ဘတ်စ်ကားလိုင်းကျပ်နေတဲ့ကိစ္စ ချက်ချင်း ဖြေရှင်းဖို့သင့်တယ် – ဒေါက်တာကျော်လတ်

လက်ရှိ ရန်ကုန်မြို့မှာ နေထိုင်နေကြတဲ့ ပြည်သူလူထုတွေ နေ့စဉ် ကြုံတွေ့နေရတဲ့ ယာဉ်ကြောကြပ်မှု ပြဿနာ၊ မြို့နေလူဦးရေ များလာတာနဲ့အမျှ ကျပ်တည်းလာတဲ့ မြို့ကွက်အခြေအနေ၊ မိုးရွာလာတာနဲ့ ရန်ကုန်မြို့ရဲ့ လမ်းတွေပေါ်မှာ ရေကြီးရေလျှံတဲ့ကိစ္စ၊ စတာတွေ ဘယ်လိုဖြေရှင်း ဆောင်ရွက်သင့်တယ် ဆိုတာတွေနဲ့ ပတ်သက်ပြီး ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ မြို့ပြစီမံကိန်း အကြံပေးပညာရှင် ဒေါက်တာကျော်လတ်ကို ဒီဗွီဘီက တွေ့ဆုံမေးမြန်းခဲ့ပါတယ်။
မေး - ကျနော်တို့ အခု ရန်ကုန်မြို့မှာ တွေ့ကြုံနေရတဲ့ ပြဿနာတွေပေါ့နော်။ နေတဲ့သူနဲ့ မြို့ကွက်နဲ့ မမျှတတာပေါ့။ အရင်အစိုးရလက်ထက်တုန်းကတော့ မြို့သစ်တွေ အကောင်အထည်ဖော်ပြီး ဖြေရှင်းမယ်ဆိုပြီးတော့ သတင်းတွေ ကြားနေရတယ်။ အကွက်တွေဖော်ပြီးတော့ ဆောင်ရွက်မယ်ဆိုတဲ့အပေါ် ဆရာကြီး ရှင်းပြပေးပါဦး။
ဖြေ - ရန်ကုန်မြို့က လက်ရှိအားဖြင့် လူဦးရေ ၅ ဒသမ ၂ သန်းလောက်ရှိတယ်။ အဲဒီလူဦးရေက အကြမ်းအားဖြင့် တနှစ်တနှစ်ကို ၂ ဒသမ ၃ နဲ့ ၂ ဒသမ ၅ ရာခိုင်နှုန်းလောက် တိုးနေတယ်။ အဲဒါကို ဆရာတို့ တွက်လိုက်တဲ့အခါကျတော့ နောင်လာမယ့် နှစ်ပေါင်း ၃၀ ပေါ့၊ ၂၀၄၄ ခုနှစ်လောက်ဆိုရင် လက်ရှိ ငါးသန်းကျော်ကျော်လောက်ကနေစပြီး နောင်လာမယ့် နှစ် ၃၀ လောက်ကျရင် နှစ်ဆလောက် တိုးပြီးတော့ ၁၀ သန်းနဲ့ ၁၂ သန်းကြားလောက်မှာ ရှိလိမ့်မယ်။ အဲတော့ ရန်ကုန်မြို့က လူဦးရေကတိုးပြီးတော့ မြို့ကွက်တွေက မချဲ့ဘူး၊ မြို့ဧရိယာ မချဲ့ဘူးဆိုရင် ပြဿနာက ဘာဖြစ်လာလဲဆိုတော့ ရန်ကုန်မြို့မှာက သိထားတဲ့အတိုင်းပဲ၊ မြေဈေးတွေတက်တယ်။ အိမ်ဈေးတွေတက်တယ်။ မြေဈေးတက်တာက ရန်ကုန်မြို့မှာ ရွှေဈေးတက်တာ၊ ဒေါ်လာဈေးတက်တာထက် အများကြီးပိုတက်တယ်။ အဲတော့ ရန်ကုန်မြို့ကို မြို့သစ်ချဲ့သင့်တယ်ဆိုတာ ရှင်းပါတယ်။ အဲတော့ ဆရာက ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှာ လွန်ခဲ့တဲ့ လေးငါးနှစ်လောက်ကစပြီးတော့ အကြံပေးလုပ်ခဲ့တော့ မြို့ကို ဘယ်နေရာမှာ တိုးချဲ့သင့်သလဲ၊ ဘယ်နေရာမှာ ဖြစ်ရင်တော့ ဘာလုပ်သင့်သလဲဆိုတာကို အဆိုပြုခဲ့ဖူးပါတယ်။ ဆရာတို့ မြင်တာကတော့ ရန်ကုန်မြို့ အရှေ့မြောက်ဘက်က အခု လေးထောင့်ကန်ဘူတာ ပတ်ဝန်းကျင်ပေါ့၊ အဲဒီမှာ ဟိုးအရင် ၁၉၉၇ ကတည်းက အဲဒီမြေကို သိမ်းပြီးသား။ လယ်မြေမဟုတ်တော့ဘဲနဲ့ မြို့မြေအဖြစ်ဆိုပြီးတော့ သိမ်းပြီးသား။ သို့သော် အဲဒီမှာရှိတဲ့ သိမ်းထားတဲ့မြေက ဧက ၁၇၀၀၀ လောက်ရှိတယ်။ အများကြီးပေါ့ အကျယ်ကြီးပေါ့။ အဲဒီမှာကိုပဲ အကြမ်းအားဖြင့် လူဦးရေ ၁ သန်းကျော်ကျော်လောက်ဆန့်တယ်။ အဲတော့ ဒီမြေကို သိမ်းပြီးသားဖြစ်ပေမယ်လို့ ဆရာတို့က ဟိုတုန်းကတည်းက လယ်သမားတွေကို အလျော်အစား မလုပ်ရသေးဘူး။ ဆရာတို့ အဆိုပြုခဲ့တာက အဲဒီလယ်သမားတွေကို အလျော်အစားပြုလိုက်။ ပြီးရင် အဲဒီမြို့ကို အဲဒီနေရာမှာ တိုးချဲ့ဆိုပြီး အဆိုပြုဖူးပါတယ်။ သို့သော် ဟိုတုန်းက ဆရာ မြို့တော်ဝန်ကို အဆိုပြုတော့ သူလက်ခံပါတယ်။ သူကနေပြီးတော့ ဆုံးဖြတ်ပိုင်ခွင့်မရှိတော့ ၀န်ကြီးချုပ်ဆီကို ခေါ်သွားဖူးပါတယ်။ အဲဒီတုန်းက ကက်ဘိနက်မှာ ဆရာတင်ပြဖူးပါတယ်။ သို့သော် အဲဒီကိစ္စကြီးက လက်မခံတဲ့အတွက်ကြောင့် အခုထက်ထိအောင် အကောင်အထည်မပေါ်ဘူး ဖြစ်နေပါတယ်။
