တရုတ်နဂါးလှေပြိုင်အတွင်း လှေတစီး တိမ်းမှောက်၊ လူ ၃ ဦး ပျောက်ဆုံး (ရုပ်သံ)
တရုတ်နိုင်ငံ အရှေ့တောင်ဘက် ဖုကျန်းပြည်နယ်က ရွာတရွာမှာ ဇွန်လ ၉ ရက်နေ့ မွန်းလွဲပိုင်းက နဂါးလှေပြိုင်ပွဲအတွင်း လှေတစီး မှောက်ခဲ့လို့ ပြိုင်ပွဲဝင် အယောက် ၃၀ ကျော် ရေထဲကျခဲ့ပြီး လူ ၃ ဦး ပျောက်ဆုံးနေပါတယ်။
ပြိုင်ပွဲဝင်အများစုကို ရေထဲက ဆွဲတင်နိုင်ခဲ့ပြီး လူအတော်များများ ဒဏ်ရာနည်းနည်းစီ ရခဲ့ပါတယ်။
ကယ်ဆယ်ရေးသမားတွေက ဇွန် ၉ ရက် ညဆယ်နာရီထိ ပျောက်ဆုံးနေသူတွေကို ရှာနေဆဲပါ။
တွမ်းဝူလို့သိကြတဲ့ နဂါးလှေပွဲတော်ဟာ တရုတ်ပြက္ခဒိန်မှာ ၅ လပိုင်း ၅ ရက်နေ့ ကျရောက်ပါတယ်။
တရုတ်နိုင်ငံအတွင်း ဘီစီ ၄၇၅ ခုနဲ့ ၂၂၁ ခုကြား စစ်ဖြစ်နေချိန်မှာ တရုတ်အလယ်ပိုင်း ချူပြည်နယ်ရဲ့ ကဗျာစာဆိုနဲ့ ဗျူရိုကရက် ချွိယွမ် သေဆုံးမှုအတွက် အထိမ်းအမှတ်အနေနဲ့ နဂါးလှေပွဲတော်ကို စတင်ကျင်းပခဲ့တာ ဖြစ်ပါတယ်။