လွှတ်တော်အနေဖြင့် အခြေခံဥပဒေပြင်ဆင်ရေးကို နောက်ဆုံးထားလုပ်မည်

လွှတ်တော်အနေနဲ့ အခြေခံဥပဒေပြင်ဆင်ရေးကို နောက်ဆုံးထားလုပ်ဆောင်မှာဖြစ်ပြီး အမျိုးသားရင်ကြားစေ့ရေးနဲ့ ငြိမ်းချမ်းရေးကို အရင်လုပ်မယ်လို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က ပြောလိုက်ပါတယ်။
ဇွန် ၁၀ ရက်က နေပြည်တော်မှာလုပ်တဲ့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌရဲ့ ပထမဆုံး သတင်းစာရှင်းလင်းပွဲမှာ အာအက်ဖ်အေ သတင်းထောက်ရဲ့ အမေးကို ဖြေကြားရင်း သူက ပြောလိုက်တာပါ။
“အခြေခံဥပဒေပြင်ဆင်ရေးကို နောက်ဆုံးမှာ ထားမယ်၊ အမျိုးသားပြန်လည်သင့်မြတ်ရေး ဒုတိယ၊ အမျိုးသားပြန်လည်သင့်မြတ်ရေး လုပ်လို့ အောင်မြင်မှ ပြည်တွင်းငြိမ်းချမ်းရေးရမှ ဒီဟာ သွားလိုက်တာက ပိုပြီး တယောက်နဲ့ တယောက် နားလည်မှု၊ ယုံကြည်မှု တယောက်နဲ့တယောက် အပြန်အလှန် လေးစားမှုနဲ့ ဒီလုပ်ငန်းကို အောင်အောင်မြင်မြင် ဆောင်ရွက်လို့ ရမယ်။”
အခု လွှတ်တော်သက်တမ်းအတွင်း ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကို လုပ်မယ်လို့ သူ ပြောနိုင်တယ်လို့လည်း ဆိုပါတယ်။
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်ဟာ ဖေဖော်ဝါရီလဆန်းကတည်းက စတင်ခဲ့တဲ့ ပြည်သူ့လွှတ်တော် ဒုတိအကြိမ် ပထမပုံမှန်စည်းဝေးပွဲများ ရပ်နားတဲ့ ဇွန် ၁၀ရက် မွန်းလွဲ ၁ နာရီမှာ နေပြည်တော်မှာ သတင်းစာရှင်းလင်းပွဲလုပ်ပြီး မီဒီယာများ မေးသမျှ အချိန်ယူ ဖြေဆိုခဲ့ပါတယ်။
လက်ရှိ အာဏာရ အန်အယ်လ်ဒီပါတီဟာ ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲ ၀င်ခဲ့ကတည်းက တရားဥပဒေစိုးမိုးရေး၊ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ အခြေခံဥပဒေပြင်ဆင်ရေး ဆိုတဲ့ ကြွေးကြော်သံနဲ့ ရွေးကောက်ပွဲ ၀င်ခဲ့တာ ဖြစ်ပါတယ်။