မေး - ဆရာကိုယ်တိုင်က တိုင်းဒေသကြီးအစိုးရကိုရော အရင် ရန်ကုန်မြို့တော်ဝန်ကိုရော အကြံတွေပေးခဲ့ပေမယ့် မဖြစ်ခဲ့ဘူး။ မဖြစ်ခဲ့တဲ့ကြားမှာ အပြင်မှာ ဘာသတင်းစကားမျိုးတွေ ရှိလဲဆိုတော့ အကျိုးစီးပွားရေးရာမပါရင် သူတို့က ပြည်သူကြုံနေရတဲ့ အခက်အခဲကို ဖြေရှင်းဖို့ထက် သူတို့အကျိုးစီးပွားရေးရာ ကိစ္စတွေမှာ အဂတိလိုက်စားမှုတွေ၊ အကျင့်ပျက်ခြစားမှုတွေ ရှိနေတယ်ဆိုပြီး အပြင်မှာ ဝေဖန်မှုတွေ ရှိနေတယ်။ ဆရာကြီးက အတွင်းပိုင်းကနေ ဆက်ဆံနေရတဲ့ အခါကျတော့ ဆရာကြီးလို ပညာရှင်တွေ အကြံပေးတာ သုံးလေးနှစ် အကြံပေးခဲ့သည့်တိုင်အောင် ဘာမှပြောင်းလဲမှု မရှိတာကို၊ ဆရာကြီး ဘယ်လိုအတွေ့အကြုံတွေ ကြုံခဲ့ရတယ်ဆိုတာကို နည်းနည်းရှင်းပြပေးပါ။
ဖြေ - သူတို့ မြို့တိုးချဲ့တာနဲ့ အကျင့်ပျက်ခြစားတာတို့၊ သူတို့အကျိုးမရှိရင် မလုပ်ဘူးဆိုတဲ့ ကိစ္စကတော့ ဆရာတို့က ပညာရှင်အနေနဲ့ မပြောလိုပါဘူး။ ဒါက သူတို့ကိစ္စပါ။ ဆရာတို့က အဆိုပြုခဲ့တာကတော့ ရန်ကုန်မြို့ရဲ့ အရှေ့မြောက်ဘက် မြေလည်းသိမ်းပြီးသား။ ဟိုတုန်းက အိုးအိမ်ဦးစီးဌာနက သိမ်းထားတယ်။ သိမ်းပြီးတော့ အဲဒီမြေတွေကို ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီကို လွှဲထားတယ်။ အဲဒီလွှဲထားတဲ့ စာတွေ၊ အထောက်အထားတွေလည်း ဆရာတို့မှာ ရှိပါတယ်။ အဲဒါကို အဆိုပြုခဲ့တယ်ပေါ့။ နောက်တခါ ရန်ကုန်မြို့ပတ်ပတ်လည် ၇ နေရာလောက်ရှိတယ်။ ဦးစားပေး ၁၊ ၂၊ ၃ ဆိုပြီးတော့ အဆိုပြုခဲ့ပေမယ့် ဒါကို သူက တိကျသော အကြောင်းမရှိဘဲနဲ့ ဆက်ပြီးတော့ မလုပ်ခဲ့ဘဲ ပယ်ခဲ့တယ်။ သူတို့က အခုကျတော့ ဘယ်နေရာကို သူတို့အဆိုပြုထားလဲဆိုတော့ အစိုးရအပြောင်းအလွှဲ မဖြစ်ခင်ပေါ့။ ဆိုလိုတာက ၂၀၁၅ အဆုံးနဲ့ ၂၀၁၆ အစလောက်ကတည်းက အဆိုပြုသွားတာကတော့ ရန်ကုန်မြို့ရဲ့ အနောက်တောင်ဘက်ပေါ့၊ ကြည့်မြင်တိုင် တဘက်ကမ်းဆိုပြီးတော့ အဆိုပြုထားပါတယ်။ အဲဒါကတော့ ဧက သုံးသောင်းလောက်ရှိတယ်လို့ ဆိုပါတယ်။
မေး - အဲဒီ ဧကသုံးသောင်းကိစ္စနဲ့ပတ်သက်လို့ သိရတာက ကုမ္ပဏီတခုလုံးကို အလုံးစုံပုံပေးလိုက်တယ် ဆိုပြီးတော့ သတင်းကြားရတယ်ခင်ဗျ။ နိုင်ငံတကာမှာကျတော့ရော ဒီလိုမျိုး မြို့သစ်စီမံကိန်း အကြီးကြီးတွေလုပ်ရင် ဘယ်လိုစနစ်တွေနဲ့ လုပ်လေ့လုပ်ထရှိလဲ။ ဒီက အဲလိုမျိုး ကုမ္ပဏီ တခုနှစ်ခုကိုပဲ ၀ကွက်ပြီး အပ်လိုက်တဲ့ အခြေအနေက သင့်တင့်ရဲ့လားလို့၊ အဲဒါလေး တချက်လောက် သုံးသပ်ပေးပါဦး။
ဖြေ - ဧကသုံးသောင်းဆိုတာက အကြမ်းအားဖြင့် လူဦးရေကို သွင်းမယ်ဆိုရင် ၂ သန်း ၃ သန်းလောက်ဝင်တဲ့ကိစ္စ။ အဲဒါအပြင် ကျနော်တို့က မြို့တိုးချဲ့တယ်ဆိုတာက ကျနော်တို့ ရန်ကုန်မြို့ ကျနော်တို့တိုင်းပြည်ရဲ့ လိုအပ်ချက်၊ ဒါကြောင့်မို့ ချဲ့တာကိုး၊ သူများကို အကျိုးပြုဖို့ ချဲ့တာမဟုတ်ဘူးလေ။ ကိုယ့်တိုင်းပြည်နဲ့ ကိုယ့်မြို့ကို အကျိုးပြုဖို့ချဲ့တာ။ ဥပမာ ရန်ကုန်မြို့မှာ လက်ရှိကျောင်းပေါင်း ၁၃၀ လောက် ဆောက်ဖို့လိုနေတယ်။ ဘာဖြစ်လို့လဲဆိုတော့ လက်ရှိ ကျနော်တို့ တမြို့လုံးမှာရှိတဲ့ ကလေးတွေရှိတယ်။ အတန်းတွေရှိတယ်။ အထူးသဖြင့် မူလတန်းနဲ့ အထက်တန်းကျောင်းတွေမှာ ကလေးတွေက ပျမ်းမျှအားဖြင့် တတန်းတတန်းကို ၅၀ ကျော်လောက် ဖြစ်နေတယ်။ ဒါက ပျမ်းမျှပြောတာ။ တချို့ကျောင်းတွေကျတော့ တတန်းတတန်းကို ၇၀၊ ၈၀ လည်းရှိတယ်။ အဲဒါတွေကို မဖြစ်ရအောင် ဗမာပြည်ရဲ့ အခြေအနေအရက တတန်းကို ကလေး ၄၀ ပဲ ရှိရမယ်။ အဲဒါနဲ့တွက်လိုက်ရင် ဆရာ စောစောကပြောသလို အကြမ်းအားဖြင့် ရန်ကုန်မြို့မှာ ကျောင်း ၁၃၀ လောက် လိုနေတယ်။ အဲဒါအပြင် ရန်ကုန်မြို့မှာ အများကြီးလိုနေတဲ့ဟာတွေက ဥပမာ ဈေးတွေလိုနေတယ်။ ဆေးရုံဆေးပေးခန်းတွေ လိုနေတယ်။ အဲဒါတွေကို ကျနော်တို့က စီမံကိန်းဆွဲပြီးတော့ ကိုယ့်ဟာနဲ့ကိုယ် လမ်းတွေဖောက်မယ်။ ကိုယ့်ဟာနဲ့ကိုယ် ရေမြောင်းစနစ်တွေချမယ်။ ပြီးတော့မှ သင့်လျော်တဲ့ မြေကြီးတွေကို ပုဂ္ဂလိက ကုမ္ပဏီတွေကို ကဲ ခင်ဗျားတို့ ဒါကိုယူ၊ ခင်ဗျားတို့ ဒါကိုဆောက်။ ဘယ်လိုအတိုင်းအတာနဲ့ ဘယ်လိုပဲဆောက် ဆိုပြီးတော့ အဲလို စနစ်တကျ လုပ်ရတာပါ။ မြို့တိုးချဲ့တယ်ဆိုတဲ့ ကိစ္စက ဆရာတို့ အပြည်ပြည်ဆိုင်ရာ အတွေ့အကြုံမှာကော ဗမာပြည်ရဲ့ အတွေ့အကြုံကော စီမံကိန်းရေးဆွဲတာပဲ ၂ နှစ် ၃ နှစ်လောက် ကြာပါတယ်။ သူများကိုသွားပြီးတော့ ရော့ ခင်ဗျားတို့ဘာသာ ကြည့်လုပ်ကြဆိုတာတော့ ဆရာတို့ မကြုံဖူးဘူး။ ဆရာကိုယ်တိုင်က လွန်ခဲ့တဲ့ နှစ်ပေါင်း လေးငါးဆယ်တုန်းက သုဝဏ္ဏမြို့ တိုးချဲ့တယ်။ ၀င်ပြီးတော့ ပါခဲ့ပါတယ်။ အဲလိုပဲ လှိုင်သာယာတို့၊ ရွှေပြည်သာတို့ တိုးချဲ့တာလည်း ဆရာလုပ်ခဲ့ပါတယ်။ အဲဒီကတည်းက ဆရာတို့က ကိုယ့်ဟာကိုယ် ပုံဆွဲတယ်။ ပြီးရင် ဒီနေရာမှာကျောင်း၊ ဒီနေရာမှာ ဈေး စသည်ဖြင့် အဲဒါတွေကို တွက်ပြီးတော့မှ လုပ်ခဲ့တာပါ။ သူများကိုပေးပြီးတော့ ရော့ ခင်ဗျားတို့ ဧကသုံးသောင်း ကြည့်လုပ်ကြဆိုရင် မေးစရာက ဆရာတို့ လိုအပ်နေတဲ့ ကျောင်းတွေကော ထည့်မှာလား၊ မထည့်ဘူးလား။ သူတို့ ရေက ဘယ်ကရမှာလဲ၊ ရေကို ဘယ်လိုပြန်ထုတ်မှာလဲ။ ဘယ်လိုနည်းနဲ့ ပြန်ထုတ်မှာလဲ၊ ဘယ်လိုနည်းနဲ့ ပြန်သုံးမှာလဲ။ စသည်ဖြင့် လမ်းကော ဘယ်လိုဖောက်မှာလဲ။ အကျယ်က ဘယ်လောက်လဲ။ ဘာအတိုင်းအတာနဲ့ ဘယ်လိုဖောက်ကြမှာလဲ။ အဲဒါတွေကို မသိဘဲ၊ မတွက်ဘဲနဲ့ ပုဂ္ဂလိက ကုမ္ပဏီတွေကို ပေးတယ်ဆိုတာက ဆရာက အကျင့်ပျက်တယ်၊ ခြစားတယ်၊ ဒါတွေကို မပြောလိုပါဘူး။ သို့သော် ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုးအတွက်ကတော့ နာလိမ့်မယ်၊ မဖြစ်သင့်ဘူးလို့တော့ ဆရာမြင်တယ်။
မေး - အခု အစိုးရအသစ်က ပြောင်းပြီပေါ့။ ပြောင်းလို့ လပိုင်းပဲ ရှိသေးတယ်။ အန်အယ်လ်ဒီ အစိုးရသစ်က တက်လာပြီဆိုတော့ အရင်အဟောင်းက သူတွေလည်းပဲရှိတယ်။ ဒီစီမံကိန်း ပြဿနာတွေမှာ ငွေကြေးပြဿနာ၊ အလွှဲအပြောင်းပြဿနာ၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီလည်း ကြုံရမယ်၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရလည်း ကြုံရမယ်ပေါ့။ အရင်အစိုးရ လုပ်သွားတဲ့ ဘတ်ဂျက်ပြဿနာနဲ့ အခုအစိုးရတက်လာပြီး ဘတ်ဂျက်ပြဿနာ၊ အဲဒီ ဘတ်ဂျက်ပြဿနာ နှစ်ခု တိုးလာတဲ့အခါကျရင်၊ အသံတွေ အမျိုးမျိုးထွက်ကြတာပေါ့။ အဲဒီစီမံကိန်း ငွေကြေးကိုင်တွဲသုံးစွဲတဲ့ဟာ ပြည်သူကို ထင်သာမြင်သာရှိအောင် ဘယ်လိုလုပ်ရင် ကောင်းမလဲဆိုတာ အန်အယ်လ်ဒီအစိုးရ တာဝန်ရှိသူတွေကို အကြံပြုစကားလေး ပြောပြပေးပါဦး။
