားမှုတွေကို ပြောကြားခဲ့ကြပါတယ်။ သတင်းနျင့်ဓာတ်ပုံ - အောင်ကိုကိုလတ်  

A d v e r t i s e m e n t With Us

More News
Up