အရှုံးကြွေးကျေအောင်ပေးဆပ်မည်ဟု ကြံ့ခိုင်ရေးဗဟိုအလုပ်အမှုဆောင် ဦးဘုန်းမော်ရွှေပြော

3.5K
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီတွင်း မျိုးဆက်သစ်လူငယ်တွေအပေါ် လူကြီးတွေရဲ့ အရှုံးကြွေး တင်ခဲ့ပြီး ဒီအကြွေးကို ကျေအောင် ပေးဆပ်ရမယ်လို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် မကွေးတိုင်းပါတီ ဥက္ကဋ္ဌ ဦးဘုန်းမော်ရွှေက ပြောပါတယ်။
ခုရက်ပိုင်း ကြံ့ခိုင်ရေးပါတီတွင်း အောက်ခြေနဲ့ တိုင်းအဆင့်ပါတီဝင်တွေ ပြင်ဆင်ရွေးချယ်ဖွဲ့စည်းတာတွေ နိုင်ငံအနှံ့ ဆောင်ရွက်နေရာမှာ ဇွန်လ ၉ ရက်က မကွေးတိုင်း ပါတီရုံးမှာ ကျင်းပတဲ့ အစည်းအဝေးမှာ ပြောကြားခဲ့တာလို့ ပါတီရဲ့ လူမှုကွန်ရက်မှာ သတင်းထုတ်ပြန်ပါတယ်။
“ပါတီကို ပြန်လည်ပြင်ဆင်ဖွဲ့စည်းရာမှာ ဗဟိုပါတီ ဥက္ကဋ္ဌကြီး၏ မှာကြားချက်ဖြစ်သော ပါတီပုံရိပ် ပေါ်လွင်ထင်ရှားအောင် ပြုလုပ်နိုင်သူ၊ ပါတီအတွက် နေ့ညမရွေး အလုပ်လုပ်ကိုင်နိုင်သူ၊ လူကောင်းလူတော်များကို လူမှန်နေရာမှန် ရွေးချယ်ပေးကြရန်နှင့် ပါတီလုပ်ငန်းများကို စိတ်ဝင်စားသူ၊ အမှန်တကယ် ပါတီအကျိုး၊ နိုင်ငံအကျိုး ထမ်းဆောင်နိုင်မည့်သူများကို ရွေးချယ်ပေးရန် လိုအပ်ကြောင်း၊ မျိုးဆက်သစ်လူငယ်များအပေါ် လူကြီးများ၏ အရှုံးကြွေး တင်ခဲ့ကြောင်း၊ ၎င်းအကြွေးကို ပြေကျေအောင် ပေးဆပ်ရမည်” လို့ ဦးဘုန်းမော်ရွှေက ပါတီခေါင်းဆောင် ဦးသိန်းစိန်ရဲ့ မှာကြားချက်ကို ကိုးကားပြီး ပြောပါတယ်။
ဒါ့အပြင် အတိုက်အခံပါတီအနေနဲ့ တိုင်းပြည်၊ လူမျိုး၊ ဘာသာ၊ သာသနာ မကွယ်ပျောက်စေရေးအတွက် ရှေ့တန်းက ရပ်တည်ကြဖို့လည်း ပြောသွားပါတယ်။
အလားတူ ကြံ့ခိုင်ရေးပါတီဗဟို ဒု-ဥက္ကဋ္ဌ ဦးဌေးဦးကလည်း ပါတီအပေါ် သစ္စာရှိပြီး သံယောဇဉ်ရှိသူ၊ ပါတီဝင်တွေနဲ့ ပြည်သူတွေက လက်ခံသူတွေကို ရွေးချယ်ဖို့ ဇွန်လ ၇ ရက်က ဧရာဝတီတိုင်း ကြံ့ခိုင်ရေးပါတီ ပြန်လည်ပြင်ဆင်ဖွဲ့စည်းရေးအတွက် ညောင်တုံးမြို့နယ်မှာ ကျင်းပတဲ့ အစည်းအဝေးမှာ ပြောကြားခဲ့တယ်လို့ဆိုပါတယ်။
ကြံ့ခိုင်ရေးပါတီရဲ့ အောက်ခြေအဆင့် ရပ်/ကျေးမျက်နှာစုံညီ အစည်းအဝေးတွေနဲ့ ပြန်လည်ပြင်ဆင် ရွေးချယ်ပွဲတွေကို ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်တွေမှာလည်း ဆက်တိုက်ဆိုသလို ကျင်းပနေပါတယ်။
ပါတီခေါင်းဆောင် သမ္မတဟောင်း ဦးသိန်းစိန်ကတော့ ဇွန်လ ၈ ရက်နေ့က မြန်မာနိုင်ငံကို ချစ်ကြည်ရေး ခရီးလာရောက်တဲ့ စင်ကာပူ ၀န်ကြီးချုပ် မစ္စတာလီရှန်လွန်းနဲ့ နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
ကြံ့ခိုင်ရေးပါတီဟာ ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာ လွှတ်တော်နေရာ ၁ ထောင် ကျော် ၀င်ရောက်ယှဉ်ပြိုင်ရာမှာ ၁၀၀ ကျော်အနိုင်ရခဲ့ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို အပြတ်အသတ် ရှူံးနိမ့်ခဲ့တာပါ။