ဖြေ - ဆရာမြင်တာကတော့ မှန်ပါတယ်၊ ထင်သာမြင်သာတော့ ရှိရမှာပေါ့။ ရှိကိုရှိသင့်ပါတယ်။ ဆရာမြင်တာကတော့ ဒီကိစ္စက အစိုးရကိုယ်တိုင် ကိုင်ထားတဲ့၊ ဥပမာ စည်ပင်လိုပေါ့နော်၊ သူတို့ကပဲ ကိုင်ပြီးတော့ ဒီဟာတွေကို ဖွံ့ဖြိုးဖို့အတွက် သူတို့ကပဲ ပိုက်ဆံသုံးမယ်။ သူတို့ကပဲ ပြန်ပြီးတော့ ပေးမယ်၊ ကောက်မယ်။ အဲဒီလိုတော့ လုပ်သင့်ပါတယ်။ ကုမ္ပဏီတခုကို ပေးတယ်ဆိုတာကတော့ အပြည်ပြည်ဆိုင်ရာ အတွေ့အကြုံအရကော ဗမာပြည်မှာ အရင်တုန်းက လုပ်ခဲ့တဲ့ အတွေ့အကြုံအရကော မကြားဖူးပါဘူး။ မကြားဖူးတာ ကြားဖူးတာထက် နာမည်ကောင်းမယ်လို့တော့ မထင်ပါဘူး၊ အဲလိုဆက်လုပ်မယ်ဆိုရင်။
မေး - ကျနော်တို့ ဒုတိယပိုင်း လမ်းကြပ်တဲ့အပိုင်းပေါ့။ လမ်းကြပ်တာ ဆရာကြီးတို့လည်း လွန်ခဲ့တဲ့ ၃၊ ၄ နှစ်ကတည်းက ပြောတော့ပြောတာပေါ့ နည်းလမ်းတွေ။ ဒါပေမယ့် အဆင်မပြေတဲ့အပြင် ပိုပိုဆိုးလာတယ်။ ဆရာကြီး လွန်ခဲ့တဲ့ ၂ နှစ်လောက်က ဟောပြောပွဲတခုမှာ ပြောဖူးတာ ကျနော်တို့ ရန်ကုန်မြို့တွင်း ပတ်လမ်းလုပ်နိုင်ရင်တော့ ပိုကောင်းမယ်။ အဲဒီထက်ပိုကောင်းအောင် မြို့ပြင်ပတ်လမ်းကြီးပါ ဆောက်လုပ်ရင်တော့ ပိုကောင်းသွားမယ်လို့ ပြောခဲ့တယ်။ အဲဒါကို တာဝန်ရှိသူတွေဘက်က အကြောင်းပြချက် မရှိဘဲနဲ့ ပညာရှင်တွေရဲ့ နည်းပညာပိုင်းအရ အကြံဉာဏ်ပေးမှုကို အသိအမှတ် မပြုခဲ့တာ ကျနော် တွေ့ရတယ်ပေါ့၊ ၂ နှစ်လောက် ကြာတဲ့အချိန်မှာ။ အဲဒီအပေါ်မှာ ဆရာကြီးအနေနဲ့ လက်ရှိ ယာဉ်ကြောကြပ်တဲ့ ပြဿနာကို ဖြေရှင်းဖို့ ဘယ်လိုအချက်တွေ လိုပါသလဲ။
ဖြေ - ရန်ကုန်မြို့မှာ သယ်ယူပို့ဆောင်ရေးနဲ့ ပတ်သက်ရင် ဆရာတို့သိတဲ့ ရထားတဲ့ အချက်အလက်တွေအရ ၈၀ ရာခိုင်နှုန်းလောက်က နေ့စဉ်ဘတ်စ်ကားနဲ့ပဲ သုံးတယ်။ ၄ ရာခိုင်နှုန်းလောက်က ဘတ်စ်ကားနဲ့ မြို့ပတ်ရထားနဲ့ ပေါင်းသုံးတယ်။ ဆိုလိုတာက အကြမ်းအားဖြင့် ၈၄၊ ၈၅ ရာခိုင်နှုန်းလောက်က ဘတ်စ်ကားရယ်၊ မြို့ပတ်ရထားရယ် သုံးတယ်။ အဲတော့ ဖြစ်သင့်တာကတော့ အဲဒီအချိုးက နည်းနည်းလေး ဖြစ်နိုင်ရင်တော့ မြို့ပတ်ရထားတွေက သူတို့ဟာတွေကို ပိုပြီးကောင်းအောင်လုပ်ပြီးတော့ လူတွေကို ပိုပြီးဆွဲဆောင်ရင် သင့်တော်မယ်လို့ ယူဆတယ်။ သို့သော် ဘတ်စ်ကားလိုင်းကျပ်နေတဲ့ ကိစ္စကလည်း ချက်ချင်းလက်ငင်း မကြာခင်အတွင်းမှာ ဖြေရှင်းဖို့သင့်တယ်။ အဲဒီရဲ့ အဓိကလုပ်သင့်တာကတော့ ဆရာတို့က ပြောတာက မြို့အတွင်းပတ်လမ်းလို့ ပြောပါတယ်။ မြို့တွင်းပတ်လမ်းဆိုတာက အခုလက်ရှိ အရေးကြီးတဲ့ လမ်းကြီးတွေပေါ့။ ဥပမာ အင်းစိန်ဘက်က ဘုရင့်နောင်လမ်းပေါ့။ မြောက်ဘက်မှာ ခရေပင်လမ်း ရှိတယ်ပေါ့။ နောက်တခါ တောင်ဘက်မှာ တောင်ဥက္ကလာလမ်းပေါ့။ အဲလို ပတ်ပတ်လည်ပေါ့နော်၊ အဲဒီပတ်ပတ်လည်ကို ဆရာတို့က နှစ်ထပ်လမ်း လုပ်စေချင်တာ။ ဘာလို့လဲဆိုတော့ အဲဒီမှာ နှစ်ထပ်လမ်းလုပ်လိုက်ပြီးတော့ ဘတ်စ်ကားတွေက အဲဒီအပေါ်မှာပဲ ရွှေ့နေ။ နောက်ပြီးတော့ ပုဂ္ဂလိက ကားတွေကလည်း သူတို့ ခရီးတိုလောက်ဆိုရင် အဲဒီအပေါ်ကို တက်လို့မရဘူး။ ခရီးရှည်လောက်ပဲ တက်မယ်။ အဲဒီအခါကျတော့ ဘတ်စ်ကားကိုသုံးနေတဲ့ လူထုက နည်းနည်း အချိန်သက်သာသွားမယ်။
မေး - နောက်ပြဿနာတခုပေါ့၊ မိုးရွာရင် မြောင်းဖော်တဲ့ကိစ္စ။ မိုးရွာပြီဆိုတော့မှ ကျနော်တို့ မြောင်းဖော်ကြတာပေါ့။ နွေမှာကတည်းက လုပ်လို့ရတဲ့ ပြဿနာပေါ့နော်။ အဲဒီမှာ မနှစ်ကတော့ မိုးရာသီ ရေကြီးလို့ ၁၄ ဘီလီယံသုံးတယ်လို့ သတင်းမှတ်တမ်းတွေအရ သိရတယ်။ အခု အန်အယ်လ်ဒီအစိုးရကတော့ ဒီနှစ်အတွက် ၁ ဘီလီယံပဲ ထုတ်ပေးမယ်လို့ သိရတယ်ပေါ့နော်။ ရေမြောင်းပြဿနာပေါ့ ဆရာရယ်၊ တနှစ်တခါ ဘီလီယံနဲ့ ကုန်နေမယ့်အစား ကျနော်တို့ ရေရှည်အတွက် ဘယ်လိုလုပ်ရင်ကောင်းမလဲပေါ့။
ဖြေ - ပိုက်ဆံတွေ ဘယ်လောက်သုံးပြီးတော့ ဘယ်လိုဖြစ်တယ်ဆိုတာတော့ ဆရာ မသိပါဘူး။ အစတုန်းကလည်း မလေ့လာမိတော့ မသိဘူးပေါ့နော်။ ရေမြောင်းကိစ္စကတော့ ရန်ကုန်မြို့သူမြို့သား အားလုံးကိုရော၊ ပတ်သက်နေတဲ့ သူတွေကိုရော ဆရာ ဒီကနေ ရှင်းရှင်းပဲပြောလိုက်မယ်။ စိတ်တော့လည်း မပျက်ကြနဲ့။ ချက်ချင်းလက်ငင်း ဖြေရှင်းလို့မရဘူး။ ချက်ချင်းလက်ငင်း ဒီမှာ ရေကြီးလို့ ဟိုကပိတ် ဒီကပိတ် ဒီနေရာလွတ်သွားတယ် ဆိုပေမယ့် တခြားနေရာမှာ လာပြီး ရေကကြီးနေမှာပဲ။ ဟိုအရင် မြို့တော်ဝန် ဦးလှမြင့် လက်ထက်တုန်းက မြို့ထဲကို ရေလွတ်အောင်ဆိုပြီးတော့ ကြိုးစားဖူးပါတယ်။ အဲဒီတုန်းကလည်း ဆရာပြောပါတယ်။ ဒီမှာ မြို့ထဲမှာလွတ်ရင် တခြားနေရာမှာ သွားဖြစ်မှာပဲလို့။ အဲတော့ ဘာလုပ်ရမလဲ။ ဆရာတို့က Drainage and Sewage Master Plan ဆိုတာရှိတယ်။ ရန်ကုန်မြို့ရဲ့ ရေမြောင်းနဲ့ မိလ္လာတွေရဲ့ စီမံကိန်းပေါ့။ အဲဒါကို စပြီးကိုင်ရမယ်။ အဲဒါကို စကိုင်ဖို့က ပညာရှင်ဆယ်ယောက်လောက်က အကြမ်းအားဖြင့် ၂ နှစ်လောက် လိုလိမ့်မယ်။ ရန်ကုန်မြို့ကို မြေအနိမ့်အမြင့်တွေ တိုင်းရမယ်။ ရန်ကုန်မြို့ရဲ့ မြေအခြေအနေတွေ တိုင်းရမယ်။ ဆရာတို့ လက်ရှိအခြေအနေအားဖြင့် ရန်ကုန်မြို့ရဲ့ ရေမြောင်း မြေပုံတောင်မှ အတိအကျမရှိဘူး။ ရေမြောင်းအကြီးကြီးတွေရဲ့ မြေပုံပဲရှိတယ်။ ရေမြောင်းအသေးလေးတွေရဲ့ မြေပုံမရှိဘူး။ အဲဒါတွေ အကုန်လုံးကို ပညာရှင် ဆယ်ယောက်လောက်က ၂ နှစ်လောက် တိုင်းမယ်၊ တွက်မယ်၊ ပြီးတော့မှ ဘာလုပ်မလဲဆိုတာကို အဆိုပြုမယ်။ ဆရာတို့လည်းပဲ အခု ဒီမှာ ဆရာ့ရဲ့ နေနေတဲ့နေရာဆိုရင် အင်မတန်ကို တန်ဖိုးရှိတဲ့နေရာ၊ လူကုန်ထံရပ်ကွက်၊ ဆရာတို့လည်း ရေကြီးနေတာပဲ။ ရွှေတောင်ကြားတို့ ဘာတို့လည်း ကြီးနေကြတာပဲ။ ဆင်းရဲသားတွေနေကြတဲ့ လှိုင်သာယာတို့ဘာတို့ ပိုဆိုးတာပေါ့။ ဒါ ကိုယ်ချင်းလည်းစာပါတယ်။ သို့သော် အဲဒါကို လုပ်ဖို့အတွက်ကတော့ ဆရာ့ယူဆချက်ကတော့ ဗမာပြည်မှာ ပညာရှင်ကလည်း သုံးလေးယောက်ပဲရှိတာ။ ခုန ဆရာပြောသလို ဆယ်ယောက်လောက်လိုနေတာ။ ဖြစ်နိုင်ရင်တော့ နိုင်ငံခြားအကူအညီနဲ့ လုပ်ဖို့သင့်တယ်။ ပြီးခဲ့တဲ့ ဦးသိန်းစိန်အစိုးရ လက်ထက်အတွင်းမှာ ရန်ကုန်မြို့အတွက် အကြမ်းအားဖြင့် ဒေါ်လာ ၁၅ သန်းလောက် သုံးသွားတယ်၊ နိုင်ငံခြားကနေ။ သို့သော် ဗမာပြည် ရန်ကုန်မြို့အတွက် ဘာမှ အကျိုးမရှိလိုက်ဘူး။ ဘာလို့လဲဆိုတော့ သူတို့က တိတိကျကျ ဒီပရောဂျက်ကို ဒါလုပ်ဖို့ဆိုပြီး သုံးသွားတာမဟုတ်ဘဲနဲ့ သူတို့ဟာနဲ့ သူတို့လာပြီး ဟိုဟာလုပ် ဒီဟာလုပ်နဲ့ သုံးပြီး ပြန်သွားကြတာဆိုတော့ သူတို့ပိုက်ဆံ သူတို့ ပြန်ယူသွားတာပဲရှိတယ်။ နောက်ပြီးတော့ သူတို့ရေးသွားတဲ့ Report တွေကလည်း အင်္ဂလိပ်လို ရေးသွားကြတယ်ဆိုတော့ ဒီကလူတွေက ဘယ်သူမှလည်း မဖတ်ကြဘူး။ ပြီးသွားတာပဲ။ အဲဒီတော့ စာအုပ်တွေကတော့ ထွက်လာတာပေါ့။ စာအုပ်တွေကထွက်လာပြီး ဘာမှလည်း အကျိုးမရှိဘူး။ အဲတော့ တကယ်လို့ နောက်ထပ် နိုင်ငံခြားအကူအညီယူမယ်ဆိုရင် တိတိကျကျလေးပေါ့၊ စောစောက ဆရာပြောသလို ရန်ကုန်မြို့ရဲ့ Drainage and Sewage Master Plan၊ ဥပမာ အခု ရန်ကုန်မြို့ရဲ့ ရေပေးရေးစနစ်ပေါ့။ အဲဒါမျိုးတွေကို တိတိကျကျလေး ရမယ်ဆိုရင်တော့ ဆရာတို့ နိုင်ငံခြားပေးတဲ့ ပိုက်ဆံက ဗမာပြည်သူလူထုအတွက် ပိုပြီးအကျိုးရှိမယ်လို့ ထင်တယ်။
မေး - ဆေးမြီးတိုတွေနဲ့ကုလိုက်၊ ရာသီကုန်သွားရင် ပြီးသွားလိုက်၊ နောက်တနှစ်ကို ကူးသွားလိုက်၊ ဆေးမြီးတိုနဲ့ကုလိုက်၊ အဲလို ပြဿနာရဲ့ ဇာစ်မြစ်ကိုရှာပြီးတော့ မဖြေရှင်းတဲ့ဟာက ဘယ်သူတွေမှာ တာဝန်ရှိတယ်လို့ ဆရာကြီးမြင်ပါသလဲ။
ဖြေ - ဒါကတော့ အုပ်ချုပ်တဲ့သူတွေပဲ ပြောရမှာပေါ့။ ဘယ်သူပဲဖြစ်ဖြစ် ပြဿနာရဲ့ ဇာစ်မြစ်ကို ဖြေရှင်းမှသာလျှင် ဘာပဲဖြစ်ဖြစ် ပြေလည်တာပေါ့နော်။ ပြဿနာရဲ့ ဇာစ်မြစ်ကို မဖြေရှင်းဘဲနဲ့ ဆိုရင်တော့ စောစောပြောသလိုပဲ ဆေးမြီးတိုပဲ ဖြစ်နေမှာပေါ့။
မေး - မိုးကျတော့ရေကြီးတယ်၊ နွေကျတော့ ရေရှားတယ်။ ကျနော်တို့ မြို့သစ်တော်တော်များများက ရေကောင်းရေသန့် မသုံးရဘူး။ အ၀ီစိတွင်းရေပေါ့နော်။ သံချေးစော်နံနေတဲ့ရေကို သောက်ကြရတယ်။ ဒါပေမယ့် ဆရာကြီးရဲ့ ဟောပြောပွဲမှာ ကျနော်သိလိုက်ရတာက ဂါလံသန်း ၂၀၀ ပေါ့၊ နေ့စဉ် ဖြန့်ဝေပေးနေပါတယ်ပေါ့။ ဒါပေမယ့် လူတွေဆီကို မရောက်ဘူးဆရာ။ အဲဒါ ဘာဖြစ်လို့ လူတွေဆီကို မရောက်တာလဲဆိုတာ၊ ပြီးတော့ လူတွေဆီရောက်အောင် ဘယ်လိုလုပ်ရင် ကောင်းမလဲဆိုတာလေး ဆရာကြီး နည်းနည်းလေး ပြောပြပေးပါဦး။
ဖြေ - အခုဟာက ဂါလံသန်း ၂၀၀ တောင် ကျော်ဦးမယ်။ ဆရာသိသလောက်တော့ ၂၃၀ လားမသိဘူး။ တနေ့ကိုနော်၊ နေ့တိုင်းပေးနေတာ။ အဲဒါမှန်ပါတယ်။ နောက်တခုကလည်း လူတွေဆီကို မရောက်ဘူးဆိုတာလည်း မှန်ပါတယ်။ ဥပမာ လှိုင်သာယာမြို့နယ် တမြို့နယ်လုံး နီးပါးက စည်ပင်ကပေးတဲ့ရေကို မရပါဘူး။ ဒလ၊ ဆိပ်ကြီးခနောင်တိုတို့လည်း ဒီလိုပါပဲ။ နောက်တခါ ရွှေပြည်သာ ဒီလိုပါပဲ။ တောင်ဒဂုံ၊ မြောက်ဒဂုံလည်းပဲ တော်တော်များများ မရကြပါဘူး။ တအိမ်မှာ တပိုက်ပေါ့၊ တအိမ်မှာ Connection တခုပေါ့၊ ရတယ်ဆိုတာ မြို့ထဲပိုင်းလောက်သာ ရှိတာပါ။ ဗဟန်းမှာတောင် မရပါဘူး။ ဗဟန်းတောင် ၆၀ ရာခိုင်နှုန်းလောက်ပဲ ရကြတယ်။ ဆိုတော့ ရေကရှိတယ်၊ ရေကပို့ပေးတယ်။ ဘာလို့လဲဆိုတော့ ရန်ကုန်မြို့က လူဦးရေငါးသန်း၊ အဲဒီငါးသန်းက လူတယောက်က တော်တော်ကို ရက်ရက်ရောရာ များများစားစား တွက်ထားတာ၊ လူတယောက်ကို တနေ့ကို ဂါလံသုံးဆယ်ပဲလိုတယ်။ ရက်ရက်ရောရောဆိုတာက တကယ့်ကို ရေစွဲစနစ်နဲ့နေတဲ့သူ။ တနေ့ကို ရေလေးငါးခါလောက်ချိုးတဲ့လူ။ ပန်းခြံတွေဘာတွေ ရေလောင်းလိုက်ဦးတော့ တနေ့ကို လူတယောက်ကို ဂါလံသုံးဆယ်လောက်ပဲ လိုတယ်။ လူဦးရေက ငါးသန်းဆိုတော့ ဆရာတို့လိုတာက တနေ့ကို ဂါလံ သန်း ၁၅၀ လောက်ပဲလိုတယ်။ သို့သော် ပို့နေတာက သန်း ၂၀၀ ကျော်လောက် ပို့နေပြီးတော့ ပျောက်သွားတယ်။ တကယ်ကျတော့လည်း မရောက်လာဘူး။ အဓိကအားဖြင့်က များစွာသောမြို့နယ်တွေမှာ ရေပိုက်ကို မရှိတာ။ အဲဒါက ရေပိုက်တွေတော့ ချပေးရမယ်။ အဲဒီနေရာမှာ ဖိပြီးသုံးရလိမ့်မယ်လို့ ဆရာထင်တယ်။ စောစောက ပြောတဲ့ ပိုက်ဆံက ဘီလီယံနဲ့၊ ဘီလီယံနဲ့ဆိုတာ ပြောနေတော့ ဒါကတော့ သုံးရင်တန်လို့ထင်တယ်။ ဘာလို့လဲဆိုတော့ ဗမာတွေရဲ့ ထုံးစံအရ ရေဆိုတာက အရေးကြီးတာကိုး။ အဲဒါတော့ သုံးဖို့သင့်တယ်။ နောက်တခုကလည်း ရေပိုက်တွေထဲမှာ ပေါက်ပြီးတော့ အလေအလွင့်တွေကလည်းများတယ်။ အဲဒီဟာကလည်း အသေးစိတ်ကလေးတွေ လေ့လာပြီးတော့ ဆရာကတော့ ခြုံပဲပြောနိုင်တာပေါ့နော်။
မေး - ဒီ ရေစာရင်းပျောက်တဲ့ကိစ္စကလည်း ဆရာကြီး အိုးအိမ်ရုံးမှာကတည်းက ရှင်းပြခဲ့ဖူးပါတယ်။ အချိန်ကာလအားဖြင့်လည်း ၂ နှစ်နီးပါးလောက် ရှိပြီပေါ့။ ပြဿနာရှိတယ်၊ ပြဿနာကိုလည်း သိတယ်။ ဒါပေမယ့် ခုချိန်ထိ ဖြေရှင်းဖို့ Step ကို ကျနော်တို့ မကြားရဘူး၊ မသိရဘူး၊ အဲဒီအခြေအနေပေါ်မှာကော ဆရာကြီး ဘာပြောချင်လဲ။
ဖြေ - အင်းလေ ဒါက အရင်အစိုးရပေါ့နော်။ အခုကတော့ အစိုးရသစ်ပေါ့နော်။ ဆရာတို့က မျှော်မှန်းရမှာပေါ့။ သူတို့ဘာလုပ်မလဲပေါ့။ ခုထက်ထိတော့ ခုနပြောသလိုပဲ ဆရာနဲ့တွေ့မယ်လို့တော့ ပြောပြီးတော့ တခါမှတော့ မတွေ့ရသေးဘူး။ တခါပဲတွေ့ဖူးတယ်။ တွေ့လည်း ကြာကြာမပြောလိုက်ရပါဘူး။ လက်ဆွဲနှုတ်ဆက်သွားတာလောက်ပဲရှိတော့ သိပ်ပြီးတော့ မရှင်းပြရသေးဘူး၊ မပြောရသေးဘူးပေါ့နော်။ လက်ရှိ အချို့သော ဟိုးအထက်က ပုဂ္ဂိုလ်တွေက တော်တော်လေး အဆင့်မြင့်တဲ့ ပုဂ္ဂိုလ်တွေကပြောတာက ရန်ကုန်မြို့ကို တည်နေတာ၊ ရန်ကုန်မြို့ကို လုပ်နေတာ ပညာရှင်တွေအတွက် လုပ်နေတာမဟုတ်ဘူး။ ပြည်သူလူထုအတွက် လုပ်နေတာလို့ ပြောတယ်ပေါ့နော်။ အဲဒီဟာက တော်တော်လေးဆန်းတယ်၊ ပြောတဲ့စကားက။ ဘာလို့လဲဆိုတော့ ပညာရှင်ဆိုတာက ဆရာတို့က ငယ်ငယ်ကတည်းက ထရိန်းလုပ်ထားတာက မင်း ပညာရှင်ဆိုတာက မင်းပညာက ပြည်သူလူထုကို ကိုယ်စားပြုဖို့ဆိုတာကို ထရိန်းလုပ်ထားတာကိုး။ ဆရာတို့က မြို့ကြီးတည်လို့၊ ဒီမြို့ကြီးမှာ ရေတွေရကြလို့ ဆရာတို့ကိုယ်ကျိုးမှ မရှိတာလေ။ ဆရာတို့ ဘာမှအကျိုးမရှိဘူး၊ အလုပ်ပိုများတာပဲ ရှိတာပေါ့။ အိပ်နေ ပိုတောင်ကောင်းသေးတယ်နော့။ ဟိုတုန်းက အုပ်ချုပ်တဲ့သူတွေက ပြည်သူလူထုအတွက် အဓိကမဟုတ်ဘူး သူတို့က အုပ်ချုပ်တာကိုး။ အခုကျတော့ ပြည်သူလူထုအတွက် အုပ်ချုပ်တဲ့သူတွေ ဖြစ်တာကိုး။ နောက်တခါ ဟိုတုန်းက အုပ်ချုပ်တဲ့သူတွေက ပညာရှင်တွေရဲ့ စကားကို နားမထောင်ခဲ့လို့ အခုလက်ရှိ ပြဿနာတွေ ကြုံနေရတာပေါ့။ အခု ရန်ကုန်မြို့မှာဆိုရင် ဒါတင်မကပါဘူး။ ကားကြပ်တဲ့ကိစ္စတွေရော ဘာတွေရောပေါ့။ ဥပမာ ပြည်လမ်းပေါ်မှာ ကပ်ပြီးတော့ တိုက်ကြီးတွေဆောက်ထားတာ၊ ရှော့ပင်းစင်တာကြီးတွေ ဆောက်ထားတာက ပြည်လမ်းက ကားသွားလို့မရတော့ဘူး ဖြစ်ကုန်တာပေါ့။ ဒါတွေလည်းပဲ ဆရာတို့ ဟိုတုန်းက ထောက်ပြခဲ့တာပဲ။ သူတို့က အဲဒါတွေကို လက်မှမခံတာကိုး။ အဲတော့ အခုတက်လာတဲ့ အုပ်ချုပ်တဲ့သူတွေကျတော့ ဒါတွေကို ပညာရှင်တွေနဲ့ ပေါင်းပြီးတော့၊ ပညာရှင်တွေပြောတိုင်း လုပ်ရမယ်တော့ မဟုတ်ဘူးပေါ့။ အတူတူပေါင်းပြီးတော့၊ ပညာရှင်ဆိုတာကလည်း တယောက်နဲ့တယောက် တူချင်မှ တူမှာပေါ့နော်၊ အဲဒီထဲကမှ အကြံဉာဏ်တွေကို အကောင်းဆုံးတွေကို ယူပြီးတော့ လုပ်ကြရင်တော့ တဆစ်ချိုးအနေနဲ့ ဗမာပြည်ရဲ့အခြေအနေကတော့ ပိုပြီးကောင်းလာမယ်လို့ ဆရာထင်ပါတယ်။
မေး - နောက်ဆုံးမေးခွန်းအနေနဲ့ ကျူးကျော်ပြဿနာပေါ့။ အိုးအိမ်ရုံးက ဒေါ်မီမီတင် ပြောစကားအရဆိုရင် ရန်ကုန်မှာ တနှစ်ကို တသိန်းလောက် တိုးလာနေတယ်လို့ သိရတယ်။ နောက်ပြီးတော့ ကျူးကျော်ကို ဘူဒိုဇာနဲ့ထိုးတယ်။ ဘူဒိုဇာနဲ့ထိုးတဲ့ ဖြေရှင်းနည်းထက် ကောင်းတဲ့နည်းလမ်းမျိုး ဆရာကြီး စဉ်းစားမိရင် ပြောပြပေးပါလား။
ဖြေ - ကျူးကျော်က တနှစ်ကို တသိန်းလောက်တိုးတယ်ဆိုတာ ဒေါ်မီမီတင်က သူပြောတယ်ဆိုရင်တော့ သူ့ဟာနဲ့သူ တိတိကျကျ စာရင်းရှိလို့ ဖြစ်မှာပေါ့။ ဆရာ့အနေနဲ့ကတော့ မတွက်ကြည့်သေးတော့ မသိဘူး။ ကျူးကျော်တွေကတော့ တော်တော်လေး တိုးနေတယ်ဆိုတာတော့ သူပြောတာလည်း မှန်ပါတယ်။ အဲတော့ ဘူဒိုဇာနဲ့ထိုးတယ် မထိုးဘူးဆိုတဲ့ ကိစ္စကတော့ ဆရာမပြောချင်ပါဘူး။ သို့သော် ဆရာက ဘာပြောချင်လဲဆိုတော့ ဒါကျတော့ ဆရာတို့ ရန်ကုန်တိုင်းမှာ အုပ်ချုပ်နေတဲ့ ၀န်ကြီးချုပ်တို့၊ ရန်ကုန်တိုင်းက လွှတ်တော်ကိုယ်စားလှယ်တို့၊ ရန်ကုန်တိုင်းအစိုးရတို့ထက် တတိုင်းပြည်လုံး အတိုင်းအတာနဲ့ ပြောရမယ်ဆိုရင် ကျူးကျော်ပြဿနာက ဘယ်ကဘယ်လိုပေါ်ကြသလဲ။ တပြည်လုံး ဖြေရှင်းမှရမှာ။ ဒါ စောစောကပြောတဲ့ ရေမြောင်းလိုပဲ။ ကျူးကျော်က ရန်ကုန်မှာကွက်ပြီး ဖြေရှင်းလို့မရဘူး။ ဘာကြောင့်လဲဆိုတော့ ကျူးကျော်က အနယ်နယ်အရပ်ရပ်က လာကြတာ။ ရန်ကုန်မှာလာလို့ မဖြစ်ရင် တခြားနေရာ ရောက်သွားမှာပဲ။ ဆရာတို့က ဘယ်လိုဆိုလိုလဲဆိုတော့ ဗမာပြည်မှာ ၇၀ ရာခိုင်နှုန်းလောက်က ကျေးလက်ဒေသတွေမှာ နေကြတယ်။ အဲဒီ ကျေးလက်ဒေသတွေမှာ နေတဲ့သူတွေက လူဦးရေတိုးလာတဲ့ အခါကျတော့ သူတို့လုပ်ကိုင်စားသောက်ဖို့ မြေတွေ၊ စိုက်ပျိုးမြေက လျော့လျော့လာတယ်။ စိုက်ပျိုးမြေကတော့ မလျော့ပေမယ့်လို့ စိုက်ပျိုးမြေနဲ့ လူဦးရေနဲ့ အချိုးအားဖြင့် လျော့တယ်။ အဲတော့ အခုလက်ရှိအားဖြင့် ဆရာသိသလောက်တော့ အကြမ်းအားဖြင့် မှန်းရမယ်ဆိုရင် ရွာတွေမှာ ၄၀ ရာခိုင်နှုန်းလောက်ပဲ မြေပိုင်တယ်။ ၆၀ ရာခိုင်နှုန်းလောက်က မြေမပိုင်ဘူး။ တချို့ရွာတွေဆိုရင် ၇၀ ရာခိုင်နှုန်းလောက် မြေမပိုင်ဘူး။ မြေမပိုင်တဲ့သူတွေက ဘာလုပ်လဲ။ ကျေးလက်ဒေသတွေမှာ နေတဲ့သူတွေက လူဦးရေက တိုးနေပေမယ့် လုပ်ကိုင်စားသောက်စရာ အခွင့်အလမ်းက မရှိဘူးဖြစ်နေတယ်။ အဲတော့ သူတို့က ဘာလုပ်ရလဲဆိုတော့ မြို့တွေကို တက်လာတယ်။ ရန်ကုန်မြို့က ဗမာပြည်မှာ အကြီးဆုံးမြို့လည်းဖြစ်တယ်။ အလုပ်အကိုင်ကလည်းပဲ သိပ်ပြီး ချေးမများဘူးဆိုရင် နည်းနည်းပါးပါး ရနိုင်တယ်ပေါ့။ တပြည်လုံးအတိုင်းအတာနဲ့ ၇၀ ရာခိုင်နှုန်းလောက်သော လူဦးရေ၊ အကြမ်းအားဖြင့် ၃၅ သန်း တနှစ်တနှစ်ကို တိုးနေတာက ၁ ဒသမ ၅ နဲ့ ၂ ရာခိုင်နှုန်း ပတ်ဝန်းကျင်လောက် တိုးနေတော့ ဒီလူတွေအတွက် ဘယ်တွေမှာ အလုပ်ရကြမလဲဆိုတဲ့ ပြဿနာ တနိုင်ငံလုံး အတိုင်းအတာနဲ့ ဖြေရှင်းမှရမယ်။